Friday, January 4, 2013

ခံယူချက် နဲ့ ခံစားချက် ချင်းတူရင် မဟာမိတ်တွေပါ။


 

မြန်မာ လူမျိုး အများအပြားဟာလဲ ၂၀၀၈ အခြေခံ ဥပဒေ ကို ပြင်လိုကြတယ်။ ကချင်တွေလဲ ၂၀၀၈ အခြေခံ ဥပဒေ ကို ပြင်လိုတာပါပဲ။  တိုင်းရင်းသားအများပိုင်းလဲ ၂၀၀၈ အခြေခံဥပဒေ ကို ပြင်ချင် ကြတယ်။ တပ်မတော်သားများ (နိုင်ငံရေး နားလည်သူများ) လည်း ပြင်ချင်မှာ အမှန်ပါ။

မပြင်ချင်တဲ့ လူတစ်စုတော့ ရှိနေတယ်။ ဒါဆိုသူတို့က လူနည်းစုပဲလေ။ ဒီမိုကရေစီမှာ လူတစ်စုက လုပ်ချင်သလို လုပ်လို့ ရသလား။ သူတို့ ဘာကို စိတ်ကူးသလဲ၊ သူတို့ ဘာကြောင့် မပြင်ချင်ရတာလဲ၊ မပြင်ချင်တဲ့ အကြောင်းပြချက် ကို ဘာဖြစ်လို့ ပွင့်ပွင့်လင်းလင်း မဆွေးနွေးချင်ရတာလဲ၊

ဒါတွေကို ဒီနေ့ မြန်မာပြည်သူတွေကြားမှာ မေးရမယ့် မေးခွန်းပါ။ အမြင်မတူ တိုင်း တိုက်မယ် ခိုက်မယ်၊ သေနတ် နဲ့ ဖြေရှင်းနေမယ် ဆိုရင် ဘာအကြောင်းမှ မထူးပါ။

၂၀၀၈ အခြေခံဥပဒေ ကို မလိုချင်တဲ့ ကချင်တော်လှန်ရေး ကိုတော့ အမြစ်ပြတ်တိုက်မယ်၊ တခြားလူတွေလဲ ရှိနေတာပဲ။ ကချင်တော်လှန်ရေး အဖွဲ့ပြောနေတာလဲ အခြေခံဥပဒေ ပြင်ပြီး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်တယ်။ ဒီမိုကရေစီ ဘက်တော်သားတွေလဲ ဒီသဘောသာ ဖြစ်တယ်။ ဘာဖြစ်လို့ ကချင်ကို တိုက်နေတာလဲ၊ ဒါဆို လူမျိုးရေး တိုက်ပွဲပေါ့။

ကချင်ကို တိုက်တာ မဟုတ်၊ ကေအိုင်အေ ကို တိုက်တာ လို့ မျက်စိတစ်ဖက်ပိတ်ပြီး ၀ါဒဖြန့်နေတဲ့ လူတွေလဲ အများကြီးပါ။ KIA ဆိုတာ အင်္ဂလိပ်လို၊ ဗမာ လိုက ကချင်လွတ်မြောက်ရေး တပ်မတော် ဖြစ်တယ်။

ကချင်လူမျိုးတွေနဲ့ Kachin Independence Organization ဆိုတာ ခွဲထားလို့ မရပါဘူး။ ကချင်လူမျိုးတွေရဲ့ လွတ်လပ်ခွင့် အတွက် ကေအိုင်အို ကို စုပေါင်း ဖွဲ့စည်းခဲ့တယ်။ ကျနော်ရေးနေတဲ့ စာတွေ၊ လူ့အခွင့်အရေး နဲ့ ဆိုင်တာတွေ၊ နိုင်ငံရေး အယူအဆတွေ အားလုံးဟာ အေအိုင်အို နဲ့ ကချင်လူမျိုးတွေရဲ့ ခံစာချက် တထပ်ထဲပါ။

Duwa Kachin ကျနော်ဟာ ကေအိုင်အေ စစ်သား မဟုတ်ဘူး။.. သို့သော် ကေအိုင်အေ စစ်သားလုပ်နေတဲ့ ကချင်လူငယ် တစ်ယောက်နဲ့ ကျနော်နဲ့ ခံစားချက် အတူတူ ဖြစ်ပါတယ်။

ဟံသာဝတီ ဦးဝင်တင် နဲ့ ကျနော်နဲ့ ခံယူချက်တူလျှင် ဗမာ တစ်ယောက်နဲ့ ကချင် တစ်ယောက် ခံယူချက် တူနေတာပဲလေ။ ကေအိုင်အေ ရဲ့ ခံယူချက်နဲ့လည်း တူနေပြန်ပါတယ်။

ဒါဆို ကျနော်တို့ ဘာကြောင့် စစ်ဖြစ်နေရတာလဲ၊ ဘယ်သူ့ကြောင့် စစ်ဖြစ်နေရတာလဲ၊ တခုချင်း စဉ်းစားရမှာပါ။

စစ်ဝါဒီ သမားများကတော့ မိုင်းခွဲလို့၊ တံတားဖျက်လို့ ပြောပါလိမ့်မယ်။ စစ်ဖြစ်ပါတယ် ဆိုမှတော့ ဖျက်မှာပေါ့။ စစ်ရာဇ၀တ်မှုသာ မကျူးလွန်နဲ့။

ပြည်တွင်းစစ်မှာ...

ရန်သူ့လမ်းကြောပိတ်စို့ဖျက်တောက်တာ (ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း၊ ဖျက်)
အခွန်ကောက်တာ
ရန်သူ့အုပ်ချုပ်မှု ယန္တရား လည်ပတ်မှု ဟန့်တား နှောက်ယှက်တာ..
လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်တာ......
စစ်ကြောင်းခံတိုက်တာ.. ခြုံခိုတိုက်တာ...

စစ်ရာဇ၀တ်မှု မဟုတ်...

မဒိမ်းကျင့်တာ..
အရပ်သား အသက်၊ အိုးအိမ်၊ စည်းစိမ် ဖျက်စီးတာ...
ဖမ်းဆီးစစ်သုံ့ပန်းများကို ဥပဒေမဲ့ သတ်ပစ်တာ....
အရပ်သားများကို ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင် နှိပ်ကွပ်တာ...
ပေါ်တာဆွဲတာ...
ဓါတုလက်နက် အသုံးပြုတာ...
အရပ်သား နေအိမ်၊ မြို့ရွာများပေါ် လေယဉ် ဗုံးကျဲတာ...
စစ်မကြေငြာပဲ တိုက်တာ....
လူမျိုးတုန်း စစ်ဆင်နွဲတာ....

စစ်ရာဇ၀တ်မှု ဖြစ်ပါတယ်။

 မြန်မာ့ တပ်မတော်ရဲ့ ဥပဒေ နဲ့ မညီဘူး လို့ ဆိုကောင်း ဆိုနိုင်ပါတယ်။ သို့သော် နိုင်ငံတကာ ဥပဒေမှာ ဒီလိုပဲ ပြဌာန်းထားပါတယ်။

ဒီနေ့ မြန်မာ့တပ်မတော်အနေနဲ့ ကချင်တွေကို သီးသန့် ထိုးစစ်ဆင်တာ ဘယ်သူ့အတွက်လဲ၊ ဘာများ သဘောထားမတိုက်ဆိုင်လို့လဲ... သဘာထားတိုက်ဆိုင်အောင် ဘာများလုပ်ခဲ့ပြီးပြီလဲ။
ဒီလို မေးလိုက်ရင် အစိုးရ သတင်းစာမှာ ဖြေရှင်ချက်ပေးသလို ဘယ်နှစ်ခါ တွေ့ပြီးပြီ လို့ ဆိုကောင်း ဆိုနိုင်ပါတယ်။ အခေါက်တစ်ထောင် တွေ့လဲ လက်တွေ့ မလိုက်နာရင် ဘယ်တော့မှ အပစ်ရပ်နိုင်မှာ မဟုတ်ပါ။

သေချာတာ တခုက လွတ်လပ်ခြင်းကို မျော်လင့်သူတိုင်း နဲ့ အတ္တအကျိုးစီးပွါးကင်းကင်း စဉ်းစားသူတိုင်း ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဖို့ သဘောထား အတူတူ ဖြစ်ပါတယ်။ ဒါဟာ လူမျိုးနဲ့ မဆိုင် လူ့သား ဖြစ်တည်မှု နဲ့ ဆိုင်ပါတယ်။

ဒါဆို ငါတို့ မဟာမိတ် ဖြစ်နိုင်မလား။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်