Thursday, November 22, 2012

မိဘအရင်း ဆိုသည်မှာ သားသမီးများကို ရှိနေလျှက် အငတ်ထားရိုးထုံးစံ မရှိပါ။

ပူတာအို ခရိုင် နောင့်မွန်းမြို့


မြန်မာ အစိုးရရဲ့ လက်သုံးစကားမှာ အမြဲတမ်း ကြားနေရတာက၊ အစိုးရ ဆိုတာ မိဘ၊ တိုင်းသူပြည်သားများကို သားသမီး အနေနဲ့ ညွန်းဆိုတတ်လေ့ရှိပါတယ်။

ကချင်လူမျိုးတွေ အတွက် မိဘ ဟုတ်မဟုတ် ဆိုတာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလ တိုက်ပွဲများအတွင်း မြန်မာ အစိုးရ ရဲ့ လုပ်ဆောင်ချက်များကို ပြန်လေ့လာကြည့်ရအောင်ပါ။

၂၀၁၁ ဇွန်လ ၉ ရက်နေ့မှ စ၍ ဗမာ စစ်တပ်ရဲ့ ထိုးစစ်ဆင်ခြင်းနှင့် အတူ မြန်မာ အစိုးရ ထိန်းချုပ်နယ်မြေများက ကချင်ရွာများကို နှိပ်ကွပ်လာခဲ့ရာမှ ကေအိုင်အေထိန်းချုပ်နယ်ဖက်ကို လူတွေ (လူမျိုးစုံ) ထွက်ပြေးခိုလုံခဲ့ရပါတယ်။ တချို့ ကေအိုင်အေနှင့် အလှမ်းဝေးတဲ့ ရွာများက အရပ်သားများတော့ မြစ်ကြီးနား နဲ့ ၀ိုင်းမော်၊ ဗန်းမော် စတဲ့ မြို့ကြီးများမှ ခရစ်ယာန် အသင်းတော်များသို့ ခိုလုံခဲ့ရပါတယ်။

ဒုက္ခသည် ဆိုပြီး စရောက်လာခါစက နှစ်ဖက် အစိုးရ တွေရဲ့ လုပ်ဆောင်ချက်များကို သုံးသပ်ကြည့်ရအောင်ပါ။ ကေအိုင်အေဖက် ရောက်လာတဲ့ အရပ်သားများကို နေစရာ အမိုးအကာများ နှင့် အတူ ပြုစုစောင့်ရှောက်မဲ့ ကော်မီတီ ဖွဲ့ပြီး အစားအသောက်များ ပြင်ဆင်ပေးခဲ့တာ ယနေ့ထိပါ။ ဒါတွေမကပဲ ကျန်းမာရေး နှင့် ကလေးများအတွက် ပညာရေးကိုပါ အဆင်ပြေအောင် ပြင်ဆင်ပေးခဲ့ပါတယ်။

အစိုးရထိန်းချုပ်နယ်ဖက် ရောက်သွားတဲ့ ဒုက္ခသည်များ အဖို့တော့ အစပိုင်းမှာ အစိုးရက စားစရာမပေးတဲ့အပြင် လာကူညီမဲ့ အဖွဲ့အစည်းများကိုတောင် ကန့်သတ်ချုပ်ချယ်လာပါတော့တယ်။ နောက်ပိုင်း နိုင်ငံတကာက သတင်းမီဒီယာ တွေမှာ နာမည်ကြီးလာရာက မကောင်းတတ်လို့ ပြန်ခွင့်ပြုလိုက်တဲ့ သဘောဖြစ်ပါတယ်။ ဒါနဲ့ ပြီးသလားဆိုတော့ မဟုတ်ပြန်ဘူး။ ဒုက္ခသည်စခန်းများသို့ လူမှုကယ်ဆယ်ရေး အဖွဲ့လိုလိုပုံစံ နဲ့ ထောက်လှမ်းရေးတွေ ပြုံပြီး ၀င်လာပါတော့တယ်။ မြို့တွင်းတွင် စရဖ များ ကိုယ်တိုင် မိုင်းထောင်ဖေါက်ခွဲပြီး၊ မြ၀တီ သတင်းမှလဲ ကချင်ဒုက္ခသည်စခန်းများတွင် ကေအိုင်အေ စစ်သားများ ဒုက္ခသည် အယောင်ဆောင်ပြီး လာရောက်ခိုလုံကြောင်း၊ မြို့တွင်းသို့ မိုင်းထောင်ဖို့ ဖြစ်ကြောင်း၊ ထည့်သွင်းရေးလာရာမှ ယောက်ျား အားကောင်း မောင်းသန်များကို အထောက်အထားမဲ့ လိုက်ဖမ်းပါတော့သည်။ တချို့မနေရဲပဲ ပြန်ထွက်ပြေးသွားတဲ့လူတွေလဲ ဒုနဲ့ဒေးပါ။ ဒါက ကချင်တွေကို မြန်မာ အစိုးရ ဆိုတဲ့ မိဘအတု တွေရဲ့ အပြုအစု တွေပါ။ ကေအိုင်အေ အနေနဲ့ ဘာအကျိုးမှ မရှိတဲ့ မြို့တွင်း ကချင်ရွာနားတွေမှာ ဘယ်တော့မှ မိုင်းမထောင်ပါ။ မြစ်ကြီးနား မြို့ပေါ် ပေါက်ခဲ့သော မိုင်းတိုင်းမှာလဲ ကချင်တွေသာ သေခဲ့သည်။ သေတိုင်းလဲ မိုင်းဆရာထိကြောင်း သတင်းမှာထည့်သည်။ ပတ်ဝန်းကျင် အားလုံးက သေတဲ့လူ ဘယ်သူဘယ်ဝါ ဆိုတာ မသိသူ မရှိပါ။ ဒါတွေက ခေါက်ရိုးကျိုးနေပြီ ဖြစ်တဲ့ စရဖ ရဲ့ လူဖမ်းဖို့ လိမ်ဆင်လှည့်ကွက် တွေပါ။

ပူတာအို အကြောင်းပြန်ကြည့်ရအောင်ပါ။

ပြီးခဲ့တဲ့ မိုးရာသီ အ၀င်မှ ပူတာအိုခရိုင်အတွင်း မှီသင်းနေထိုင်ကြသော တိုင်းရင်းသားများ အငတ်ဘေး ကြုံလာကြောင်း သိရသည်။ တချို့မှာ တကယ်လဲ ငတ်နေခဲ့သည်။ အစိုးရသတင်းမီဒီယာ မှာတော့ ကေအိုင်အေ လမ်းပိတ်လို့ ကုန်းလမ်းသွားလို့ မရသောကြောင့် ကုန်စည်ပျက်သွားခြင်း ဖြစ်ကြောင်း ကေအိုင်အေကို အပြစ်ပုံချထားသည်။ ဟုတ်သလိုလို တော့ရှိ…

သို့သော်… တကယ်ငတ်နေတဲ့ အချိန်မှာ မိုးရာသီမှာပါ။ စစ်မဖြစ်လဲ ဘယ်ကားမှ သွားလို့မရပါ။

ပူတာအိုမှာ နေထိုင်သော အရပ်သား အားလုံးပေါင်းသည် လိုင်ဇာတွင် ရောက်နေသော ဒုက္ခသည် စာရင်းလောက်သာ ရှိသည်။ အငတ်ဘေးကြုံတာလဲ လူတိုင်းမဟုတ်ပါ။ အားလုံး တောင်ယာခုတ်၊ လယ်လုပ်သမားများဖြစ်သော ကြောင့် သောင်းဝန်းကျင်လောက်ပင် ရှိမည် မထင်ပါ။ အစိုးရရဲ့ အထောက်အပံ့ အဓိက လိုအပ်မှုမှာ အစိုးရ ၀န်ထမ်း နှင့် အစမသန် တိုးချဲ့ထားသော စစ်တပ်လူဦးရေများ အတွက် ဖြစ်သည်။ ထောင်သားများလဲ အများအပြားရှိသည်။ ထောင်သားများကို ပူတာအိုသို့ ပြောင်းခြင်းသည်လဲ လူရောရန် ရည်ရွယ်ချက် ဖြစ်ဟန်တူသည်။

တကယ်တမ်း ပြည်သူကို ကြည့်သော အစိုးရ ဖြစ်လျှင် လူဦးရေ သောင်းဂဏန်းအတွက် လေယဉ်နှင့် သယ်ယူပို့ဆောင် စရိတ် ဘယ်လောက်မှ မကုန်နိုင်ပါ။ တစ်နှစ်ပတ်လုံး တင်ကျွေးထားဖို့လဲ မဟုတ်ပါ။ ရိတ်ခါပျက်သွားသော လ အနဲငယ်အတွက်သာ ဖြစ်သည်။ အစိုးရ ဘာဖြစ်လို့ မလုပ်ဆောင်ခဲ့သနည်း။ ၀န်ထမ်းများမှ ပိုလျှံသော ဆန်များကို တစ်ဗူး ၅၀၀ နှင့် အရပ်သားများကို ရောင်းပေးသည်။ အင်မတန် ရုပ်ဆိုးလွန်းပါသည်။ အခုငတ်ပျက်နေသော ရွာများမှာ အစိုးရ ထိန်းချုပ်မှု အောက်က ရွာများဖြစ်သည်။ ကေအိုင်အေဖက်က ရွာသားများ တော့ ဒီလို မရှိခဲ့ပါ။ စားစရာ မရှိရင် ကေအိုင်အေ အခမဲ့ တင်ကျွေးထားသည်။

ပြီးခဲ့သော ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အစိုးရ ကိုယ်စားလှယ်များ ပထမဦးဆုံးတောင်းဆိုသော အချက်မှာ ပူတာအိုကို ကုန်းလမ်းမှ ရိတ်ခါ သွားပို့ခွင့် ဖြစ်သည်။ ပွင့်လင်းရာသီရောက်ချိန်မှာတော့ သာမန်အရပ်သားများအားလုံး ရာသီပေါ်သီးနှံ စားရချိန်ရောက်ပါပြီ။ အရပ်သားများအတွက် အမှန်တကယ် လိုအပ်ခဲ့သောအချိန်မှာ မိုးရာသီတွင် ဖြစ်သည်။ စစ်မဖြစ်လဲ မိုးရာသီမှာ ကားသွားလို့ မရပါ။

ပူတာအိုသားများကို ရိတ်ခါ လေယဉ်နဲ့ မပို့ပဲ အငတ်ထားခြင်းသည် ကေအိုင်အေကို အပြစ်ပုံချရန် (၀ါ) နိုင်ငံရေး အမြတ်ထုတ်ရန်သာ ဖြစ်သည်။ အရပ်သားများ ငတ်သေမှာထက် နယ်မြေစိုးမိုးရေး ဗျူဟာကို အဓိက ထားသောကြောင့် ဖြစ်သည်။ တကယ်တော့ လေယဉ်နှင့် ရိတ်ခါပို့လဲ ဘယ်လောက်မှ မကုန်နိုင်ပါ။ အစိုးရမှာ ဘက်ဂျက်မရှိရင်တောင် ကမ္ဘာ့စားနပ်ရိတ်ခါအဖွဲ့လို နိုင်ငံတကာအဖွဲ့အစည်းကို အကူအညီ တောင်းလို့ရသည်။ မြန်မာ အစိုးရ မလုပ်ပေးခဲ့ပါ။

မြန်မာ အစိုးရ မှာ ပူတာအို က အရပ်သား အနဲငယ်လောက်ကို တောင်ယာ မပေါ်ခင်လေး တခဏကျွေးထားနိုင်လောက်တဲ့ ဘဏ္ဍရေး အခက်အခဲ ဖြစ်နေလို့လား? ရှိနေလျှက်မကျွေးတာ ဘာလို့ပါလဲ... မိဘအရင်း ဆိုတာ ရှိနေလျှက် မကျွေးတာ ထုံးစံ မရှိပါ။

ဒီတော့.. မိဘလိုတကယ် တာဝန်ယူနေတဲ့ အစိုးရ ဆိုတာ ဘယ်ဖက်က အစိုးရလဲ? လယ်ကွင်းထဲမှာ ဆင်သွားနေသလို ရှင်းနေပါသည်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်