Tuesday, December 4, 2012

ပူတာအို ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမယ်တဲ့။

ပူတာအိုဈေး

အခုတလော ကချင်အသိုင်းအ၀ိုင်းမှာ လူပြောများလာတာက ပူတာအို ကို ကိုယ်ပိုင်အုပ်ချုပ်ရ ဒေသ သတ်မှတ်ပေးမယ်၊ ဆိုပြီး ဗမာ စစ်တပ်က လိုက်စည်းရုံးလို့ လူကြီးတွေပါမကျန် နှကိုယ်ကမှ ဆန်ဈေးကြီးနေရတဲ့အထဲ အတော်ပဲ ဆိုပြီး ပြည်သူ့စစ်ထဲဝင်ကုန်တယ် လို့ ကြားရပါတယ်။
ဒူဝါအနေနဲ့ ပျော်ရမလို၊ ငိုရမလို ဖြစ်မိပါတယ်။


အကြောင်းကတော့….

ပျော်တယ် ဆိုတာ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ” ဆိုတဲ့ စကားလုံးလေး ကြားလိုက်မိလို့ပါ။ ၂၀၀၈ အခြေခံ ဥပဒေ စ ဖတ်တုန်းကလဲ တခါ ဖြစ်ဖူးပါတယ်။

ငိုရမလို ဖြစ်တယ် ဆိုတာ…. တကယ့် အစစ်အမှန် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာ ၂၀၀၈ အခြေခံ ဥပဒေ အရ မဖြစ်နိုင်လို့ပါပဲ။

၂၀၀၈ အခြေခံ ဥပဒေမှာ ရွှေရည်စိမ် ကိုယ်ပိုင်အုပ်ချုပ်ရ တိုင်း နဲ့ ဒေသ တွေ အများကြီး သတ်မှတ်ပေးထားပါတယ်။ ၀ လူမျိုးတွေကလွဲလို့ ကျန်ဒေသ တွေကတော့ ဒုံရင်းက ဒုံရင်းပါပဲ။ ရွှေရည်စိမ် လို့ သမုတ်ရတာက ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး (Self-determination) မပါတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မို့လို့ ပြောရတာပါ။ မုံရွာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းမှာလဲ ဒီမိုကရေစီ ဆိုတာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ စနစ်၊ လို့ ပြောပါတယ်။ ဒီတော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ စနစ် မရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုတာ ဂျပန်အစိုးရ လက်ထက်က ဗမာပြည်လွတ်လပ်ရေးတောင် ပိုအဆင့်မြင့်ပါသေးတယ်။

ဘယ်လိုလုပ်ပြီး နှစ်ပေါင်း ဆယ်စုနှစ်တွေ အများကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းလာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တော့ တခါမှ မဟ ပဲ၊ တချို့ လူမျိုးစုတွေကျတော့ နေရင်းထိုင်ရင်း ဘာလို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ဒလဟောရလာတာလဲ၊ ဆိုပြီး ဆက်စဉ်းစားလိုက်တော့… ဟော.. တွေ့ပါပြီ။

ဒေသခံတွေ ကြားမှာ ရန်တိုက်ပေးဖို့ပါပဲ။

နှစ်ဖက်မောပြီ ဆိုမှ ဒိုင်ကောက်စားလိုက်မဲ့ သဘောလို့ မြင်ပါတယ်။ အင်မတန် ၀မ်းနည်းစရာ ကောင်းပါတယ်။ လွတ်တော်က ချပေးလိုက်တဲ့ ဘက်ဂျက် ကို ရခိုင်ဒေသလို ပြဿနာ တခု ပြန်မွေးဖို့ ဆိုရင်တော့၊ မြန်မာ နိုင်ငံအတွက် ၀မ်းနည်းစရာ အကောင်းဆုံးပါပဲ။
လီဆူ နဲ့ ရ၀မ် လူမျိုးစု များ အတူယှဉ်တွဲနေထိုင်တဲ့ အဲဒီဒေသမှာ ဘယ်လူမျိုးစုကို အစွဲပြုပြီး ပေးမလဲ ဆိုတာတော့ သိပ်မသေခြာလှပါ။ လွတ်တော်အမတ်တွေလဲ ဒီအချက်ကို စဉ်းစားလိမ့်မယ် လို့တော့ မမျော်လင့်တာ အမှန်ပါ။ အခုလို ဥပဒေ စိုးမိုးရေး မရှိပဲ ဒေသခံ ကိုယ်ကျိုး စီးပွါးရေး သမား တွေကို အကာအကွယ်ပြု ပြီး လက်နက်ကိုင် အဖွဲ့ငယ်များ ဖွဲ့ပေးခြင်းသည်၊ လူမျိုးစု နှစ်ခုကြား အချင်းချင်းဗိုလ်ကျရင်း၊ ဗမာ စစ်တပ်ကို ဖါးနိုင်တဲ့ လူမိုက် အနည်းစုက ဒေသခံများကို နှိပ်ကွပ်ခြင်းမှ တပါး အခြား ဒေသခံတွေအတွက် အကျိုးမထူးလှပါ။ ဗမာ စစ်တပ်အတွက်တော့ အေအိုင်အေ ကို ထိုးစစ်ဆင်ရာတွင် ရှေ့တန်း လမ်းပြ၊ မိုင်းရှင်းဖေါ်ရမှာ အမှန်ပါ။

ပူတာအို သာ တကယ်တမ်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရမယ် ဆိုရင်… လှိုက်လှိုက်လှဲလှဲကို ၀မ်းသာ ကြိုဆိုပါတယ်။ ကချင်လူမျိုးစုတွေ ထဲက ဘယ်လူမျိုးစုတွေရဲ့ ဘယ်ဒေသမဆို ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရမယ် ဆိုရင် ကချင်တမျိုးသားလုံး ၀မ်းသာစရာပါ။

ကျနော်တို့ ကချင်လူမျိုးတွေ တိုက်ပွဲဝင်နေတာလဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပါပဲ။ ဒါပေမယ့် ၂၀၀၈ အခြေခံဥပဒေပုံစံတော့ မဟုတ်ဘူး။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ပါ။ ကချင်လူမျိုးသာ မဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့ ဘယ်အရပ်ဒေသ မဆို၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် လိုနေပါသေးတယ်။ လက်ပံတောင်းတောင်မှာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။

ပိုရှင်းအောင် ပြောရမယ် ဆိုရင်တော့… စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုတာ၊ ပူတာအိုဒေသကို မြစ်ကြီးနားက (ကချင် ဖြစ်ဖြစ်) သော်လည်းကောင်း၊ ရန်ကုန်၊ မန္တလေးက သော်လည်းကောင်း၊ အုပ်ချုပ်ရေးမှူးတွေ၊ ၀န်ထမ်းတွေ တက်လာစရာ မလိုပါ။ ပူတာအိုသား (ဘာလူမျိုး ဖြစ်ဖြစ်) တွေ ရွေးကောက်တင်မြောက်တဲ့ အုပ်ချုပ်ရေးမှူး၊ ၀န်ထမ်း၊ များသာလျှင် ဒေသအာဏာပိုင်များ ဖြစ်လာရခြင်း ကို ဆိုလိုပါသည်။

ပူတာအိုသားတွေကို တခု ပြောချင်တာက… ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လက်နက်ကိုင် ပြီး တိုက်ယူရမယ် လို့ထင်ပြီး ပြည်သူ့စစ်ထဲ ၀င်တယ်၊ ဆိုရင် တစ်ချက်စဉ်းစားရမှာက… ဘယ်သူ့ဆီက တိုက်ယူမှာလဲ? ဘယ်အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဖို့လဲ? ဆိုတဲ့ မေးခွန်းပါ။

ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဆီက တောင်းရမယ် ဆိုရင်တော့ နေရာ လွဲနေပါတယ်။ မြန်မာ နိုင်ငံသားတိုင်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး အတွက် တိုက်ပွဲဝင်နေတာ စစ်အစိုးရ နဲ့ပါ။ ကေအိုင်အေ တိုက်ပွဲဝင်နေတာလဲ အခုထိ စစ်အစိုးရနဲ့ပါ။ ခင်များတို့ တောင်းရမှာလဲ စစ်အစိုးရ ဆီကပါ။ ကေအိုင်အေ မဟုတ်ပါ။ ကေအိုင်အို အစိုးရ အနေနဲ့ တောင်းဆိုနေတဲ့ ကချင်ပြည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရလာရင်လည်း၊ ကချင်ပြည်နယ်ရဲ့ ဘယ်ဒေသမဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အလိုလို ရပြီးသားပါ။ ဒီတော့၊ ဒီနေ့ထိ ကျနော်တို့ ပြည်သူအားလုံး ကိုယ့်ကြမ္မာ ဖန်တီးခွင့် တောင်းမဲ့နေရာသည်၊ စစ်အစိုးရကိုပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ စစ်အစိုးရ လို့ ပြောခြင်းဟာ အခုချိန်ထိ မြန်မာပြည်ရဲ့ ကံကြမ္မာဖန်တီးရှင် ဟာ စစ်ခေါင်းဆောင်များ ဖြစ်နေလို့ပါပဲ။ အဲ… ဗမာ အရပ်သား နိုင်ငံရေး ခေါင်းဆောင်များ အနေနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် မလိုဘူး၊ လို့ ပြောလာတဲ့ တနေ့ကျရင်တော့ ဗမာလူမျိုးတွေ ဆီက တောင်းရမယ်၊ လို့ပြောမှာပါ။

လူလူချင်း လှည့်ဖြားခြင်း ကင်းဝေးကြပါစေ။

3 comments:

  1. ကေအိုင်အေ အစိုးရ..သာကိုယ်ပိုင်အုပ်ချူပ်ခွင့်ရရင် ပိုလို့တောင်..လူနည်းစုတွေအခွင့်..အရေးနည်းသွားမယ်ထင်တယ်.စရာကီး.....အခုကြည့်လေ..ကေအိုင်အေမှာ.လူမျိုးစုံစစ်မှူထမ်းနေတာပဲ..လူနည်းစုအရာရှိတစ်ယောက်တောင်ရှိတာမတွေ့ဘူလေနော့.....

    ReplyDelete
    Replies
    1. ကေအိုင်အို ဥက္ကဌ ဦးဇောင်းခရာ ဆိုတာ လောင်ဝေါ် မျိုးနွယ်စု စစ်စစ်၊ ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဆိုတာ ဇိုင်ဝါး မျိုးနွယ်စု စစ်စစ်၊ အေအိုင်အေ ဘဏ္ဍာရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဇောင်းဘုတ်ထန်း ဆိုတာ လောင်ဝေါ် အမျိုး စစ်စစ်၊ မြစ်ကြီးနားက ကေအိုင်အေ ဆက်ဆံရေး ရုံး တာဝန်ခံ အရာရှိကြီး ဗိုလ်မှူးကလဲ ရ၀မ် လူမျိုးစစ်စစ်။ အခု ပန်ဝါ ခရိုင်က အရာရှိ တပ်မှူး အားလုံး လချိပ်လူမျိုးတွေပါပဲ။ ခင်များက ကချင်လူမျိုးစု တွေရဲ့ တူညီတဲ့ သဘာဝ ကို နားမလည်လို့ပါ။

      Delete
    2. This comment has been removed by the author.

      Delete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်