Sunday, November 11, 2012

အစိုးရ၀န်ကြီးဌာန နဲ့ စစ်ဗိုလ်ချုပ်များရဲ့ အလှူငွေ ဘယ်ကထွက်လဲ?

အခုတလော မြ၀တီသတင်းဌာနမှာ ခဏဏတွေ့နေရတဲ့ သတင်းတွေက အစိုးရ၀န်ကြီးဌာန နဲ့ စစ်ခေါင်းဆောင်တွေရဲ့ အလှူငွေ နဲ့ အလှူပစ္စည်းပေးအပ်ပွဲတွေပါ။
စာရေးသူအနေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အလှူပေးအပ်ပွဲအကြောင်းတွေနဲ့ ပတ်သက်ပြီး စဉ်းစားနေတာကြာပါပြီ။

ရိုးရိုး သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ အလှူအဒါန်း ဆိုတာ ကောင်းတဲ့အလုပ်ပဲလေ… ဘာများ အတွန့်တက်စရာ ရှိသလဲ… ပေါ့။ နိုင်ငံခေါင်းဆောင် ဆိုတာ ဒီလို သဘောကောင်းရမယ်.. ပေါ့။


သူများ ပွင့်လင်းတဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာကျတော့ ဒီလို အလှူပွဲလဲ သိပ်မတွေ့ပါလား၊… ဒါနဲ့ မြန်မာ ခေါင်းဆောင်တွေက သူများထက်ထူးလို့ သဘောကောင်းတဲ့ သဘောလား… ။ တချို့က… “ဟုတ်တယ်…” လို့ ချက်ချင်းပဲ ဂုဏ်ယူစွာ တွေးမိလိမ့်မယ်။

သူများနိုင်ငံမှာ အများအားဖြင့် တွေ့ရတတ်တာက အစိုးရ ကူညီပံ့ပိုးငွေ နဲ့ လုပ်ငန်းရှင် သူဌေးသူကြွယ် များရဲ့ အလှူငွေတွေပါ။ ဘီလ်ဂိတ် လို သူဌေးတွေက ဘယ်နိုင်ငံက ဒုက္ခသည်များအတွက် ဘယ်လောက်၊ ဘယ်နိုင်ငံက ပညာရေး အသုံးစရိတ်အတွက် ဘယ်လောက်၊ ဆိုတဲ့ သူဌေးအလီလီ အလှူငွေအကြောင်းတွေ တွေ့ရတတ်ပါတယ်။ ဒါက သူတို့မှာ ကိုယ်ပိုင်ငွေလျှံနေလို့။

အဲ…. အစိုးရ အလှူငွေကတော့ .. ဖန်း (Fund) လို့ ခေါ်ပြန်တယ်။ အစိုးရက တရားဝင် ဘက်ဂျက် ဆွဲထည့်ပြီး၊ ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အစည်းကို ကူညီဖို့ ဒီနှစ်အတွက် ဖန်း ဘယ်လောက်… ဆိုပြီး လွတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးပြီးမှ ထုတ်တယ်။ ဒါကို ဘယ်အစိုးရ ၀န်ကြီးမှ သူ့ကိုယ်ပိုင်အလှူပွဲ အနေနဲ့ နာမည်မယူဘူး။

ဒါနဲ့….

မြန်မာ့ ဗိုလ်ချုပ်တွေ နဲ့ ၀န်ကြီးတွေက ဘယ်က ဘက်ဂျက်နဲ့ အလှူထည့်တာလဲ…. သူတို့ကိုယ်ပိုင် အိတ်ထောင်ထဲကလား…. သူတို့ ရတဲ့ လစာကော ဒီလောက် ယက်ရောဖို့ တတ်နိုင်ပါ့မလား…. နည်းနည်းနောနောလဲ မဟုတ်… တခါခါဆို သိန်းပေါင်းတောင် ဆယ်ချီ၊ ရာချီ တဲ့။

ဟုတ်ပါပြီ… လိုအပ်နေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် အစိုးရခေါင်းဆောင်တွေ အနေနဲ့ တာဝန်ယူဖြေရှင်းတဲ့ သဘောကို မကြိုက်တာမဟုတ်… စနစ်ကို ပြောနေတာပါ။
နေပြည်တော်မှာ ဆီးဂိမ်းဖွင့်ပွဲအတွက် လေ့ကျင့်နေသူတွေ အတွက် ၀န်ကြီးဌာန တွေရဲ့ အလှူငွေကလဲ မနည်းဘူး။ ဘယ်ဝန်ကြီးဌာနက သိန်းပေါင်း ဘယ်ဆယ်ဂဏန်း… စသည်ဖြင့် ဖတ်လိုက်ရတယ်။

သူတို့ ၀န်ကြီးဌာန အနေနဲ့ ဒီလောက်များတဲ့ အလှူငွေတွေ ဘယ်ကရသလဲ….
သူတို့မှာ ဘက်ဂျက်ကော ရှိပါသလား…
ဘက်ဂျက် ရာထားချက်မရှိတဲ့ နေရာမှာ သုံးပိုင်ခွင့်ရှိသလား….
သူတို့ဟာ ဒီငွေတွေအတွက် ကိုယ်ပိုင်ဝင်ငွေ ရှိသလား…
ကိုယ်ပိုင်ဝင်ငွေတွေကို နိုင်ငံတော်ဘဏ္ဍာတိုက်ထဲ အရင်မရောက်ပဲ သူတို့နည်း သူတို့ဟန် ဒီလို သုံးဖို့ အခွင့်အရေး ရှိသလား… ဆိုတာတွေ ဆက်တိုက်ခေါင်းထဲ ပေါ်လာပါတယ်။
နိုင်ငံတော်ရဲ့ငွေ ဆိုရင်လဲ အစိုးရက တရားဝင်သတ်မှတ်ပြီး ထုတ်ပေးရမှာပါ။
စစ်ဗိုလ်ချုပ်များ ပေးတဲ့ အလှူငွေတွေလဲ ဘယ်ကပေါ်လာသလဲ… နယ်လှည့်ပြီး အလှူပေးပွဲတွေ ကျင်းပ ဖို့ နိုင်ငံတော်က ဘက်ဂျက်ထုတ်သလား… ဘက်ဂျက်ရှိပြီးသား ဆိုရင်လဲ သက်ဆိုင်ရာ ဌာနတွေ အနေနဲ့ ထုတ်သုံးရုံပဲလေ… အခန်းအနား လိုသလား….

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလ ကတည်းက ခေတ်စားခဲ့တဲ့ အလှူပေးပွဲတွေရဲ့ နောက်ကွယ်မှာ အင်မတန် ဆန်းကြယ်ပါတယ်။

စီးပွါးရေး လုပ်ငန်းရှင်တွေက သူတို့ရွာတစ်ရွာကို ကျောင်းဆောက်ပေးမယ်၊ တံတားဆောက်ပေးမယ်၊ ဆိုပြီး အဲဒီ ရွာနားက သစ်တွေ အကုန်ပြောင်အောင် ခုတ်လိုက်တာပဲ။ ပြီးတော့ အလှူပေးပွဲကျင်းပတယ်၊ ကျောင်းဆောင်သစ်ဖွင့်ပွဲတွေ လုပ်ကြတယ်။ သူတို့ တိုက်ဆောက်ထားတာ ဘယ်တော့မှ မပြောဘူး။ သူတို့ ဘယ်လောက်ရသွားတာ ဘယ်သူမှ မသိလိုက်ဘူး။ အခွန်လဲ မဆောင်ဘူး။

နိုင်ငံတော် အကြီးအကဲ တွေအနေနဲ့လဲ ဒီလိုမျိုး အတွင်းလုပ်ငန်းလေးတွေ ရှိနေသလား.. လို့ပါ။

ဒူဝါကချင်

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်