Tuesday, June 11, 2013

မြန်မာတွေ ဘာလို့ ဆင်းရဲသလဲ?


အင်းလေးကန်မှာ ဟိုတယ်ဇုံအတွက် လယ်သိမ်းတယ်တဲ့။
 ဂျပန် ဘာလို့ ချမ်းသာသလဲ...

ရှင်းရှင်းလေးပါ... အစိုးရက လူတိုင်းရဲ့ ဓန ပိုင်ဆိုင်ခွင့် (Property Rights) ကို အာမခံ တယ်။ အဲဒါက လူ့အခွင့်အရေး ပါ။ လူတိုင်း လူတိုင်းမှာ မွေးရာပါ ပိုင်ဆိုင်ခွင့်၊ ဘိုးဘွားပိုင် ပစ္စည်း၊ ဘိုးဘွားပိုင်မြေ ပိုင်ဆိုင်ခွင့်၊ လက်ငုတ်မြေ ပိုင်ဆိုင်ခွင့်၊ အဲဒါတွေက အစိုးရ အနေနဲ့ လွယ်လွယ်သိမ်းလို့ မရ အောင် ကာကွယ်ထားပေးတဲ့ ဥပဒေ ရှိရမယ်။

ဥပမာ..  တရုတ် နဲ့ ပြဿနာ ဖြစ်နေတဲ့ Senkaku/Diaoyu ကျွန်းဟာ လူမနေဘူး၊ ဘာမှ စိုက်လို့လဲ မရဘူး၊ ကျောက်တောင်တထီးထဲ ပင်လယ်ပြင်မှာ ရှိနေတဲ့ ကျွန်း၊ ဒါပေမယ့် ဂျပန် တစ်ယောက်က ပိုင်တယ်တဲ့။ အဲဒါကို ဂျပန် အစိုးရ က ဒေါ်လာသန်းချီပေးပြီး ၀ယ်လိုက်တယ်။ နိုင်ငံတော်ပိုင် ဆိုပြီး အလကား မသိမ်းဘူး။ အစိုးရက၀ယ်လိုက်တယ် ဆိုတာ ဂျပန် နယ်နိမိတ် အပြင်ကဟာကို ၀ယ်လိုက်တာ မဟုတ်ပါ။ နှကိုယ်ကတည်းက ဂျပန်အစိုးရ ဥပဒေ အရ နိုင်ငံအထဲမှာ ရှိနေတဲ့ ကျွန်းကို ၀ယ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ အဲဒီ ဂျပန် ပိုင်ရှင်က ဘိုးဘွားလက်ထက် ကတည်းက သူတို့ မိသားစု ပိုင် ဆိုပြီး ရှိနေတာပါ။

မြန်မာ့ ဥပဒေ ကတော့ မဆလ ခေတ်ကတည်းက အမြစ်တွယ်နေတဲ့ ပြည်သူပိုင် ဥပဒေ ကို အခုထိ သုံးနေဆဲပဲ လို့ တွေးမိပါတယ်။ ပြည်သူပိုင် ဆိုတာ အများနဲ့ ဆိုင်သလို ထင်ရပေမယ့် တကယ်တမ်းတော့ အာဏာရှိတဲ့ လူတန်းစားတွေ အတွက်ပါ။ အထူးသဖြင့် ဗဟိုချုပ်ကိုင်မှု စနစ် ဗျူရိုကရေစီအထဲက ပုဂ္ဂိုလ်တွေဟာ သူတို့ စိတ်ကြိုက်မြေတွေကို နိုင်ငံတော် အမည်နာမ နဲ့ သိမ်းတယ်၊ နောက်တော့ သူတို့ ကိုယ်ပိုင် ပစ္စည်း ဖြစ်သွားအောင် လုပ်ယူမယ်။ ဒါပါပဲ။ အဲဒါကို ခရိုနီ စီးပွါးရေး စနစ် လို့ ခေါ်ပါတယ်။

အခုလဲ ဟော်တယ် လုပ်ငန်းရှင်အများစုက ကြံ့ဖွတ်ပါတီဝင် တွေပါ။ လွတ်တော်အမတ် ဖြစ်နေတဲ့ ဟော်တယ် လုပ်ငန်းရှင်တွေတောင် မနည်းလှပါ။ ဒါကြောင့် မြန်မာ့ ခရီးသွားလုပ်ငန်းကိုလဲ ဟော်တယ် အတွက်ပဲ လုပ်တယ်။ နိုင်ငံခြားသားတွေကို ဟော်တယ်မှာပဲ တည်းရမယ်၊ လို့ စည်းကမ်းထုတ်ထားတယ်။ ဘယ်နိုင်ငံမှာ မှ မရှိပါဘူး။ လူတိုင်းက ပြည်ဝင်ခွင့်ဗီဇာ ရှိရင် ကြိုက်တဲ့နေရာ တည်းလို့ ရပါတယ်။

အခြေခံ လူတန်းစားတွေအတွက်ကတော့ စိုက်ပျိုးမြေနေရာတွေဟာ သူတို့ ဘ၀ ပါ။ ဟော်တယ် လုပ်ငန်းရှင်တွေ အတွက်တော့ သူတို့ရဲ့ ချမ်းသားခြင်းကို ပိုအောင် လုပ်ယူတာပဲ ရှိပါတယ်။ တကယ်တော့ ဘာ ဟိုတယ်မှ ထပ်ဆောက်စရာမလိုပါ။ အင်းလေးလာတဲ့ ခရီးသည်တွေကို Home Stay ဆိုတဲ့ ဌာနေတိုင်းရင်းသား အိမ်တွေမှာ လွတ်လပ်စွာ တည်းခိုခွင့် အစီအမံ လုပ်လိုက်ပါ။ (Home Stay ဆိုတာ လက်ရှိ ထိုင်းနိုင်ငံမှာ ကျင့်သုံးနေတဲ့ ခရီးသွား လုပ်ငန်း အစီအစဉ် ဖြစ်ပါတယ်။ နိုင်ငံခြားသား ဧည့်သည် လက်ခံမဲ့ အိမ်တွေကို ကျန်းမာရေးအရ (အိမ်ကောင်းမကောင်း တော့ မဟုတ်၊ ဓနိအိမ် ဖြစ်ချင် ဖြစ်မယ်၊ အိမ်သာ၊ ရေချိုးခန်းအပြင်အဆင်၊ သန့်ရှင်းမှု၊ လုံခြုံရေး) စစ်ဆေးမှုတွေ၊ လုပ်ပြီး လက်မှတ်ထုတ်ပေးထားတာပါ။) ဒေသခံတွေ အတွက်လဲ ၀င်ငွေ ရမယ်။ ပတ်ဝန်းကျင်လဲ မပျက်စီးဘူး၊ နိုင်ငံခြားသားတွေအတွက် ပိုပြီး အဆင်ပြေမယ်၊ ပိုပြီးတော့ စိတ်ဝင်စားစရာဖြစ်လာမှာ အမှန်ပါ။

အခုတော့ ခရီးသွားဧည့်သည်တွေ အတွက်လဲ မဟုတ်ဘူး၊ ဌာနေ တိုင်းရင်းသားတွေ အတွက်လဲ မဟုတ်ဘူး၊ ဆိုတော့ ဟိုတယ် လုပ်ငန်းရှင်တွေ အတွက်ပဲ အစိုးရ အလုပ်လုပ်နေရော့သလား....

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်