Thursday, June 13, 2013

နိုင်ငံခြားဧည့်သည်များကို ဟိုတယ် မှာ တည်းခိုင်းတဲ့ ကိစ္စ နဲ့ Home Stay ခေါ် အိမ်မှာ တည်းခွင့်ပြုတဲ့ ကိစ္စ နိုင်ငံ့ အကျိုးပြုပုံ ကွာခြားချက်။

မြန်မာအစိုးရ အနေနဲ့ ခေတ်အဆက်ဆက် နိုင်ငံခြားသား ဧည့်သည်များကို ဟိုတယ် ကလွဲပြီး နေအိမ် နဲ့ ရိုးရိုး တည်းခိုခန်း တွေမှာ မတည်းခိုင်းပါဘူး။ သူတို့ ပြောတာကတော့ လုံခြုံရေးအရ လို့ ပြောပါလိမ့်မယ်။ နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးလား၊ နိုင်ငံ့လုံခြုံရေးလား သေချာရေရာမသိ၊ ဆင်ခြေ အသေးစိတ်ကိုတော့ မသိပေမယ့်၊

- အာဏာရှင်တွေက သူတို့ လုပ်ရပ်တွေအတွက် နိုင်ငံခြားသတင်းထောက်တွေ မေးချင်ရာ လျှောက်မေးမှာ ကြောက်လို့လား၊
-ဒါမှ မဟုတ်၊ စုတ်ပဲ့နေတဲ့ မြန်မာနိုင်ငံသား အခြေခံလူတန်းစားတွေရဲ့ ဘ၀ကို ဖုံးကွယ်ထားချင်လို့လား။
- မြန်မာဟာ ကမ္ဘာမှာ အယဉ်ကျေးဆုံး၊ အဆင့်မြင့်တယ် ဆိုတာ ပြချင်လို့ ဟိုတယ် မှာပဲ တည်းခိုင်းသလား။ ဟိုတယ်မှာ ဆိုရင် မြန်မာ ဆန်ဆန် ၀တ်ပြမယ်ပေါ့။ ယဉ်ယဉ်ကျေးကျေး ဧည့်ကြိုတွေ ရှိမယ်... စသည်ဖြင့်ပေါ့။
- ဒါမှ မဟုတ် ... ဟိုတယ် လုပ်ငန်းရှင်တွေ အတွက် ၀င်ငွေရှာပေးတာလား... ဒါမှ ဟိုတယ် လိုင်စင်အတွက် ၀န်ကြီးတွေ ပွမှာလေ.... တခုခုတော့ တခုခုပဲ။

ဟိုတယ် မှာ တည်းခိုင်းတဲ့ ကိစ္စမှာ နိုင်ငံခြားသား ဧည့်သည်တွေ အနေနဲ့ တွေ့ကြုံရတာတွေ ဝေဖန်ကြည့်မယ် ဆိုရင်....


(၁) တခါတလေ ဧည့်သည်များရင် ဟိုတယ် ဈေးကြီးမယ်။ ရွေးစရာ လမ်းမရှိ။ ဟိုတယ် လုပ်ငန်းရဲ့ မရိုးသားမှုတွေ အရင်တွေ့ရတယ်။ နိုင်ငံတကာ ဟိုတယ် တိုင်းက အွန်လိုင်းပေါ်မှာ ဈေးနှုန်းအကုန် ရှင်းရှင်းလင်းလင်း ရေးထားပြီးသား၊ ကြိုတင်ပြီးတော့လဲ ငွေချေလို့ ရတယ်။ မြန်မာ့ ဟိုတယ် တွေကတော့ ရောက်လာပြီး မေးမှ ဈေးက တမျိုး ဖြစ်နေတာမျိုး။

(၂) ဟိုတယ် ၀န်ဆောင်မှုမှာ ဟိုတယ် ၀န်ထမ်းတွေ မြန်မာဆန်ဆန် ၀တ်စုံတော့ ၀တ်ထားပါရဲ့... နေရာတကာ ပိုက်ဆံတောင်းတဲ့ မျက်လုံးတွေပဲ တွေ့နေရတယ် လို့ နိုင်ငံခြား ဧည့်သည်တွေ ပြောတာ ကြားဖူးပါတယ်။ လေဆိပ်မှာလဲ ပျက်ဆံတောင်းတယ်... ဟိုတယ်မှာ.. ဧည့်ကြိုတွေ... နောက်ပြီး တိုးရစ်ဆိုက်တွေ အကုန်လုံး လိုလိုမှာ ပိုက်ဆံတောင်းတဲ့ မျက်လုံးလေးတွေက တန်းစီ လို့။ ဥပမာ... ပုဂံ၊ ညောင်ဦး လို နေရာတွေမှာ ကလေးလေး တွေက အစ နိုင်ငံခြား ဧည့်သည် ဆိုရင် ပိုက်ဆံ အလကားရတယ် လို့ မှတ်ပုံရတယ်။ ဒီတော့ နိုင်ငံခြားသားများအနေနဲ့ တွေ့ကြုံ ဆက်ဆံရတဲ့ မြန်မာပြည်သူတွေဟာ ပျက်ဆံတောင်းတဲ့ ပြည်သူတွေချည်း တွေ့နေရတာပါ။ တခါတလေ သူခိုး၊ လုယှက်တဲ့လူတွေနဲ့တောင် တွေ့သေးတယ်။ မြန်မာဟာ ယဉ်ကျေးတယ်၊ ဗုဒ္ဓဘာသာ ထွန်းကားတယ် ဆိုတာ သူတို့ ဘယ်နေရာ တွေ့နိုင်မလဲ။

(၃) တည်းခိုမဲ့နေရာ ခက်ခဲတော့ နောက်မလာ ချင်တော့ဘူး။ ဒီတော့ နိုင်ငံခြား ခရီးသွား များသင့်သလောက် မများတော့ဘူး။ မြန်မာပြည်မှာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေ ရောက်ဖူးချင်တဲ့ နေရာတွေ အများကြီးပါ။ ဒါပေမယ့် တည်းခိုရန် ဟိုတယ် အခက်အခဲကြောင့် မသွားလိုက်ရဘူး။ အဲဒါကို ဖြေရှင်းတဲ့ နည်းကတော့ အင်းလေး လို သဘာဝ ရှုခင်းနေရာမှာ ဟိုတယ်ဇုံ ဖွင့်ပြီး သဘာဝ ရှုခင်းတွေ ဖျက်လိုက်တယ်။

နိုင်ငံခြား ခရီးသွားတွေ ကြောင့် နိုင်ငံ့ဝင်ငွေ ရှိတယ် ဆိုတာ ဟိုတယ် တခုထဲနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ သူတို့ သုံးဖြုန်းတဲ့ငွေတွေ၊ ဈေးဝယ်တဲ့ ငွေတွေ၊ ခရီးသွားတဲ့အခါ သုံးတဲ့ ယဉ်စီးခ၊ အစားအသောက်ဖိုး တွေက နိုင်ငံ့ ၀င်ငွေပါ။ အဲဒီ နိုင်ငံအထဲ သယ်လာတဲ့ ငွေ ဘယ်လောက်ပဲ သုံးသုံး၊ သုံးဖြုန်းလိုက်ရင် အဲဒီ နိုင်ငံမှာ တခြားနိုင်ငံက ငွေ ၀င်လာတာပဲပေါ့။ ဒီတော့ ဧည့်သည်များလေ၊ နိုင်ငံအထဲကို ၀င်ငွေ များများ ၀င်လေ ပါ။

ဒါကြောင့် ထိုင်း နိုင်ငံက Home Stay Program ကို ဥပဒေ ပြုပြီး နိုင်ငံခြားဧည့်သည် တွေကို ကြိုက်တဲ့ နေရာ တည်းခိုင်းတော့တယ်။

ဟုမ်းစတေး ရဲ့ အမြတ် ကတော့...

(၁) ဧည့်သည်များလာတယ်။ ဧည့်သည်များလာတဲ့ အတွက် ဟိုတယ်မှာတည်းတဲ့လူလဲ လျှော့သွားတာ မရှိသလို၊ လိုင်းကား၊ အငှားယဉ်၊ ဈေးသည်၊ ခရီးသွားလမ်းညွန်၊ ဈေးဆိုင်၊ အိမ်ငှား၊ လမ်းဘေးဈေးသည် နယ်စွန်နယ်ဖျားက သစ်လုံးအိမ်၊ ၀ါးအိမ် တွေက အစ နိုင်ငံခြားသား ဧည့်သည် ပြည့်သွားတယ်။ ဆင်စခန်းတွေလဲ အလုပ်ဖြစ်လာတယ်။ တောကြီးနက်ထဲက အိမ်၊ ရေတံခွန် တွေကအစ နိုင်ငံခြားသားတွေ သွားလို့ ရနေတယ်။ ဒီတော့ ထိုင်းနိုင်ငံက နယ်စွန်နယ်ဖြား အားလုံး အကျိုးခံစားရတာပါ။

(၂) တကယ်တမ်းတော့ နယ်စွန်နယ်ဖြားက တောင်သူတွေ၊ တောရွာက ကျေးတောသားတွေ နဲ့ အတူ သွားနေခဲ့တဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းလူမှုအသိုင်းအ၀ိုင်း ကို ရိုးသားကြောင်း၊ ခင်မင်ဖွယ်ကောင်းကြောင်း၊ ထိုင်းတွေဟာ စိတ်သဘောထားကောင်းကြောင်း၊ ဗုဒ္ဓဘာသာဟာ ယဉ်ကျေးကြောင်း သက်သေခံကြပါတယ်။ ဘန်ကောက် ဆိုတာ နိုင်ငံတကာ အဆင့်မီတဲ့ တိုက်တာ အဆောက်အဦး၊ လမ်းတံတားတွေ ရှိပေမယ့် အဲဒီ မြို့ကြီးမှာ သူတို့ တွေ့ကြုံရတဲ့ ထိုင်းပြည်သူတွေက ပျက်ဆံရှာတဲ့ ထိုင်းတွေပဲ တွေ့တာပါ။ မရိုးသားဘူး။ ပြည့်တန်ဆာ တွေ၊ နိုင်ငံခြားသားတွေကို ညာစားတဲ့ ပွဲစားတွေ၊ ဂျင်မ တွေ နဲ့ပဲ တွေ့နိုင်တယ်။ ဟုမ်းစတေး ကြောင့်ပဲ တောရွာက ရိုးသားတဲ့ ထိုင်း ပြည်သူတွေ ကြောင့် ထိုင်းဆိုတာ နေချင့်စဖွယ် နိုင်ငံပါ၊ လို့ ကမ္ဘာမှာ နာမည်ကြီးလာတာ ဖြစ်ပါတယ်။ အခုလဲ ထိုင်းမှာ လာနေတဲ့ ပင်စင်စား နိုင်ငံခြားသားတွေ အများကြီး ပါပဲ။ သူတို့ရတဲ့ ပင်စင် တွေ အားလုံး ထိုင်းတောရွာတွေမှာ လာဖြုန်းကြလို့ ထိုင်းနိုင်ငံမှာ ငွေလည်ပတ်နှုန်းများလာတာ ဖြစ်ပါတယ်။

(၃) ဟုမ်းစတေး ကြောင့် နယ်စွန်နယ်ဖြား ပြည်သူအားလုံး ခရီးသွားလုပ်ငန်းရဲ့ အသီးအပွင့်တွေ ခိုးစားနိုင်တယ်။ ငွေပင်ငွေရင်းလည်ပတ် နှုန်းများလာမယ်၊ ၀ယ်လိုအား များလာပါတယ်။ အဲဒါကိုက နိုင်ငံတကာနဲ့ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေအတွက် အကျိုးအမြတ် ဖြစ်နေတာပါ။

(၄) မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာသိစေချင်ရင် မြို့ပေါ်က ဟိုတယ် တွေနဲ့ပဲ မဆက်ဆံခိုင်းပါနဲ့၊ ရိုးသားတဲ့ မြန်မာ့လူမှုအသိုင်းအ၀ိုင်းနဲ့ ထိတွေ့ဆက်ဆံခိုင်းပါ။ အဲဒါ တောမှာပဲ ရှိတယ်။ သူတို့ သွားနေရင် လက်တွေ့ မြင်ရ၊ ခံစားရပါလိမ့်မယ်။

မြန်မာပြည်ကို အမြန် တိုးတက်စေချင်လို့ပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်