Tuesday, December 18, 2012

မြွေအရေခွံလဲ နိယာမ


မြွေ ဆိုတဲ့ သတ္တ၀ါဟာ အချိန်အခါ နဲ့ အလိုက် အရေခွံလဲ တဲ့ သတ္တ၀ါ ဖြစ်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် ကြီးထွားခြင်းရဲ့ တဆစ်ချိုးအချိန်လို့လဲ ပြောလို့ရပါတယ်။ မြွေတကောင် အရေခွံလဲ လိုက်ခြင်းသည် သူ့ခန္ဓာကိုယ်တခုလုံး ပြောင်းသွားခြင်းမဟုတ်၊ အတွင်းသား၊ ကလီစာများ နှင့် စိတ်ဓါတ်၊ အကျင့်၊ မာန၊ မှတ်ဥာဏ် စသော စိတ္တဇနာမ် အားလုံး တခုမကျန် အရင်အတိုင်းသာ ဖြစ်သည်။ ထို စိတ္တဇနာမ်များ ကို ပိုကောင်းလ
ာဖို့ ခန္ဓာကိုယ် ပိုပြီးဖွံ့ဖြိုးလာအောင် တဆစ်ချိုး အားဖြည့်ပေးခြင်းသာ ဖြစ်လေသည်။

လက်ရှိအစိုးရ….

မြွေအရေခွံလဲ အစိုးရ ဆိုပြီး နိုင်ငံတကာမှာ နာမည်ကြီးလာတဲ့ လက်ရှိ အစိုးရကော တကယ်တမ်း သူတို့ ကိုယ်ခန္ဓာ နဲ့ စိတ္တဇနာမ်များ ပြောင်းနိုင်ပါမည်လား? မဖြစ်နိုင်ပေ။ ဒီတော့ ပိုအားကောင်းလာဖို့ တဆစ်ချိုး အချိန်လား? ဖြစ်နိုင်ပါသည်။


ဦးပိုင် ကုမ္ပဏီ လီမိတက် နဲ့ မြန်မာ့စီးပွါးရေး ကော်ပိုရေးရှင်း ဆိုတဲ့ လုပ်ငန်းကြီး နှစ်ခုကို အစိုးရ ကိုယ်စား လုပ်ပိုင်ခွင့် အာဏာ အားလုံးလွှဲယူပြီး၊ မြန်မာ ပြည်သူတရပ်လုံး ပိုင်ဆိုင်မှု ဓန အားလုံးကို စစ်ဗိုလ်မိသားစု တစုအတွက် (တပ်မတော်သားအားလုံး မပါ) ၀ကွက် အပ်လိုက်လေပြီ။ မြန်မာ့မြေပေါ်၊ မြေအောက် သယံဇာတ နဲ့ မြေထု၊ ရေထု အားလုံးကိုလဲ ၂၀၀၈ အခြေခံ ဥပဒေ အရ နိုင်ငံတော် ပိုင် ဆိုပြီး ဥပဒေ ဆွဲထားခဲ့ပြီးပြီ။ ဒီတော့ ဒီ နိုင်ငံတော် ဆိုတာကြီးကို ထာဝရ ပိုင်နိုင်ဖို့က အရေးကြီးလာသည်။

ဒီ လုပ်ငန်းကြီးတခုလုံး ပိုမိုကြီးထွားဖို့ရန် လုပ်ရတော့မယ်လေ… မြွေလို အရေခွံလဲ ခြင်းအားဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဦးပိုင် ကရေစီ တည်ဆောက်အံ့၊ ဆိုတဲ့ ဆောင်ပုဒ် နဲ့ အညီ၊ မြွေများ အရေခွံလဲ လိုက်ပါတယ်။

မြွေအရေခွံလဲ အစိုးရ တက်ကတည်းက သာမန် ပြည်သူများအတွက် ဘာမှထူးခြားမှုများမရှိ၊ ဦးပိုင် နှင့် ဆက်စပ်လုပ်ငန်းများ ကြီးထွားဖို့ရန်အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု နဲ့ ဘဏ်လုပ်ငန်းများကို ဦးစားပေး လုပ်လာသည်။ စီပွါးရေး ပိတ်ဆို့တာ ရုတ်သိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ထုတ်ပြပြီးပြီ။ ဦးပိုင် အကျိုးကိုသာ မလုမချင်း မီဒီယာများလဲ ကြိုက်သလိုလုပ်စားခွင့် ပေးလိုက်ပြီ။ နိုင်ငံတကာမှာ တကယ်လည်း မျက်နှာရခဲ့ပါတယ်။ ဦးပိုင်ဈေးကွက်ကတော့ ကြီးတထက် ကြီးဖို့ပဲ ရှိပါတော့တယ်။ ဒါပေမယ့် မြေယာမြေ ဥပဒေ ဆွဲတော့ ဦးပိုင်အစိုးရ အနေနဲ့ အချိန်မရွေးသိမ်းလို့ရအောင် ထပ်ဖြည့်ထားသည်။ အကျိုးဆက်ကတော့ လက်ပံတောင်းတောင်မှာ အထင်အရှား တွေ့လာရပါပြီ။ ဦးပိုင်လုပ်သမျှ တရားမ၀င်တာ ဘာမှ မရှိ၊ ဥပဒေ အရ “တားတား စားချင်တာ စားလို့ရဘီ… ချောင်းလဲ အဆိုးတော့ဘူး.. ရင်လဲ အကျတ်တော့ဘူး…” ဖြစ်သွားပြီ။

၂၀၁၅ မှာ နိုင်ငံတော်ကို ဘယ်သူပိုင်မလဲ ဆိုတဲ့ အချက်ကို လူတွေ တော်တော်များများ စိတ်လှုပ်ရှားစွာ တွေးကြ၊ ပြောကြပါတယ်။ တကယ်တော့ ၂၀၀၈ အခြေခံ ဥပဒေ အရကို မြွေအရေခွံလဲ တွေပဲ နေရာ ပြန်ရမှာပါ။ နိုင်ငံတော်ကို လက်လွတ်လို့ မရဘူးလေ။ ဦးပိုင်ပြုတ်သွားမယ်။ တမတ်သားအဖွဲ့ကို လွတ်တော်က ဖယ်ထုတ်ဖို့ ပိုတောင် မဖြစ်နိုင်သေး။ ဒါဟာ ဦးပိုင်ရဲ့ အသက်သွေးကျောပဲ။ အဲဒီကိစ္စကို ဘယ် လွတ်တော်အမတ်မှ ထိရဲတဲ့လူ ရှိအုံးမှာလဲ မဟုတ်ပါ။

ဒီတော့ အရေခွံလဲထားတဲ့ မြွေကြီးဟာ ပိုပို ကြီးတထက်ကြီး၊ ထွားတထက်ထွားလာပြီး၊ မြန်မာပြည်ကြီးကို ထာဝရ မျိုစို့ ထားမည့် လက္ခဏာတော့ တွေ့နေပါတယ်။

မြွေအရေခွံလဲ ခြင်း နိယာမ ဟာ ပိုပြီး ပီပီပြင်ပြင် သိလာရတဲ့ အချက်တွေပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်