Tuesday, December 25, 2012

ပေါ်လစီ ကစားကွက်

အခုထိ ထိုးစစ်မဆင်ပါဘူး ဆိုတဲ့ သမ္မတ ရဲ့ ညွန်ကြားမှု ကို တပ်မတော်က လိုက်နာနေပါတယ်၊ ဆိုတဲ့ သဘောဆောင်တဲ့ စာတစ်စောင်ကို မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်ကနေ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ ဥက္ကဌ ကို ရေးလိုက်တဲ့ စာမှာ တွေ့ရပါတယ်။ပေါ်လစီကစား တာတောင်မကပါဘူး၊ အွန်လိုင်းက ရခိုင်အရေးမှာ ကလှော်နေခဲ့တဲ့ တစ်နှစ်မပြည့် ဖေစ်ဘွတ် အကောင့် တော်တော်များများလည်း ကချင်ဖက်ကို ဦးလှည့်လာပါတယ်။


၂၀၁၃ ကနေ တရားဝင် စစ်ကြေငြာ တော့မယ် ထင်တာပဲ။

တကယ်တော့ အရင် တစ်နှစ်ကျော် လုံးလုံးက ဗမာ စစ်တပ် အနေနဲ့ လုံးဝ ထိုးစစ်မဆင်သေးဘူး ဆိုတဲ့ သဘောပါ။



အခုလွတ်တော်မှာ ဘက်ဂျက် ဆွဲမဲ့ အချိန်လည်း နီးကပ်လာပြီ ဆိုတော့ တပ်မတော်အနေနဲ့ နိုင်ငံတော် ဘက်ဂျက် မျိုးမျိုးမြတ်မြတ် ရဖို့ အကွက်တွေ ဆင်၊ ကချင်အရေးဟာ အမြစ်ပြတ် တိုက်မှ ရတော့မယ် ဆိုတဲ့ လမ်းဖက်ကို ဦးတည်နေတယ် လို့ မြင်ပါတယ်။

သီရိလင်္ကာ စစ်တပ်က တမီကျားသူပုန် တွေကို တချက်ထဲနဲ့ အမြစ်ပျက် တိုက်ထုတ် နိုင်တာကို စိတ်ကူးယဉ် နေတဲ့ အဖွဲ့တွေလဲ ဒုနဲ့ ဒေး ရှိနေတာပါ။

ဒါပေမယ့်... တမီကျားသူပုန် တိုက်ပွဲတုန်းက ဥပဒေမဲ့ လူသတ်မှု အထောက်အထားတွေကို အစိုးရ စစ်တပ်ထဲက စစ်သားတွေရဲ့ ဖုန်းကင်မရာ နဲ့ ရိုက်ထားတဲ့ ဗီဒီယိုဖိုင် လေးတွေကြောင့် နောက်ပိုင်း စစ်ဗိုလ်ချုပ်တွေ တရားရုံး ရောက်ခဲ့ရတယ်... ဆိုတာကို မေ့ထားပုံ မပေါ်ဘူး.... မြန်မာ့ ဆက်သွယ်ရေးက လူတိုင်း (အထူးသဖြင့် စစ်သားအဆင့်) ဖုန်းကိုင်ခွင့် မရအောင် ဈေးကြီးကြီး မြင့်ထားသေးတယ်.. ဆိုတာပါပဲ။
ဒီလို စိတ်ကူးယဉ်တဲ့ လူတွေအတွက်...

တခုရှိတာက....

သီရိလင်္ကာ နိုင်ငံ ရဲ့ တမီကျားသူပုန်တွေနဲ့ ကချင် တော်လှန်ရေး အဖွဲ့တွေရဲ့ အနေအထား မတူညီတဲ့ အချက်ပါ။
တောတောင် နယ်မြေ အနေအထား ကိုက လုံးဝ ကွဲပြားပါတယ်။ ကချင်ပြည်မှာ လေယဉ်သုံးမယ် ဆိုရင်တောင် အကန့်အသတ် ရှိတယ်။ (ဗမာ စစ်တပ်က နိုင်ငံတကာ ဥပဒေကို လေးစားလို့မသုံးတာကို ပြောခြင်း မဟုတ်၊ နယ်မြေ အနေအထားအရ အကျိုးသက်ရောက်မှု နည်းခြင်းကို ဆိုလိုသည်)။
သီရိလင်္ကာ စစ်တပ်လို လုပ်ချင်တဲ့ ကာချုပ်တွေ မရှိခဲ့မှာ မဟုတ်။ ဗမာ့သမိုင်းမှာ ကချင်ကို သတ်နိုင်လို့ နာမည်ကောင်း ကျန်ချင်တဲ့ ဗမာစစ်ခေါင်းဆောင်တွေ မရှိမှာ မဟုတ်ပါ။ အခု NLD ခေါင်းဆောင် လုပ်နေတဲ့ ဦးတင်ဦး တောင် ကရင် ကို ထိုးစစ်ဆင်တုန်းက ကရင်လူမျိုးတွေ အတုန်းအရုန်း သေခဲ့တာကို အောင်မြင်မှု အနေနဲ့ ထုတ်ကြွားသေးတာပဲ။ ဒီတော့ အရင့်အရင် ကာချုပ်တွေက ညံ့လို့ မတိုက်နိုင်ခဲ့တာလား။ စစ်အစိုးရ လက်ထက်၊ နိုင်ငံတော် ဘက်ဂျက်ကို လိုသလို သုံးနိုင်တဲ့ အချိန်မှာတောင် မပြတ်ခဲ့ပါဘူး။

ကေအိုင်အို ဆိုတာ အခုမှ ဗူးပေါ်သလို ပေါ်လာတာမဟုတ်၊ နိုင်ငံရေး အခြေခံ ကောင်းကောင်းနဲ့ သက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး ဘာလက်နက်မှ မရှိ၊ ဘယ် နိုင်ငံခြားကူညီထောက်ပံ့မှုမှ မရ တဲ့ ကြားက ပေါ်ထွက်လာခြင်း ဖြစ်တယ်။

ဗမာ စစ်တပ် စိတ်ကူးရင်တိုင်းသာ ဖြစ်လာမယ် ဆိုရင် အရင် နှစ် ၅၀ ကျော်မှာ အေကအိုင်အေ ပျက်သွားနိုင်ပါတယ်။ အခုတော့ အရင်ကထက် စည်းလုံးမှု အင်အား၊ မီဒီယာ အင်အား၊ လက်နက်အင်အား အစစ အရာရာ ပိုမိုကောင်းမွန်တဲ့ အချိန်၊ အစိုးရ တခု အုပ်ချုပ်မှု ယန္ဒရား အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လာတဲ့ အချိန်မှာ ပိုလို့တောင် မဖြစ်တော့ပါ။

ဒီတော့ ဒီလို ပေါ်လစီ တွေ ကစားနေမဲ့ အချိန်မဟုတ်ပါ။
စစ်တိုက်နေပါတယ် ဆိုမှ ရန်သူလာမဲ့ လမ်းကို ဖယ်ပေးရမယ် လို့ ဘယ် လက်နက်ကိုင် အဖွဲ့က လိုက်နာမှာလဲ။ ရန်သူ ဆိုတာ ရန်သူလိုပဲ ဆက်ဆံတာ ထုံးစံ။ ဗမာ စစ်တပ်အနေနဲ့ ကေအိုင်အေ နဲ့ ဆက်သွယ်တယ် ဆိုတဲ့ ပုဒ်မ နဲ့တောင် ကြိုက်သလို ဖမ်းပြီး လူမဆန်စွာ နှိပ်စက်၊ သတ်ဖြတ် နေတာ၊ ကေအိုင်အေ အဖွဲ့ကို လက်ဖမ်းနေတဲ့ ဗမာ လက်နက်ကိုင်အဖွဲ့ ရဲ စခန်းကို ၀င်စီးတာတော့ အတင်းအဖျင်းတွေ ပြော။

ကေအိုင်အေ ကို ထိုးစစ်ဆင်ဖို့ လက်နက် ပို့ဆောင်တဲ့ ရထား၊ ကား တွေကို ဖြတ်တိုက်တာကျတော့ ပြည်သူ့အကျိုးထိသလိုလို ဖွ....

ကမ္ဘာကို ရင်ဘောင်တန်းနိုင်ဖို့ နိုင်ငံရေး အပြောင်းအလဲ လုပ်နေပါတယ် ဆိုတဲ့ အစိုးရ ဒီလို ကလေး အကွက်တွေနဲ့ ဆက်ကစား နေရင်၊ ကမ္ဘာကို မပြောနဲ့ လာအို နဲ့ ဘင်္ဂလားဒေစ် ကိုတောင် မမီတော့ဘူး။

တိုင်းရင်းသားအားလုံး လိုအပ်နေတဲ့ အခွင့်အရေး ပေးခြင်းဟာ မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေး နဲ့ ဆက်စပ်နေတယ် ဆိုတာ သတိထားမိရင်၊ နိုင်ငံရေး အပြောင်းအလဲ ဆိုတာ ပိုလွယ်မှာပါ။

မဟုတ်ရင်တော့ အခု တိုင်းမှူးလုပ်နေတဲ့ လူတွေရဲ့ မြေးမြစ်အထိ ဆက်တိုက်နေအုံး။ ဆက်မွဲကြတာပေါ့။

1 comment:

  1. "ဆက်မွဲကြတာပေါ့။"

    အထိရောက်ဆုံး လိုရင်းစကားပဲ။
    တစ်ခုပဲရှိတာက နားလည်သင့်တဲ့လူတွေ နားလည်လား မလည်လား ဆိုတာပဲ။

    ===

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်