Thursday, November 8, 2012

ဒီမိုကရေစီ နှင့် မြန်မာကရေစီ ကွဲလွဲပုံ


သိပ်မကြာသေးခင်က အဆိုတခုကို ကျနော့ wall မှာ screenshot နဲ့ တင်လိုက်ပါတယ်။ ကြိုက်တဲ့လူတွေလဲ ရှယ်သွားသလို၊ အတွန့်တက်ပြီး comment ပေးလာတဲ့ ရောင်းရင်းတွေလဲ ရှိလာပါတယ်။ အဲဒီအဆိုကတော့၊ Democracy အနက်အဓိပ္ပါယ် အကြောင်းပါ။ "Demo-ပြည်သူ၊ Cracy- အုပ်ချုပ်မှုစနစ်၊ စစ်တပ်ဆိုတာ အဲဒီစနစ်ရဲ့ အစေခံ သာဖြစ်သည်၊ မိဘ မဟုတ်ပါ။" ဆိုပြီးတင်လိုက်တာပါ။


ကျနော် ဆိုလိုတာက ဒီမိုကရေစီ စစ်စစ် ရဲ့ အဓိပ္ပါယ်ပါ။ ဒါပေမယ့် comment ပေးတဲ့ တော်တော်များများက မြန်မာကရေစီ နဲ့ ရောသွားပုံရတယ်။ ပြည်သူ့အစိုးရ အောက်ရောက်သွားမှာလဲ တော်တော် ကြောက်နေပုံလဲ ရပါတယ်။ အဲဒီထဲမှာ သာမှန်အရပ်သားတွေလဲ ပါသလို ခါးခါးသီးသီး ငြင်းတဲ့အထဲမှာတော့ စစ်တပ်ထဲက ဖြစ်နိုင်ပါတယ်။ ဘောက်နူးဆိုတဲ့ ကချင်မလေးကတော့ ရိုးရိုးသားသားနဲ့၊ "အစေခံတော့ မဟုတ်ဘူးထင်တယ်" တဲ့။ စစ်အာဏာရှင် ခေတ်မှာ မွေးလာတဲ့ လူ ငယ် တော်တော် များများတောင် တပ်မတော် ဆိုတာ ပြည်သူ့ အပေါ်စီးက အာဏာပိုင် အဖွဲ့အစည်းလို့ ထင်လာပါတော့တယ်။ ကျန်တဲ့အဖွဲ့တွေကတော့ အစိုးရနဲ့ စစ်တပ် တခြားစီ၊ မရောနဲ့၊ တဲ့။ ပြီးတော့ နောက်တစ်ယောက်က နိုင်ငံရေးသမားတွေ စစ်တပ်ကို အမိန့်ပေးချင်ရင် ဒေါ်စုလိုပုံစံနဲ့တော့ လာမလုပ်နဲ့၊ တဲ့။ (comment အပြည့်အစုံကို sreenshot နဲ့ တင်ထားပါတယ်။)

ဒီတော့ ကျနော့ အရှုပ်ထုပ် ကို ကျနော်ကပဲ ရှင်းဖို့ ဖြစ်လာပါတယ်။

ကချင်လူမျိုးတွေလဲ တချိန်တုန်းက  အင်္ဂလိပ် ခေတ်ကနေ မြန်မာပြည် လွတ်လပ်ရေးရတော့ ကချင်တပ်ရင်း အင်အားအပြည့်၊ လက်နက် ကြီး ငယ် အပြည့်အစုံ၊ တင့်ကားတပ် အပါအ၀င် တပ်ရင်း ငါးရင်း တောင် ရှိခဲ့တာပါ။ ဒါဆို ဗိုလ်ချုပ်အောင်ဆန်း ကချင်ပြည်နယ် ကို ဘာလို့ အရင်တက်လာလဲ ဆိုတာလည်း နားလည်လောက်ပါပြီ။ ဗိုလ်ချုပ်တက်လာပြီး ကချင်ခေါင်းဆောင် တွေကို လွတ်လပ်ရေး အတူယူဖို့ ပြောတဲ့အခါ၊ ကချင်အရပ်သားခေါင်းဆောင် ဒူဝါကြီး တွေက အဲဒီ ကချင် တပ်မှူးတွေကို တိုင်ပင်တယ်။ သူတို့ပြောပုံက၊ "မင်းတို့ ဒူဝါကြီးတွေပဲ ကြည့်လုပ်ပါ၊ ကျနော်တို့ကတော့ မင်းတို့ခိုင်းတာ လုပ်မှာပဲ" ဆိုသတဲ့။

လွတ်လပ်ရေး ရပြီး ရောင်စုံသူပုန်အရင် စ ထ တာ အောက်မြန်မာပြည်မှာပါ။ KIO ဆိုတာ ၁၉၆၁ မှစတာပါ။ ကျနော့ အဖေက ကချင် (၁) တပ်ရင်း (ကသာ) က။ ရန်ကုန် အစိုးရလို့ပဲ နာမည်သွင်ခဲ့တဲ့ အချိန်၊ ဗမာ တပ်ရင်းတွေ အများပိုင်း သူပုန်ထသွားတော့ အစိုးရမှာ စစ်အင်အားမရှိသလောက်ဖြစ်နေတဲ့ အချိန်၊ ပြည်ထောင်စု အစိုးရက ကောက်ကာ ငင်ကာ ဆမားဒူဝါ ဆင်ဝါးနောင် (ကချင်ဝန်ကြီး) ကို ကာကွယ်ရေးဝန်ကြီး ခန့်တယ်၊ ဆမားဒူဝါခိုင်းတာနဲ့ ကချင်တပ်ရင်းများ သူပုန်လက်ထဲက သိမ်းခဲ့တာ တောင်ကြီး၊ မန္တလေး၊ ချောက်ရေနံမြေ၊ မေမြို့၊ မိတ်ထီလာ၊ နောက်ဆုံး အင်းစိန်နဲ့ မင်္ဂလာဒုံ ထိ ဆင်းသိမ်းခဲ့တာပါ။ (အဲတာ စစ်သမိုင်းပြတိုက်မှာ မပြထားဘူး)။ အဲဒီတုန်းက ဦးဆောင်ခဲ့တဲ့ တပ်မှူးတွေမှာ နာမည်ကြီးတာကတော့ ဗိုလ်မှူးကြီး လဖိုင်ခွန်နောင် ဆိုတာ နောက်ပိုင်း မေမြို့ ဗိုလ်လောင်းကျောင်းမှာ တောင် ကျောင်းအုပ် လုပ်သွားသေးတယ်။ သူ့အဖေ ကို ရည်စူးပြီးဆောက်ထားတဲ့ စိန်လုံ က ဘုရားကျောင်း ကိုတော့ အခုတလောပဲ ဖြစ်နေတဲ့ စစ်ပွဲကာလမှာ မြန်မာ စစ်သားတွေက လောလောလတ်လတ် သောင်းကျန်းပေးထားပါတယ်။ ၁၉၆၀ နောက်ပိုင်း အဲဒီ တပ်တွေလဲ အားလုံးရောလိုက်ပြီ။ အခုမရှိတော့ဘူး။

ကျနော့ အဖေ နဲ့ သူငယ်ချင်းတွေ တွေ့တိုင်း ပြောပြောတတ်တဲ့ စကားတခွန်းကျနော့နားထဲ ရှိနေစဲပါ။ သူတို့ လုပ်သက်ဘယ်လောက်ရှိကြောင်းကို အချင်းချင်းမေးကြတဲ့အခါ "Service" လို့သုံးကြပါတယ်။ 'Service" ဘယ်လောက်ရှိပြီလဲ၊ ဆိုရင် လုပ်သက် ဘယ်လောက်ရှိပြီလဲ၊ ဆိုတဲ့သဘောပါ။ ဒီတော့ အစေခံ ဆိုတာ အင်္ဂလိပ် လို Servant တဲ့။ Servant ဆိုတာ Service ကနေလာတာပါ။ ကျနော်တို့ ခရစ်ယာန်တွေမှာ က အစေခံခြင်း ဆိုတာ မွန်မြတ်တဲ့ အလုပ် အနေနဲ့ မြင်ကြပါတယ်။ ကျနော်တို့ လူငယ်တွေ ခရစ်ယာန် ပွဲလမ်းသဘင်ဆိုရင် အစေခံ အဖွဲ့ထဲကို ၀မ်းပန်းတသာ ၀င်ကြပါတယ်။ အဲဒီ အစေခံ လုပ်သားတွေရဲ့ တာဝန်တွေကတော့ အိမ်သာဆေး၊ လုံခြုံရေး၊ တံခါးစောင့်၊ ဧည့်ကြို၊ သန့်ရှင်းရေး၊ စသည့်တာဝန်များ ခွဲလုပ်ကြရပါတယ်။ ဒါပေမယ့် လူငယ်တွေ ကိုယ့်ကိုကိုယ် အောက်ကျတဲ့ အလုပ်လို့ ဘယ်သူမှ မခံယူ့ကြပါ။ အဲဒီ အစေခံ လူငယ်တွေကို ခိုင်းတဲ့ ပုဂ္ဂိုလ် တွေကတော့ ပွဲဖြစ်မြောက်ရေး ကော်မီတီ တာဝန်ရှိသူတွေပါပဲ။

၁၉၆၂ နောက်ပိုင်းတော့ မြန်မာပြည်လဲ တပ်မတော်သာလျှင်အမိ၊ တပ်မတော်သာလျှင် အဖ နေရာယူလိုက်ပြီး၊ အခုမြန်မာ့ကရေစီ ခေတ်သစ် စစ်ဗိုလ်တွေကတော့ အစေခံ ဆိုတာကြီးကို တော်တော် အောက်တန်းကျတယ် လို့ ထင်ထားပုံရပါတယ်။ ပြည်သူ့ အစိုးရ အောက်ရောက်သွားမှာတော်တော် ကြောက်နေပုံထောက်ရင်၊ ပြည်သူကို အလုပ်အကျွေးပြုတဲ့ အလုပ်ကို မတသီပုံ ရပါတယ်။

ဒီတော့ ဒီမိုကရေစီ အစိုးရ ဆိုတဲ့ နေရာမှာ၊ အစိုးရကို ပြည်သူက အမှန်အကန် ရွေးထားတဲ့ လူ ပုဂ္ဂိုလ် တွေနဲ့ ဖွဲ့ထားတာပါ။ အဲဒီပုဂ္ဂိုလ် များဟာ အမျိုးသမီး ဖြစ်ကောင်းဖြစ်မယ်၊ လူငယ် ဖြစ်ကောင်းဖြစ်မယ်၊ အဆိုတော် ဖြစ်ကောင်းဖြစ်မယ်၊ မင်းသား ဖြစ်ကောင်းဖြစ်မယ်၊ ဘယ်လိုလူမျိုးဖြစ်ဖြစ် ပြည်သူရွေးတဲ့ လူဟာ အာဏာပိုင် ဖြစ်လာပါတယ်။ အဲဒီ ပြည်သူ့ အစိုးရ ကို အာဏာရှိအောင်၊ အဲဒီ အစိုးရက ပြဋ္ဌာန်းတဲ့ ဥပဒေတွေ လိုက်နာဖို့ ပြည်ထဲရေး လုပ်ငန်းမှာ ရဲ (police) ဆိုတဲ့ လက်နက်ကိုင် တပ်ဖွဲ့ရေ။ လိုအပ်လာရင် နိုင်ငံတော်ရဲ့ ပြည်ပရန် ကာကွယ်ဖို့ ပိုအင်အားရှိတဲ့ စစ်တပ် (military) ကို ဖွဲ့ထားတာပါ။ ဆိုလိုချင်တာက စစ်တပ် ဆိုတာ အဲဒီ ပြည်သူ့ အစိုးရ အမိန့်ပေးတဲ့ လုပ်ငန်း တာဝန် လိုက်နာရတာပါ။ ပြည်သူ့ဝန်ထမ်း ဆိုရင်လဲ မမှားပါဘူး။ အမေရိကန် နိုင်ငံမှာ သမ္မတ ကို ပြည်သူတွေ ရွေးကောက်တင်မြောက်ပြီး၊ စစ်တပ်ရဲ့ အာဏာ အမြင့်ဆုံး စစ်သေနာပတိချုပ်ရာထူး ကိုလည်း ယူထားပါတယ်။ အဲဒီ သမ္မတ နဲ့ အစိုးရ အဖွဲ့ ပေးတဲ့အမိန့်ကို စစ်တပ် (ကြည်းတပ်၊ လေတပ်၊ ရေတပ်) အားလုံး လိုက်နာရပါတယ်။ အဲဒီ စစ်တပ်ထဲမှာလဲ ပြည်သူရှိသလို၊ မဲပေးပိုင်ခွင့်လဲ ရှိပါတယ်။

မြန်မာကရေစီ မှာကတော့၊ စစ်တပ်က သူ့ဟာသူ အာဏာပိုင် ပုံစံဖြစ်နေပါတယ်။ အခြေခံ ဥပဒေမှာ ဖေါ်ပြထား သလို တပ်မတော်သာလျှင် နိုင်ငံတော်လုံခြုံရေးနဲ့ အခြေခံ ဥပဒေ ကို ထိန်းသိမ်းကာကွယ်ဖို့ တာဝန်အရှိဆုံး လို့ ဆိုထားပါတယ်။ တကယ်တော့ ပြောင်းပြန်ဖြစ်နေပါတယ်။ အမှန်ဆို ပြည်သူနဲ့ နိုင်ငံတော် ကို ကာကွယ်ဖို့၊ ဥပဒေ ပြဋ္ဌာန်းဖို့၊ ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ ဥပဒေကို လိုက်နာအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ပြည်သူက ရွေးထားတဲ့ အစိုးရမှာ သာ တာဝန်အရှိဆုံး ဖြစ်ရမှာပါ။ အဲဒီ အစိုးရ ရဲ့ လုပ်ငန်းစဉ်တွေမှာ ကျရာတာဝန် ထမ်းဖို့က စစ်တပ်ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဆိုလိုတာက စစ်တပ် ဆိုတာ ပြည်သူရွေးထားတဲ့ အစိုးရ ရဲ့ အုပ်ချုပ်မှု ယန္တရား ကောင်းကောင်းမွန်မွန် လည်ပတ် နိုင်အောင် အစိုးရ ရဲ့ လက်ကိုင် တုတ် သာဖြစ်ပါတယ်။ တနည်းပြောရရင် အစေခံ ပေါ့ဗျာ။

ပြည်သူကို အခြေခံတဲ့ အစိုးရ တခုခု အောက်မှာ မရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ သောင်းကျန်းသူ သူပုန်၊ သူမြ ပဲ ဖြစ်ပါတယ်။ KIA ဆိုတဲ့ ကချင်လက်နက်ကိုင် စစ်တပ်ဟာ KIO ဆိုတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း နဲ့ KIC ဆိုတဲ့ ကချင်အစိုးရ ရဲ့ ဆုံးဖြတ်ချက် အမိန့်ကို နာခံ ရသလို၊ KNLA လို့ခေါ်တဲ့ ကရင်လက်နက်ကိုင် စစ်တပ်ဟာလဲ KNU ဆိုတဲ့ ကရင်အမျိုးသား အစည်းအရုံး ရဲ့ အစေခံ တပ်တွေ ဖြစ်ပါတယ်။

ဒါကြောင့်လဲ နိုင်ငံတကာက၊ မြန်မာ စစ်အာဏာရှင် အဖွဲ့ကို အစိုးရ တခုအနေနဲ့ အသိအမှတ် မပြုပဲ စီးပွါးရေး ပိတ်ဆို့ထား တာပါ။ အခုထိလဲ မြန်မာ့ကရေစီ ကို ဒီမိုကရေစီ အစိုးရလို့ အသိအမှတ် မပြုသေးပါဘူး။ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတဲ့ ကာလ (transition period) လို့ပဲ သုံးကြပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ပြီးမှ ဒီမိုကရေစီ နိုင်ငံ စစ်စစ် ဖြစ်လာမှာပါ။ အခုထိတော့ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာကရေစီ ပေါ့ဗျာ။

ဒီတော့ ပြည်သူ ကို အခြေခံတဲ့ အစိုးရမှာ အစေခံ တဲ့ စစ်တပ်မှာ စစ်ဗိုလ် မလုပ်ချင်ဘူး ဆိုရင်တော့ ကိုယ့်ကိုကိုယ် ဘယ်အဆင့် ဖြစ်သွားမယ် ဆိုတာ စဉ်းစားနိုင်မယ်လို့ ယုံကြည်ပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်