Saturday, March 16, 2013

အလိုမတူလို့ နည်းမျိုးစုံနဲ့ ဆန္ဒဖေါ်ထုတ် သူတိုင်း သွေးထိုးမြောက်ပင့်လို့ မဟုတ်ပါ။


လက်ပံတောင်း တောင် အရေး ကိစ္စမှာ အစီရင်ခံစာ ကို မကြေနပ်လို့ သပိတ်မှောက်နေတဲ့ ဒေသခံများကို သွေးထိုးလို့ ဖြစ်ရတာ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူတွေ နဲ့ ဦးပိုင် ပေါင်းစား အဖွဲ့သားများက တညီတညွတ်ထဲ ထောပနာ ပြုကြတာ သတိထားမိပါတယ်။

တိုင်းရင်းသား တော်လှန်ရေး သမားများကိုလဲ နယ်ချဲ့က သွေးထိုးလှုံ့ဆော်လို့ ဆိုပြီး ၀ါဒဖြန့်ခဲ့ဖူးပါတယ်။ ထိုနည်း၎င်းပဲ စစ်အစိုးရ ခေတ် အတိုက်အခံလုပ်ခဲ့သူ မှန်သမျှကိုလဲ အနောက်တိုင်းသားများ သွေးထိုးလှုံ့ဆော်လို့ ဖြစ်ရတာ ဆိုပြီး ၀ါဒဖြန့်နေခဲ့တာ ဖတ်ဖူးကြမှာပါ။ အဆုံးစွန် ဒေါ်အောင်ဆန်းစုကြည် တောင် တချိန်တုန်းက အနောက်တိုင်းသားတွေရဲ့ လက်ပါးစေ၊ သူများ ပြောခိုင်းတိုင်း လိုက်ပြောနေတဲ့သူ လို့ စစ်အုပ်စုက သမုတ်ခြင်းခံခဲ့ဖူးပါတယ်။

တချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် ကို အားမနာ ပါးမနာ ကုလားမယား၊ ဆိုပြီး ၀ါဒဖြန့်နေခဲ့တဲ့ Myanmar Express မှာတော့ ထူးထူးခြားခြား ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အတွက် တပ်မတော် စိုးရိမ်ကြောင်း ရေးလာပါတယ်။
လက်ပံတောင်း တောင် ကိစ္စဟာ ဗမာလူ့အသိုင်းအ၀န်းထဲက အရှုပ်ထုတ်မို့လို့ လုပ်ရဲတဲ့လူတွေ များလာရခြင်း ဖြစ်ပါတယ်။ စစ်တပ်အပေါင်းအပါများက မတရား မြေသိမ်းထားခြင်းခံရတဲ့ ကျန်တိုင်းရင်းသား နယ်တွေမှာ မတရားမှန်းသိနေလျှက်နဲ့ ကြောက်လို့ ငြိမ်နေရတာပါ။ ဖါးကန့်မှာ ဆိုရင် မော်ဝမ်းရပ်ကွက်ဖက်မှာ ၁၉၉၃-၄ လောက်မှာ အခိုင်အမာ ရှိနေတဲ့ ကချင် ရပ်ကွက်ကို ဘာအကြောင်းမှ မကြားပဲ သိမ်းလိုက်တယ်။ တလအကြိုမှာ အပြီးဖယ်ပေးရမယ် ဆိုပြီး တိုက်တာ အဆောက်အဦး ပိုင်ရှင်တွေကို အမိန့်ပေးခဲ့ပါတယ်။ တကယ်လဲ တလ အကြာမှာတော့ ဘူဒူဇာ နဲ့ လာထိုးပါတော့တယ်။ အချိန်မှီ အိမ် မပြောင်းနိုင်တဲ့ လူတွေကို အိမ်ဖျက်ခ ပါ တောင်းသေးတယ်။ နောက်တော့ ဈေးသစ် တခု ဆောက်လိုက်ပြီး အာဏာပိုင်တွေ မျှဝေခံစားရပါတယ်။

ဖါးကန့်က တောင်တွေဆိုတာ ဘယ်နှစ်ခါ ပြောင်းသွားမှန်းတောင် မသိတော့ပါ။ နယ်ခံတွေက ကြိုက်လို့ မဟုတ်၊ အုပ်ချုပ်သူ လူတန်းစားများကို ပြန်ပြောရကောင်းမှန်း သိပေမဲ့ ကြောက်လို့ မပြောရဲရှာတာပါ။ ဘာမှ မပြောပဲနဲ့တောင် ကချင်ဆိုရင် အလိုလို ဖြဲခြောက် ထားတော့ ဒီလို ငြိမ်နေရတာ မဆန်းပါဘူး။

ဒါပေမယ့် လက်ပံတောင်းတောင်လို ဗမာ လူ့အသိုင်းအ၀ိုင်းထဲမှာတော့ ဒီလို မတရားလုပ်ခြင်း အပေါ် ပြန်တွန်းလှန်ရမယ် ဆိုတာ သိလာတာနဲ့ ဗမာ အချင်းချင်း ဆိုတော့ ဆန္ဒဖေါ်ထုတ်ဖို့ ၀န်မလေးကြပါဘူး။

ဆန္ဒဖေါ်ထုတ်ခြင်း ဆိုတဲ့ နေရာမှာ နည်းမျိုးစုံ ရှိပါတယ်။ လက်နက်ကိုင် တော်လှန်တာလဲ ဆန္ဒဖေါ်ထုတ်ခြင်း နည်းတမျိုးပါ။ လက်ရှိအစိုးရ ရဲ့ မူဝါဒ ကို မကြိုက်လို့ တော်လှန်နေတာ ဖြစ်ပါတယ်။ စားပွဲဝိုင်းမှာ ဖြေရှင်းလို့ မရတဲ့ အဆုံး လက်နက်ကိုင် တော်လှန်လာရခြင်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မူလ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်တာဟာ တစ်စုံတစ်ယောက်က သွေးထိုးလို့ ဆိုရင် အဲဒီတော်လှန်ရေး သမားများကို အသိဥာဏ်မရှိသူများ လို့ သွယ်ဝိုက်ပြောလိုက် သလိုပါပဲ။ တကယ်တော့ ဒီလို ဆင်ခြေဟာ စစ်မှန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် ပြဿနာ မှာ သိနိုင်ပါတယ်။

ဒီလို မတရားမှုကို တော်လှန်နေတဲ့ လူတိုင်းဟာ အစက တော်လှန်ရမှန်း မသိ ဖြစ်နေတာလဲ ရှိတတ်ပါတယ်။ ဥပမာ... အသက်မပြည့်သေးသူ မိန်းကလေး တစ်ယောက်ကို အဓမ္မ ပြုကျင့်တဲ့အခါ ကာယကံရှင် ကိုယ်တိုင်က တရား ဥပဒေ အရ သူမ မှာ အကျိုးခံစားခွင့် ရှိတယ် ဆိုတာ လူတိုင်း သိချင်မှ သိတာပါ။ သို့သော်လဲ အဲဒီ မတရားမှု ကို မတရားမှန်း သိနေတဲ့ လူတွေက အဲဒီ ကလေးမ အတွက် အကျိုးတော်ဆောင် လုပ်ပေးခြင်းဖြင့်သော် လည်းကောင်း၊ အကြံပေးခြင်းဖြင့် သော်လည်းကောင်း၊ ကူညီတာဟာ သွေးထိုးတာ မဟုတ်ပါဘူး။

ဒီလိုပဲ ရိုးအ တဲ့ မြန်မာပြည်သူတွေကို ဥပဒေ ကြောင်းအရ၊ လောကပါလ တရားအရ ကိုယ့်ရဲ့ မူလ ရပိုင်ခွင့်များ၊ လူ့အခွင့်အရေး နဲ့ ဆိုင်တဲ့ မူလ ရပိုင်ခွင့်များ၊ ကျယ်ပြန့်လှတဲ့ နိုင်ငံတကာ ဥပဒေ အရ ရပိုင်ခွင့်များကို လူတိုင်း မသိနိုင်သော်လည်း၊ သိနေတဲ့ လူတွေ၊ ပညာတတ်တွေ အနေနဲ့ သူတို့ မသိသေးတဲ့ သူတို့ ရဲ့ အခွင့်အရေးများကို ပြောပြတာဟာ သူတို့ကို ကူညီနေသူများသာ ဖြစ်ပါတယ်။ သွေးထိုးနေသူများ မဟုတ်ပါ။ သွေးထိုးတယ် ဆိုရင်တောင် သူတို့ အကျိုးအဖို့ သိနေလို့သာ အခုလို ဆန္ဒပြလာရခြင်း ဖြစ်ပါတယ်။

အကြွင်းမဲ့ အာဏာရှင် ဘုရင်ခေတ်တုန်းက ပြည်သူတွေဟာ အစိုးရမင်းများကို ပြန်ချေပ ပိုင်ခွင့် ရှိတယ် ဆိုတာ မသိခဲ့ပါဘူး။ ရှိလဲ မရှိဖူးပါဘူး။ ဒါပေမယ့် ဒီခေတ် ဒီအခါမှာ လူသားကမ္ဘာ ပြောင်းလဲလာတာနဲ့ အမျှ ဒါကို မတရားတဲ့ လူ့အသိုင်းအ၀ိုင်း အနေနဲ့ မြင်လာတယ်။ ဒါကြောင့် ဘုရင်ရှိတယ် ဆိုရင်တောင် စည်းမျဉ်းခံ ဘုရင်စနစ်ပဲ ရှိပါတော့တယ်။ မြန်မာ နိုင်ငံလို ဒီမိုကရေစီ စနစ်ကို သွားကြမယ် ဆိုရင် လူတိုင်းမှာ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့် ရှိတယ် ဆိုတာ မမေ့သင့်ပါ။ နောက်ပြီး အခုလို လူတစ်ဦး တစ်ယောက်သာ မကပဲ၊ လက်ပံတောင်းတောင် စီမံကိန်း တည်ရှိရာ ပတ်ဝန်းကျင် အနီးတ၀ိုက်က ရွာ ပေါင်းများစွာက ပြည်သူတွေဟာ အားလုံး အရွယ်မရောက်သေးသူ များ မဟုတ်ပါဘူး။ သူတို့မှာ ကိုယ်ပိုင်ခံစားချက် ရှိလို့သာ အခုလို ဆန္ဒဖေါ်ထုတ် လာရခြင်း ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက် က မြောက်ထိုး ပင့်ကော် လုပ်လို့ မိုက်နေတဲ့ လူတန်းစား မဟုတ်ဘူး ဆိုတာ သိထားသင့်ကြောင်းပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်