Sunday, November 25, 2012

နိုင်ငံသားတိုင်းရဲ့ မြေပိုင်ဆိုင်ခွင့်သည် နိုင်ငံတော်၏ ဓနအင်အား ဖြစ်သည်။


မြန်မာနိုင်ငံတွင် ၁၉၆၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ မူအရ နိုင်ငံတော်ရှိ မြေထု၊ လေထု၊ ရေထု အားလုံးရဲ့ အရှင်သခင်ဟာ နိုင်ငံတော် ဖြစ်တယ်။ ဆိုပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို ပြည်သူပိုင်သိမ်းလိုက်ကတည်းက ပြည်သူများ၏ ဓနပိုင်ဆိုင်မှု ကျဆုံးခြင်းနှင့်အတူ မြန်မာနိုင်ငံသည်လဲ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်သွားပါတော့တယ်။

၂၀၀၈ အခြေခံဥပဒေတွင်လဲ ၍ဥပဒေကို ပြန်ထည့်ထားသည်။ အခုနောက်ဆုံး ထွက်လာသော မတ်လ ၃၀၊ ၂၀၁၂ လွတ်တော်အတည်ပြုပြီး လယ်ယာမြေဥပဒေ တွင်လဲ ပြည်သူများကို “မြေပိုင်ဆိုင်ခွင့်” (Land Ownership) မပေးထားပါ။ “လယ်ယာမြေလုပ်ပိုင်ခွင့်ရထားသူ” (Land User) အဆင့်သာ ခွင့်ပြုထားသည်။ အစိုးရထံမှာ ငှားသုံးတဲ့ သဘော ဖြစ်သည်။ ဒါတောင် ဗဟို အဆင့်အထိ တက်ပြီး လုပ်ပိုင်ခွင့်ရထားသူများ ကိုဆိုလိုခြင်းဖြစ်သည်။ ကျေးလက်နေ ပြည်သူများ ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်နေသူများ (ဒေသအခေါ်- လက်ငုတ် လယ်ယာရှင်များ) အတွက် မဟုတ်ပါ။


ဒီတော့ မြန်မာ နိုင်ငံရဲ့ လယ်ယာမြေ အားလုံးဟာ ဒိုင်စားလို့ ရနေတဲ့ အနေအထား ဖြစ်ပါတယ်။ ဗဟို အဆင့်က စိတ်ကြိုက် စီမံခန့်ခွဲနိုင်တဲ့ အနေအထားမှာ ဗဟိုအဆင့် ပုဂ္ဂိုလ်တွေနဲ့ နီးစပ်တဲ့ လူ တစ်စု အတွက်ဟာ အခွင့်အရေးကောင်း တခုပါပဲ။ နိုင်ငံတော် စီမံကိန်း ဆိုတဲ့ အမည်နာမ နဲ့ ဥပဒေအရ တရားဝင် မြေသိမ်းလို့ရနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လယ်မြေအားလုံး နိုင်ငံတော်ပိုင် ဖြစ်လို့ပါပဲ။

တခြားနိုင်ငံတွေကို ပြန်ကြည့်ရအောင်ပါ….

ဥပမာ… ဂျပန် နိုင်ငံ..

ဒုတိယ ကမ္ဘာစစ်အပြီး ဖွတ်ဖွတ်ကျေအောင် မွဲသွားတဲ့ ဂျပန်အစိုးရဟာ ပထမ ဆုံး အနေနဲ့ ဒီမိုကရေစီ အခြေခံ ဥပဒေ သစ်ကို အမေရိကန် ဗိုလ်ချုပ်ကြီး မက်အာသာ ဦးဆောင်ပြီး ရေးဆွဲခဲ့ပါတယ်။ အဲဒီ ဥပဒေမှာ အရေးကြီးတဲ့ အချက်ကတော့ ဂျပန် ပြည်သူများရဲ့ ပုဂ္ဂလိက မြေပိုင်ဆိုင်ခွင့်ကို အာမခံထားတာပါ။ အခုတလော တရုတ်အစိုးရ နဲ့ လုနေတဲ့ Senkaku ကျွန်းတောင် ဂျပန် အရပ်သား တစ်ယောက်ပိုင်ဆိုင်ရာက ဂျပန်အစိုးရ အနေနဲ့ အမေရိကန် ဒေါ်လာ သန်း နဲ့ချီပြီး ပေးဝယ်ခဲ့ပါတယ်။ အခုလို မြေ၀ယ်တယ် ဆိုတာ နိုင်ငံရပ်ခြားနယ်မြေ တစ်ခုကို ဂျပန်အစိုးရ ၀ယ်တာ မဟုတ်၊ အရင်ကတည်းက သူတို့ ပိုင်နက်ထဲက မြေအဖြစ် သတ်မှတ်ပြီးသားပါ။ ဘယ်လောက် နယ်စွန်နယ်ဖျား ဖြစ်ပါစေ၊ ဂျပန်ပြည်သူများ ပိုင်ဆိုင်မှု အားလုံး ဈေးတက်နေတဲ့ သဘောပါ။ ဘာဖြစ်လို့ ဈေးတက်သလဲ ဆိုတော့ အစိုးရ အနေနဲ့ လုံခြုံရေး နဲ့ ပိုင်ဆိုင်မှု အာမခံချက် ပေးလို့ပါပဲ။

ဂျပန် ကျေးလက်ဒေသ တွေကအစ လူတိုင်းဟာ ဘိုးဘွားပိုင်မြေ (မြေလွတ်မြေရိုင်းကအစ) များကို ပိုင်ဆိုင်ခွင့် အာမခံ ချက်ရှိသောကြောင့် တနိုင်ငံလုံးရှိ မြေပိုင်ရှင်များဟာ ဓနပိုင်ဆိုင်မှု ရှိနေခဲ့တယ်။ နယ်စွန် နယ်ဖျား ကျေးလက်ဒေသ မြေ ဆိုရင်လဲ ဈေးကြီးတာပါပဲ။ ဒီတော့ ဒီလို ဈေးကြီးတဲ့ မြေ၊ အာမခံချက်ရှိတဲ့ မြေပိုင်ဆိုင်ခွင့် လက်မှတ်ကိုင်ထားသူဟာ လိုအပ်လာရင် ငွေ အရင်းအနှီး အနေနဲ့ ပုဂ္ဂလိက ဘဏ်တွေမှာ ငွေချေးလို့ ရနေတယ်။ ဘယ်လောက်ကြီးတဲ့ ကုမ္မဏီ ဖြစ်ဖြစ်၊ အစိုးရ စီမံကိန်း ဖြစ်ဖြစ် အဲဒီ မြေကို အသုံးပြုချင်ရင် ပိုင်ရှင်ဆီက ကာလပေါက်ဈေး ပေးဝယ်ရတယ်။ အစိုးရ ဟိုင်းဝေး လမ်းမ ဖေါက်မလား၊ ရထားလမ်း ဖေါက်မလား၊ အများကောင်းကျိုးအတွက် ဆိုပြီး အဲဒီ မြေပိုင်ရှင်တွေကို အလကား မောင်းထုတ်လို့ မရ။ ဒါကြောင့်၊ ဂျပန် ကျေးလက်ပြည်သူတွေက အစိုးရ စီမံကိန်း လာလုပ်ရင် မြေရောင်းလို့ရတယ် ဆိုပြီး ပျော်ပါသတဲ့။

နောက်ပြီး… မြို့ပြနားမှာ လယ်မလုပ်ရ ဆိုတာ မရှိဘူး။ ဂျပန်မြို့ကြီးတွေ ကြားမှာ ကြပ်ညှပ်ပြီး စိုက်ထားတဲ့ လယ်ကွက်လေးတွေ နေရာတကာ တွေ့မှာပါ။ မြေပိုင်ရှင် လယ်လုပ်သားကို အတင်းအကြပ် စက်ရုံ မဆောက်ခိုင်းပါဘူး။ သူလယ်လုပ်ချင်တယ် ဆိုရင် လုပ်ပေါ့။ ဘာမှ မလုပ်ချင်ဘူး ချုံပုတ် အနေနဲ့ ထားမယ် ဆိုလဲ သူ့သဘော။ သူဈေးကိုက်လို့ စက်ရုံထောင်မဲ့လူကို ရောင်းချင်တယ် ဆိုရင် ရောင်းပေါ့။ ဒါပဲရှိမယ်။ ဘယ်သူမှ မြေလွတ်မြေရိုင်း ဆိုပြီး သိမ်းပိုင်ခွင့်မရှိ။ ဒါကြောင့် ဂျပန်နိုင်ငံသားတိုင်းမှာ ပိုင်ဆိုင်မှု ဓန အင်အား  (Credit) ရှိလာတယ်။ ဒီလို ပြည်သူတွေရဲ့ ဓန အင်အားပင်လျှင် သူတို့ နိုင်ငံတော်ရဲ့ Credit ပါ။ ဒီလိုမျိုး ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ပေးလိုက်လို့ အစိုးရပိုင်နက် နယ်မြေဆုံးရှုံးသွားခြင်း မရှိပါ။ သူတို့ဟာ ဂျပန်အစိုးရပိုင်နက်နိုင်ငံထဲက ဂျပန် နိုင်ငံသားတွေပါ။ ဒီတော့ ဂျပန် အစိုးရ ရဲ့ ဓနပါပဲ။ ပြည်သူတစ်ယောက်ချင်းမှ ဓနအင်အား တောင့်တင်းလာရင် အစိုးရမှာ အခွန်များများရလာမယ်.. ဒီတော့ အစိုးရ ထောပြီပေါ့။ ရှင်းလင်းပြတ်သားတဲ့ လုပ်ထုံးလုပ်နည်း နဲ့ လွယ်ကူတဲ့ အခွန်ဆောင်စနစ်သာ ရှိပါစေ၊ လူတန်းစား မရွေးအခွန်ဆောင်လာမှာပါ။

အမေရိကန် နိုင်ငံရဲ့ ဓနအင်အားကို ဒီလိုနည်းနဲ့ တည်ဆောက်လာတာ နှစ်ပေါင်း သုံးရာ ကျော်ပါပြီ။

ဒီသဘောတရားကို လတ်တလော လိုက်တုတဲ့ နိုင်ငံတွေကတော့ ဗီယက်နမ် နဲ့ ထိုင်း တို့ပါပဲ။ အခု ဆယ်စုနှစ် တစ်ခုအတွင်း မှာတင် သူတို့ရဲ့ ကျေးလက် ဓန အင်အား တွေလဲ တက်လာပါတော့တယ်။

မြန်မာ့ ဥပဒေတွေအရဆိုရင်တော့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေဟာ မြန်မာ ပြည်သူတွေထက်တောင် မြေယာ လုပ်ပိုင်ခွင့် နဲ့ အသုံးချပိုင်ခွင့် ပိုရနေပါတယ်။

ကျေးလက်ပြည်သူများကို အစိုးရ အနေနဲ့ ဘယ်လို ဖွံ့ဖြိုးရေး လုပ်ပေးမယ်။ ငွေဘယ်လောက် ထုတ်ချေးမယ် ဆိုတာထက် ပိုထိရောက်တဲ့ ကူညီမှုဟာ၊ သူတို့ကို မြေ (လယ်ယာမြေ တခုထဲ မဟုတ်၊ တောတောင် မြေရိုင်းကိုပါ) ပိုင်ဆိုင်ခွင့် ပေးလိုက်ပါ။ သူတို့ရဲ့ ဓနအင်အား တက်သွားမှာပါ။

နိုင်ငံသားတိုင်းရဲ့ မြေပိုင်ခွင့်မှသည် နိုင်ငံတော်ရဲ့ ဓန အင်အားဆီသို့ အရောက်သွားနိုင်သည်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်