Thursday, June 6, 2013

မကောင်းဆိုးဝါးမွှေတဲ့ ဒုက္ခ

Old monsters stirring up trouble

Straits Times, Published on Jun 02, 2013

ယခင်အစိုးရဟောင်းအုပ်စုများထဲက မြေတောင်မြှောက်ပေးခဲ့တဲ့ ပြည်တွင်းအကြမ်းဖက်ဂိုဏ်းက ဒီမိုကရေစီကို ဖြိုလဲပျက်ပြားစေဖို့လုပ်ဆောင်နေတယ်လို့ တချို့ကပြောနေကြတယ်။

အေးဆေးငြိမ်းချမ်းတဲ့ ရှမ်းပြည်နယ် လားရှိုးမှာ လွန်ခဲ့တဲ့ သီတင်းပတ်က (၂)ရက်ကြာ အကြမ်းဖက်မှုကြောင့် လူ ၈-ယောက်သေဆုံးခဲ့ပေမယ့် အစိုးရသတင်းက ၂-ယောက်သာ သေသည်ဟု သတင်းထုတ်ပြန်ခဲ့တယ်။ ဒီလို ယခင်နဲ့ပုံစံတူ တစ်နိုင်ငံလုံးကို တုန်လှုပ်ချောက်ခြားစေတဲ့ နောက်ထပ်သွေးမြေကျမှုပုံရိပ်များဟာ မြန်မာနိုင်ငံရဲ့ပုံမှန် ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါပြီ။ စံနစ်တကျ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်လူအုပ်စုဟာ မြို့ထဲဝင်ရောက်လာပြီး မွတ်စလင်မ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်။

ဒီလို တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူရှိတာကို အမျိုးမျိုးထင်ကြေးပေးနေကြသော်လည်း၊ ဒီလိုဖြစ်ရပ်တွေဟာ အစိုးရရဲ့ ဥပဒေစိုးမိုးရေးလုပ်ဆောင်ချက်တွေကို စိန်ခေါ်နေပါတယ်။ အရေးအကြီးဆုံးက လူမျိုး၊ ဘာသာ ပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ ဒီဖြစ်ရပ်ဆိုးတွေနဲ့ တွေ့ကြုံစမ်းသပ်ခံနေရပါတယ်။
ရှေ့အပတ် နေပြည်တော်မှာ ကမ္ဘာ့စီးပွားရေး forum ကို စဖို့ရှိတဲ့အတွက် ယခုအခါ လားရှိုးမြို့မှာ တည်ငြိမ်အောင် စစ်တပ်ချထားရပါတယ်။

ဒီလိုဖြစ်ရပ်တွေ ဆက်လက်ဖြစ်ပေါ်နေခြင်းဟာ အစိုးရက အကြိမ်ကြိမ်ပေးထားတဲ့ ဥပဒေစိုးမိုးရေးဆောင်ရွက်နေတယ် ဆိုတဲ့ ကတိတွေ၊ ခွဲခြားမှုမရှိပါဘူးဆိုတဲ့အပြောတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတယ်။ ပြည်ပမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ၊ စောင့်ကြည့်လေ့လာနေသူတွေက ဆယ်စုနှစ်များစွာ စစ်တပ်နှင့်လက်နက်ကိုင် တိုင်းရင်းသားတွေအကြား -စစ်တပ်နဲ့အစိုးရအကြားမှာ တစ်နည်းမဟုတ်တစ်နည်း ရှုပ်ထွေးပွေလီကွဲပြဲနေတဲ့ မြန်မာနိုင်ငံကို ဘယ်လိုမှ နားမလည်နိုင်အောင် ရှိနေပါတယ်။

လားရှိုးမှာ ဗုဒ္ဓဘာသာဝင် ရှမ်းလူမျိုးနဲ့ မွတ်စလင်မ်ကြားမှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ယခင်အပတ်က တိုက်ခိုက်ခံရတဲ့ မွတ်စလင်မ်တွေကို ရှမ်းဘုန်းကြီးများက သူတို့ရဲ့ ဘုန်းကြီးကျောင်းမှာ ကာကွယ်ခိုလှုံခွင့်ပေးထားခဲ့ပါတယ်။

ရှမ်းဘုန်းကြီးအုပ်စုတစ်စုက ဒီလို စတင်အကြမ်းဖက်တာ ဗမာတွေကလုပ်တာ၊ ရှမ်းတွေကလုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီပြဿနာကို စဖြစ်စေတဲ့ ဗုဒ္ဓဘာသာ အမျိုးသမီးကို မီးရှို့တဲ့ မွတ်စလင်မ်ဆိုသူဟာ လားရှိုးမြို့က မဟုတ်ပါဘူးလို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။ ဘယ်ကလာမှန်းမသိတဲ့ အပြင်လူတွေ ရုတ်တရက်ပေါ်လာပြီး ဗလီတစ်လုံး၊ မိဘမဲ့ကလေးကျောင်း နဲ့ မွတ်စလင်မ်အိမ်တွေကို စတင်ဖျက်ဆီးခဲ့ကြတာလို့ပြောကြတယ်။

လူ ၄၀ ကျော် သတ်ဖြတ်ခံရတဲ့ မိတ္ထီလာက မွတ်စလင်မ်တွကို အကြမ်းဖက်မှု၊ ပဲခူးမြို့က ဖျက်ဆီးမှုလုပ်ရပ်တွေဟာလည်း မြို့ပြင်ပမှ လူတွေ ပြုလုပ်ခဲ့တယ်ဟု မြို့ခံများက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တချို့ဆီက ကြားသိချက်အရ အကြမ်းဖက်အုပ်စုတွေဟာ အဓိကအားဖြင့် စွမ်းအားရှင်အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။ စွမ်းအားရှင်ဆိုတာ ယခင် စစ်အစိုးရလက်ထက်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖြိုခွင်းဖို့ စနစ်တကျ သင်ကြားပေးထားတဲ့ လက်ရဲဇက်ရဲ လူမိုက်လူယုတ်တွေ၊ ရာဇ၀တ်မှုကျူးလွန်ခဲ့သူတွေ၊ ကြံရာပါတွေနဲ့ ပါဝင်ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ စွမ်းအားရှင်ဆိုတာ အာဏာရှိသူ၊ အစွမ်းရှိသူ လို့ အဓိပ္ပါယ်ရတယ်။

၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ဒီပဲယင်းမှာ တိုက်ခိုက်လုပ်ကြံခဲ့တာ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကို ဖြိုခွင်းခဲ့တာလည်း ဒီစွမ်းအားရှင်တွေထဲကပဲလို့ အများက ယုံကြည်နေကြတယ်။

လွတ်လပ်သောအာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၀၈ ခုနှစ် အစီရင်ခံစာမှာ “ ဒီအုပ်စုရဲ့တည်ရှိမှုနဲ့လှုပ်ရှားမှုတွေကို အများသိပြီးဖြစ်တယ်။ တရားဝင် အသိအမှတ်ပြုအဖွဲ့အစည်းမဟုတ်သလို ပြည်တွင်းသတင်းမီဒီယာများကလည်း ဖော်ပြလေ့မရှိပါဘူး။ လူသိလည်း မခံတတ်ကြဘူး ” လို့ ဖော်ပြထားပါတယ်။

စွမ်းအားရှင်ဟာ ယခင် စစ်အစိုးရကို ထောက်ခံခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(USDA)ရဲ့ လက်ကိုင်တုတ်ဖြစ်ခဲ့တယ်။ အဲဒီအသင်းကတဆင့် (USDP)ပါတီအဖြစ်ပြောင်းလဲပြီး လက်ရှိအာဏာရပါတီဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ စွမ်းအားရှင်အုပ်စုနဲ့ ပတ်သက်မှု မရှိကြောင်း မျက်စေ့မှိတ်ငြင်းဆိုခဲ့ပါတယ်။

Taung Tha (တောင်သာ)လို့ခေါ်တဲ့နေရာမှာ ဗုဒ္ဓဘာသာဝင်ပြည်သူ့စစ်အဖွဲ့သစ်လည်း ပေါ်ပေါက်လာတယ်ဆိုပြီး နီးစပ်သူများထံက သတင်းတွေလဲ ထွက်ပေါ်လာတယ်။ တောင်သာမြို့ဟာ အလွန်အင်မတန် သဘောထားဆိုးတယ်လို့ လူသိများတဲ့ ဦးအောင်သောင်းရဲ့ မြို့ဖြစ်နေပါတယ်။ ဦးအောင်သောင်းဟာ ဗိုလ်ချုပ်ဟောင်းတစ်ယောက်ဖြစ်ပြီး၊ လက်ရှိအာဏာရပါတီ (USDP) ရဲ့ အရေးပါတဲ့ ရာထူးရှင်လဲ ဖြစ်ပါတယ်။

မိတ္ထီလာနဲ့ လားရှိုးက အကြမ်းဖက်တိုက်ခိုက်မှုတွေကို စံနစ်တကျ စီစဉ်ထားပြီး ပြီပြီပြင်ပြင် အကောင်အထည်ဖော်သွားခဲ့ပါတယ်။ လားရှိုးအကြမ်းဖက်မှုမဖြစ်ခင် ၂ ရက်အလိုက ဗုဒ္ဓဘုန်းကြီး ဦးဝီရသူဟာ လားရှိုးမြို့က ကီလိုမီတာ ၅၀ လောက်ဝေးတဲ့ မြို့တစ်မြို့မှာ သူရဲ့ဝသီအတိုင်း မွတ်စလင်မ် ဆန့်ကျင်ရေးတရားဟောခဲ့ပါတယ်။ စွမ်းအားရှင် နဲ့ ၀ီရသူဦးဆောင်တဲ့ ၉၆၉ တွေဟာ အပြန်အလှန် မှီခို ပူးပေါင်းဆောင်ရွက်နေကြတဲ့အဖွဲ့လို့ မြန်မာ့အရေးသုံးသပ်သူတွေက တင်ပြတယ်။

စွမ်းအားရှင်တွေက ပညာမတတ်တဲ့ တောင်သူလယ်သမားတွေကို မမှန်သတင်းများနဲ့ အမုန်းပွား ဒေါသထွက်အောင် လှုံ့ဆော်စည်းရုံးအင်အားစုခဲ့ပြီး၊ ပြဿနာကို မီးခွက်ထွန်းရှာနေခဲ့ကြတယ်။ စဖြစ်တာနဲ့ အရှိန်မြှင့်တင် ထိုးသွင်းလိုက်ကြတယ်။

မွတ်စလင်မ်တွေကို တိုက်ခိုက်ဖို့ ဓါးရှည်၊ မြက်ခုတ်လွှဓါး၊ ဆယ်ပေါင်တူ စတဲ့ လက်နက်များကို တပ်ဆင်ထားတဲ့ အကြမ်းဖက်သမားများကို ကားများနဲ့ စနစ်တကျ သယ်ယူပို့ဆောင်ပေးတာဖြစ်တယ်

သူတို့ တိုက်ခိုက်မှုပုံစံဟာ အလွန်ရက်စက်ကြမ်းကြုတ်ပြီး ရန်သူကို အချိန်ကိုက်နည်းစံနစ်နဲ့ စစ်ဆင်နေသလိုပါဘဲ။ တစ်စုံတစ်ရာ အရေးယူဖွယ်မရှိကြောင်း ကြိုတင်သိထားပုံရတယ်။ အပြစ်မဲ့သူကို ရန်သူအဖြစ် ဖန်တီးလိုက်ပြီး သို့မဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်အောင်ဖန်တီးပြီး တိုက်ခိုက်ကြမယ်။ အဲ့ဒီအခါ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့အောင် လမ်းကြောင်းပေးတတ်ကြပါတယ်။

ဒီလိုနည်းဗျူဟာကို အသုံးချခြင်းအားဖြင့် ပြည်သူ့လွှတ်တော်က လက်လှမ်းမမီတဲ့ မကိုင်တွယ်နိုင်တဲ့ အခြေအနေမျိုးဖြစ်နေသယောင် လုပ်ထားပါတယ်။ အကယ်၍ သက်တမ်းနုသေးတဲ့ ဒီမိုကရေစီဟာ ဖရိုဖရဲဖြစ်သွားမယ်ဆိုရင် (ဒါမှမဟုတ်) တစ်ချိန်က သူတို့ကို ချမ်းသာကြွယ်ဝစေတဲ့ အာဏာဆုပ်ကိုင်ထားမှု ဆုံးရှုံးသွားပြီး စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်လာမယ်ဆိုရင် ဒီလိုနည်းလမ်းတွေကို အမာခံပေါ်လစီတစ်ရပ်လို ပြည်သူ့လွှတ်တော်ကို ချုပ်ကိုင်နိုင်ဖို့ဖြစ်တယ်

လားရှိုးအကြမ်းဖက်မှုအပေါ် အစိုးရဘက်က တုန့်ပြန်မှုကတော့ မိတ္ထီလာထက်မြန်ဆန်ပါတယ်။ အနောက်နိုင်ငံက လူ့အခွင့်အရေးအုပ်စုတွေနဲ့ ဒီမိုကရေစီထောက်ခံအားပေးလှုပ်ရှားသူတွေဟာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ လျှော့ချဖို့တောင်းဆိုနေချိန်မှာ စစ်တပ်ကသာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်တယ်ဆိုတဲ့အမြင်ရောက်အောင် စစ်တပ်က လမ်းပေါ်ကို ပြန်တက် ရောက်ရှိလာပါတယ်။

ဗမာမျက်ကန်းမျိုးချစ်အမျိုးသားရေးဝါး နိုးကြားလာပြီး သမ္မတသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မြင်အောင်၊ ဒါ့အပြင် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု လမ်းလွဲသွားအောင် နိုင်ငံရေးကစားကွက်ကြီးလုပ်ရာမှာ မွတ်စလင်မ်တွေဟာ ထိုးကျွေးခံရတဲ့ နယ်ရုပ်လေးတွေဖြစ်နေပါတယ်လို့ မွတ်စလင်မ်တွေ ခံစားနေကြရပါတယ်။ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ တိုင်ပြည်အတွက်အရေးကြီးကြောင်းကိုလည်း တစ်ဖက်လှည့်နဲ့ ဖော်ပြလိုက်တာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ ဒီလို ဒီမိုကရေစီအပြောင်းအလဲကာလမှာ ဒီလို အစွန်းရောက် နှောက်ယှက်ဖျက်ဆီးမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့သတိပေးလိုက်ပေမယ့် ၊ မြန်မာ့နိုင်ငံရေးနဲ့အာဏာရေးမှာ ရက်စက်ကြမ်းကြုတ်မှုက ထာဝစဉ်ရှိနေပါတယ်။

ဒီကြောက်စရာကောင်းတဲ့ (old monsters) လက်ဟောင်းမကောင်းဆိုးဝါးတွေကို မထိန်းချုပ်နိုင်ရင် သမ္မတရဲ့အခန်းကဏ္ဍဟာ တဖြေးဖြေး မှေးမှိန်ချည့်နဲ့သွားမယ်လို့ သုတေသီများက သုံးသပ်ပြထားပါတယ်။

(ဟိုတနေ့က Straits Times မှာ ပါလာတဲ့ Old Monster အကြောင်း ဘာသာပြန်ပေးပါ ပြောလို့ သူငယ်ချင်း Closay Saw ပြန်ထားတဲ့ ဟာကို တင်ပြ လိုက်ပါတယ်။)

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်