Monday, December 31, 2012

မျော်တိုင်းဝေးမဲ့ ပြည်ထောင်စု

အမေရိကရောက် ကချင်လူထု အဖွဲ့အစည်းမှ ကေအိုင်အေကို ထိုးစစ်ဆင်မှု ကန့်ကွက် ဆန္ဒပြ

ကချင်တွေ စစ်မှန်တဲ့ ပြည်ထောင်စု အကြောင်း စဉ်းစားလာတာ လွတ်လပ်ရေး ရကတည်းကပါ။ ဒါပေမယ့် စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့ခွင့် မရခဲ့ပါဘူး။

ဗမာ လူမျိုးများတောင် လက်မခံတဲ့ ဗမာ စစ်ခေါင်းဆောင်များ အပိုင်စီးထားတဲ့ စစ်တပ်ဟာ တိုင်းရင်းသားများကို မခံချင်အောင် အမျိုးမျိုး ရန်စပြီး လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ဆက်ဆံ၊ မဒိမ်းကျင့်၊ ကလိမ်ကကျစ်လုပ်၊ ဥပဒေမဲ့ လူသတ်၊ ဖမ်းဆီးချုပ်နှောင်ပြီး ဆက်ဆံနေခဲ့တာ လွတ်လပ်ရေး ရကတည်းကပါ။



လွတ်လပ်ရေး ရရချင်း သူပုန် စလာတာ ဗမာ တွေပါ။ ရောင်စုံ သူပုန် ဆိုတာ ကချင်တွေ မပါဘူး။ အဲဒီ ရောင်စုံသူပုန်တွေကို နှိမ်နင်းခဲ့တာ ကချင် လက်နက်ကိုင် တပ်ရင်း (၁ မှ ၅ အထိ) ဖြစ်တယ်။

ပြည်တွင်းစစ်ရှည်နေမှာ စိုးလို့ စစ်အစိုးရ စတက်လာတော့ အသံကောင်းဟစ်ပြီး အခြေခံဥပဒေ ရေးဆွဲမယ်၊ တိုင်းရင်းသားတွေလဲ ပါဝင်ပါ ဆိုပြီးခေါ်တော့ အပစ်ရပ်ခဲ့တယ်။ ညီလာခံတွေ တက်ခဲ့တယ်။ သို့သော် တိုင်းရင်းသားများ လိုလားတဲ့ အချက်တွေ တခုမှ မထည့်ပေးခဲ့ဘူး။

အဲဒီ အခြေခံဥပဒေ ကို လက်မခံတာ ကေအိုင်အေပဲ မဟုတ်။ ကျန် လက်နက်ကိုင် အပစ်ရပ် အဖွဲ့ အားလုံးဖြစ်တယ်။

နောက်တော့ နယ်ခြားစောင့်တပ် ဖွဲ့ပါ ဆိုပြီး အတင်းအကြပ် လုပ်တယ်။ အဲဒီ အစီအစဉ်ကိုလဲ နိုင်ငံရေးအရ ရပ်တည်ချက် ခိုင်မာ တဲ့ ဘယ် တိုင်းရင်းသား အဖွဲ့တွေမှ လက်ခံတာ မတွေ့ပါ။

ဒါပေမယ့် ၂၀၀၉ ခုနှစ်ကစ ပြီး ကေအိုင်အေ ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတယ်။ လိုင်ဇာ မြို့သားတွေ စစ်ဖြစ်လာရင် ထွက်ပြေးဖို့ ပြင်ဆင်ထားခဲ့တာ ၂၀၀၉ ကတည်းကပါ။

ကေအိုင်အေ ဟာ လိုင်ဇာ ကို ဖက်သွယ်နေတာတော့ မဟုတ်.. ဒါပေမယ့် တတ်နိုင်ဆုံး သူတို့ရဲ့ အုပ်ချုပ်ရေး ခိုင်မာ တဲ့ နေရာ၊ ကချင်ကျောင်း၊ စာပေ၊ ယဉ်ကျေးမှု ခိုင်ခိုင်မာမာ လုပ်ထားတဲ့ နေရာမို့ ကာကွယ်ချင်တာ.. ဒါကို ဗမာ စစ်အုပ်စုက သိတယ်... လိုင်ဇာကို ဘာဖြစ်လို့ တိုက်သလဲ၊ ကချင်တွေရဲ့ ရပ်တည်ချက် (ကိုယ်ပိုင်ကျောင်း၊ ယဉ်ကျေးမှု၊) များကို ဖျက်စီးဖို့ ဖြစ်တယ်။

ကေအိုင်အေ ဆိုတာ လိုင်ဇာ တနေရာထဲမှာ ရှိတာ မဟုတ်။ လိုင်ဇာ သိမ်းရလို့ ကေအိုင်အေ ပျောက်သွားဖို့ မရှိ။

ကေအိုင်အေ တပ်မဟာ (၁) တည်ရှိရာ နေရာဆိုရင် ဘယ်သောအခါမှ ဗမာ အစိုးရ ရောက်ဖူးတဲ့ နေရာ မဟုတ်ပါ။ အင်္ဂလိပ် ခေတ်ကတောင် ကချင်ဒူဝါ များပဲ အုပ်ချုပ်ခဲ့တဲ့ နေရာ ဖြစ်တယ်။ တောတောင် ထူထပ်ပြီး ဗမာ စစ်ကြောင်း ဘယ်လိုမှ ထိုးဖေါက်လို့ မရ။ ကေအိုင်အေ စစ်သား တပ်စိပ် တခုထဲ နှင့်တင် စစ်ကြောင်း တခုလုံးကို ထိန်းထားလို့ ရတဲ့ နေရာ ဖြစ်တယ်။

ဒီတော့ ကေအိုင်အေ ရဲ့ နေရာဟာ ကချင်ပြည်နယ်ရဲ့ သုံးပုံ နှစ်ပုံ လောက် မြေဧရိယာကို ထိန်းချုပ်ထားတဲ့ သဘော ဖြစ်တယ်။ လိုင်ဇာ ဆိုတာ သေးသေးလေး။ သုံးမိုင် ပတ်လည်ပဲ ရှိတာပါ။

နောက်တခုက တရုတ်အစိုးရ အတွက် တောင်အာရှ ထွက်ပေါက် ဖြစ်တဲ့ အတွက် ၂၀၀၉ ကတည်းက တရုတ်အစိုးဟာ လိုင်ဇာ တဖက်ကမ်းမှာ ကုန်သွယ်ရေး ဂိတ် အကြီးစား တခု ဆောက်ခဲ့တယ်။ တပြိုင်နက်ထဲ မြစ်ကြီးနား တိုင်းမှူးတွေဟာ စသလို ပြောင်သလိုနဲ့ ကေအိုင်အေ ခေါင်းဆောင်များကို လိုင်ဇာမြို့အပ်ဖို့ တောင်းဆိုတာတွေ ရှိခဲ့တယ်။

ဒီတော့ လိုင်ဇာကို တိုက်ခြင်းသည် စစ်အစိုးရဟာ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ အစီအစဉ်လုံးဝ မရှိတဲ့အပြင်၊ ကချင်လူမျိုးများကြား အမုန်းတရား ပိုရှည်လာအောင် ဖန်တီးရုံက လွဲပြီး ဘာမှ အကျိုးမရှိပါ။

ဗမာ စစ်တပ်ကို အားပေး အားမြောက်လုပ်နေတဲ့ အဖွဲ့တွေလဲ စစ်အုပ်စုက မဟုတ်ရင် တခု ဆက်စဉ်းစားစေချင်တယ်။

ကေအိုင်အေ ကို အချိန်တိုတိုနဲ့ အမြစ်ပြတ်တိုက်နိုင်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ဆိုတာ သိထားသင့်တယ်။ သီရိလင်္ကာနိုင်ငံနဲ့ ကချင်ပြည် မြေပြင် အနေအထားမတူပါ။

ဒီတော့ ကေအိုင်အေ ကို အမြစ်ပျက် တိုက်ခိုင်းခြင်းသည်၊ ခင်များတို့ဟာ ခင်များတို့ စစ်ကျွန်ဘ၀မှာ အကြာကြီး နေချင်တယ် ဆိုပြီး တောင်းဆိုတာနဲ့ အတူတူ ဖြစ်တယ်။

စစ်တိုက်တယ် ဆိုတာ ခင်များတို့ရဲ့ ကျန်းမာရေး နဲ့ ပညာရေး အသုံးစရိတ် ပါသွားတယ် ဆိုတာ သတိရပါ။

ကေအိုင်အေ ဆိုတာ ကချင်လူမျိုးများနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ် ဖြစ်တယ်.. အစိုးရ စစ်တပ်ကို ထိရင် ဗမာတွေ ရင်နာသလို... ကေအိုင်အေ ထိရင် ကချင်တွေ ရင်နာရမယ်။ ကချင်နဲ့ ဗမာ ကြား အမုန်းတရား ပိုရှည်လာရုံက လွဲပြီး ဘာမှ အကျိုးမရှိ။ ကချင်လူမျိုးအားလုံးကို အမြစ်ပြတ် တိုက်နိုင်မှာ မဟုတ်ပါ။ နိုင်ငံတကာ ရောက်နေတဲ့ ကချင်တွေ အများကြီး ကြည့်နေတယ်။

အီစ္စရေး လူမျိုးများကို လူမျိုးတုန်းတိုက်ခဲ့တဲ့ လူမျိုးတွေ တခါမှမအောင်မြင်ခဲ့ပါဘူး။ လူမျိုးတုန်း မတိုက်တဲ့ အမျိုးတွေပဲ လူမျိုပြီး ပျောက်သွားတာ များပါတယ်။

တခုထဲသော ဖြေရှင်းနည်းဟာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူ ချမှတ်နိုင်ဖို့ ဖြစ်ပါတယ်။ ကချင်တွေ ပြည်ထောင်စုထဲ နေချင်ခဲ့တာ စစ်မှန်တဲ့ ပြည်ထောင်စု အတွက်ပါ။ ဗမာ နိုင်ငံရေး ခေါင်းဆောင် လူနည်းစုက ကြိုက်သလို ချေလည်တဲ့ ဘ၀မျိုးမဟုတ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ဖြစ်တယ်။

နိုင်ငံရေး အရ ဖြေရှင်မှ စစ်မှန်တဲ့ ပြောင်းလဲ မှု ဖြစ်ပါမယ်။ မာနယ်ပလော ကို နိုင်လို့ ကရင် တော်လှန်ရေး ပျောက်မသွား သလို၊ လိုင်ဇာ ကို ဗုံးကျဲလို့ ကေအိုင်အေ ပျောက်မသွားပါ။ ကချင်လူငယ်တွေကို ပိုစိတ်ဆွပေးရုံပဲ ရှိမှာပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်