Saturday, June 22, 2013

ခေတ်သစ် လူ့ယဉ်ကျေးမှု နားမလည်တဲ့ ဦးဝီရသူ

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းက ဦးဝီရသူ ကို မျက်နှဖုံးရှင် လုပ်ထားပြီး အကြမ်းဖက်သမား ဘင်လာဒင်နဲ့ ခိုင်းနှိုင်းထားတော့ မြန်မာနိုင်ငံသား တော်တော်များများအတွက် ဘ၀င် မကျ စရာ ဖြစ်လာရပါတယ်။ မြန်မာ နိုင်ငံသား ဖြစ်နေတဲ့ ဒူဝါ တို့လဲ ငါးခုံးမ တစ်ကောင်ကြောင့် တလယ်လုံးပုပ်သွား တာပေါ့ကွာ။ ဘာပဲ ဖြစ်ဖြစ် ရှက်တတ်တဲ့လူတွေ အတွက်တော့ ရှက်စရာကြီးပေါ့ကွာ... မြန်မာ နိုင်ငံသားတွေ အရိုင်းအစိုင်းကောင် ဖြစ်သွားတာကိုး။

မိတ္ထီလာအဓိကရုဏ်းအပြီးမှာ တိုင်းမ် မဂ္ဂဇင်း သတင်းထောက်က ဦးဝီရသူ ကို သွားဗျူးတဲ့အခါ ဘာပြောလဲ ဆိုတော့၊ ၉၆၉ ကို လူတွေက အကြမ်းဖက်ဂိုဏ်းလိုလို အမျိုးမျိုးပြောကြတယ်။ ဗုဒ္ဓဘာသာလဲ သိက္ခာကျနေတယ်။ အဲဒါကြောင့် ကမ္ဘာက ဖြစ်ရပ်အမှန်သိရအောင် ပြောပြပေးပါ။ လို့ တောင်းဆိုသတဲ့။

အဲဒါကို ဦးဝီရသူ က ကမ္ဘာ့ဇာတ်ခုံအကြောင်း ဘာမှ နားမလည်။ သူ့ခံစားချက်အတိုင်း မူဆလင် ဆန့်ကျင်ရေး ကို ပြောင်ပြောင်တင်းတင်း ပြောချလိုက်တယ်။ မိတ္ထီလာမှာ ဥပဒေမဲ့ လူသတ်တာ သူပဲ ဦးဆောင်သလိုလို၊ ဗမာတွေလုပ်တာအားလုံးမှန်သလို၊ အဲဒီ လူသတ်ပွဲက အမျိုး၊ ဘာသာ၊ သာသနာကာကွယ်သယောင် ပြောတော့ ပိုဆိုးပြီပေါ့။ တကယ်တော့ အဲဒီ သတင်းထောက်မျော်လင့်တာက ၉၆၉ ဆိုတာ အဲဒီ ကုလားသတ်ပွဲနဲ့ မဆိုင်တဲ့ အကြောင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး အနေနဲ့ မိတ္ထီလာလူသတ်ပွဲကို အားပေးခြင်းမရှိ၊ အဲဒီလို လုပ်တဲ့လူတွေကို ရှုံ့ချတဲ့ အကြောင်း၊ အဲဒီ ဥပဒေမဲ့လူသတ်တာဟာ ဗုဒ္ဓဘာသာတရားနဲ့ ဆန့်ကျင်တဲ့ အကြောင်း၊ တွေ ပြောဖို့ မျော်လင့်တာပါ။

ဒူဝါက အဲဒီလို ပြောလိုက်ရင် ဦးဝီရသူ အဖွဲ့သားတွေက ဦးဝီရသူကိုယ်တိုင် လူသတ်တာ အားမပေးဘူး လို့ ပြောလိမ့်မယ်။ ဟုတ်ကဲ့ပါ... ဘာသာရေး ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်တွေက ကိုယ့်အဖွဲ့သားတွေကို သတ်စေ၊ လုပ်စေ လို့ ပြောင်ပြောင်တင်းတင်း ပြောစရာမလို၊ အရေးအကြီးဆုံးက အမုန်းတရား ဖြစ်ပွါးအောင် အကွက်ကျကျ ဝေဖန်တာနဲ့ကို လုပ်ချင်နေတဲ့ နောက်လိုက်တွေက စိတ်ချလက်ချ ဆက်လုပ်တော့တာပဲ။

ငယ်ငယ်တုန်းက မိဘ တွေက ဘယ်သူနဲ့ ရန်ဖြစ်ဖြစ် ကိုယ့်ကိုပဲ ရိုက်တယ်။ ဒီတော့ မိဘ တွေ အားမပေးဘူး ဆိုတာ အလိုလို သိလာတယ်။ ရန်ဖြစ်တာ မကောင်းဘူး ဆိုတာ သိလာတယ်။ တချို့ မိဘ တွေက ရန်ဖြစ်ရင် အကျိုးအကြောင်းတွေ ရှောက်မေး၊ ကိုယ့်သားသမီးမမှားတဲ့ အကြောင်းတွေ ဆင်ခြင်လိုက်ပေး ဆိုတာနဲ့ ပိုဆိုးကုန်တဲ့ သားသမီးတွေ အများကြီးတွေ့ဖူးပါတယ်။ ဘယ် မိဘ မှ ကိုယ့်သားသမီး တွေ အရပ်တကာ နဲ့ လိုက်ရန်ဖြစ်ဖို့ အားပေးတာတော့ မရှိ၊ တာပေမယ့် ရန်ဖြစ်တိုင်း မတားမြစ်ခြင်းကိုက သားသမီးအတွက် အားဆေး တခွက် ဖြစ်သွားတာ မသိကြပါ။ ငါမမှားရင် ပြီးတာပဲ၊ ဆိုပြီး ကိုယ့်ဖက်က အမှန်လို့ ထင်ရင် ရန်ဖြစ်ဖို့ ၀န်မလေးတော့ပါ။ ရန်ဖြစ်တဲ့ ဖြစ်ရပ်တိုင်းမှာ နှစ်ဖက်စလုံးရဲ့ အမြင်တွေ ကိုယ့်ဖက်က အမှန်လို့ ထင်တတ်တာချည်းပါ။

ဦးဝီရသူ နဲ့ မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် အချို့လဲ သူတို့ ကိုယ်တိုင်တော့ လူသတ်တဲ့ နေရာ လိုက်ပြီး အားပေးမှာတော့ မဟုတ်ပါ။ ဒါပေမယ့် အဲဒီ လူသတ်နေတဲ့ အကြမ်းဖက်သမားတွေကို အမှန်ခြစ်ပေး လိုက်ခြင်းဟာ မီးလောင်ရာလေပင့် ဆိုသလို ဖြစ်လာတယ်။ ပိုဆိုးတာက သူတို့ ကိုယ်တိုင် ပြောနေတဲ့ မူဆလင် ဆန့်ကျင်ရေး တရားဟောချက်တွေဟာ ခေတ်သစ်ကမ္ဘာရဲ့ Civilization သဘောထားအမြင်နဲ့ ကင်းကွာနေတယ် ဆိုတာ မသိတဲ့အချက် ဖြစ်ပါတယ်။

ယဉ်ကျေးတဲ့ လူ့အတိုင်းအ၀ိုင်းမှာ ဒီလို ဘာသာရေး ခေါင်းဆောင်အဆင့် ရှိတဲ့လူတွေဟာ ဘာသာခြား၊ လူမျိုးခြား တွေကို  ပြောင်ပြောင်တင်းတင်း ဆန့်ကျင်တာ ခေတ်က မှန်တယ်လို့ လက်မခံတော့ပါဘူး။ အဲဒီလို ဆန့်ကျင်တဲ့ လူမျိုး၊ ဘာသာရေးခေါင်းဆောင် တွေကိုလဲ အကြမ်းဖက်သမား အနေနဲ့ သတ်မှတ်ကြပါတယ်။

ဦးဝီရသူ ပြောတဲ့ အချက်တွေမှာ ဒူဝါ အနေနဲ့ လုံးဝ လက်မခံ နိုင်တဲ့ အချက်တွေ ရှိတယ်။

ကျုပ်က မူဆလင်မဟုတ်ဘူး။

(၁) မြန်မာနိုင်ငံမှာ ဖြစ်တဲ့ မဒိမ်းမှုရဲ့ ၁၀၀ ရာခိုင်နှုန်းဟာ မူဆလင် တွေ ဖြစ်တယ်၊ မြန်မာတွေ ဒါမျိုးမလုပ်ဘူး၊ ဆိုတဲ့ အချက်။ (အစီရင်ခံစာ နဲ့ သုတေသန အထောက်အထား မပြနိုင်ဘူး။) သိပ်မကြာခင်ကပဲ ရန်ကုန်တိုင်း ရဲဌာနချုပ်က ထုတ်ပြန်တဲ့ သတင်းမှာ ရန်ကုန်တိုင်းထဲမှာ ပြီးခဲ့တဲ့ ၅ လအတွင်း မဒိမ်းမှု ၆၁ မှု ဖြစ်ပွါးခဲ့တယ်၊ လို့ ဆိုပါတယ်။ မူဆလင် လို့ ပြောမထားပါဘူး။ တိုင်းရင်းသားဒေသ တွေမှာ မဒိမ်းမှု ဖြစ်နေတာ မူဆလင်တွေ မဟုတ်ဘူး၊ ဗမာ စစ်တပ် ဖြစ်ပါတယ်။ (အမှန်အကန် အစီရင်ခံစာတွေ ရှိတယ်။)

(၂) မြန်မာ ဗုဒ္ဓဘာသာဝင်တွေဟာ ဘယ်တော့မှ အကြမ်းမဖက်ဘူး လို့ ပြောတယ်။ အကြမ်းဖက်တယ် ဆိုတာ ခေတ်သစ် မူဆလင် အကြမ်းဖက်သမားများလုပ်သလို ဗုံးခွဲမှ သမုတ်တာ မဟုတ်။ မြန်မာဘုရင်တွေ ထိုင်းမှာ လုပ်သွားတာတွေ အများကြီးပါ။ တိုင်းရင်းသား ဒေသတွေမှာ လက်ရှိလုပ်နေတဲ့ ဥပဒေမဲ့လူသတ်မှုတွေဟာလဲ အထင်အရှား ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ တနှစ်အတွင်း ဖြစ်ပျက်နေတဲ့ နိုင်ငံသားအချင်းချင်း သတ်ဖြတ်မှုတွေဟာ အဆိုးဆုံးပါ။

(၃) မြန်မာ နိုင်ငံသားတွေဟာ တခြားနိုင်ငံသွားရင် ပြဿနာ မရှာဘူး၊ အလုပ်ကြိုးစားပြီး အေးအေးဆေးဆေး နေကြတယ်။ ကုလားတွေက ဒီလို မဟုတ်ဘူး၊ လို့ ပြောတယ်။ အမှန်ဆိုရင် အခု မြန်မာ နိုင်ငံမှာ ရှိနေတဲ့ မူဆလင်တွေက နိုင်ငံသားပါ။ ထိုင်းမှာ ခိုးဝင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရာဇ၀တ်မှုတွေ သတင်းစာတွေမှာ ဖတ်လို့ မကုန်နိုင်ပါ။ ဒါပေမယ့် ထိုင်း နိုင်ငံသားတွေဟာ သူတို့ နိုင်ငံရဲ့ တရားဥပဒေ ကို ယုကြည်တယ်။ မြန်မာတွေကို မုန်းပေမယ့် မြန်မာ မောင်းထုတ်ရေး မလုပ်ဘူး။ အဲဒါက တိုးတက်လာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာဖို့ တရားဥပဒေ စိုးမိုးရေး နဲ့ လူ့အခွင့်အရေး ကို အလေးမထားလို့ မရတဲ့ အချက် ကြောင့် ဖြစ်ပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်