Thursday, March 20, 2014

အိုင်ဒန်ဒတီ (Identity)

by Leonard Shinra Chan

မြန်မာနိုင်ငံရဲ့ တိုက်ပွဲဟာ အိုင်ဒန်ဒတီ တိုက်ပွဲဖြစ်ပါတယ်။ လူမျိုးပေါင်းများစွာက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဒီကနေ့ အထိ လှုပ်ရှားမှုများရှိနေကြခြင်းဟာ မိမိတို့ အိုင်ဒန်ဒတီ ကို ထိန်းသိမ်းကာကွယ်လိုတဲ့အတွက်ပါ။ ကျနော်တို့ ဟာ ကမ္ဘာကြီးပေါ်က ကိုလိုနီခေတ် ကုန်လွန်သွားတဲ့နောက်မှာမှ အကျဉ်းကျခံထားရတဲ့ လူ့ အခွင့်အရေး ချိုးဖေါက်ခံလူသားများ ဖြစ်လာကြတဲ့အခါ မိမိတို့ ရဲ့ အိုင်ဒန်ဒတီကို စွဲကိုင်ရတော့ မယ်လို့  ပိုမို ခံယူလာခဲ့ကြတယ်။ ဒီအိုင်ဒန်ဒတီဟာ ကျနော်တို့ ရဲ့ လွတ်လပ်စွာဖြစ် တည်မှုတွေ၊ အခွင့်အရေးတွေ၊ သမိုင်းတွေ၊ ရိုးရာအမွေအနှစ်တွေကို သယ်ဆောင်နေ တဲ့ ဂုဏ်သိက္ခာဖြစ်တယ်လို့  ယုံကြည်ကြတယ်။ ဒီအိုင်ဒန်ဒတီဟာ ကျနော်တို့ ရဲ့  အနာဂတ် အထိပါတယ်လို့ ရိုးရှင်းစွာ ခံယူထားကြသူများပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့ ဟာ လူသားဖြစ်မှုအခြေခံဆိုတဲ့ ရှုဒေါင့်ကနေ ဘယ်တော့မှ လုံလောက်စွာ ဦးစားပေး မခံခဲ့ရလို့ လဲ ဖြစ်တယ်။ လူ့ ဂုဏ်သိက္ခာဆိုတာ ကိုယ်ကိုယ်တိုင်က တပိုင်တနိုင်လေး အုပ်စုဖွဲ့ တည်နိုင်မှ ရရှိနိုင်တဲ့အရာမျိုးလို့  ဘ၀ကနားလည်လာစေ ခဲ့တော့ အိုင်ဒန်ဒတီ ဆိုတာဟာ ကျနော်တို့ လူတိုင်းအတွက် အလွန်အရေးကြီးတဲ့ အသွေးအသက်ဖြစ်လာခဲ့တယ်။ တကယ့်တကယ်မှာလဲ ဒီအိုင်ဒန်ဒတီများဖြစ်တည် လာခဲ့ရတာ သွေးနဲ့ ၊ ချွေးနဲ့ ၊ ဘ၀နဲ့ ၊ တိုက်ပွဲများနဲ့ ၊ အချိန်ကာလများနဲ့  ရင်းနီးခဲ့ရတာ ကြီးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအိုင်ဒန်ဒတီကြောင့် ကျနော်တို့ ဟာ ထပ်ခါထပ်ခါ နာကျဉ်ရတယ်၊ ခံစားရတယ်၊ အနှိမ်ခံရတယ်၊ အထုအထောင်းခံရတယ်၊ အသက်ပေး ခဲ့ရသူတွေရှိတယ်၊ ပြီးတော့ ကျနော်တို့ ဟာ ဒီအိုင်ဒန်ဒတီကြောင့်ပဲ ပိုမိုသတ္တိတွေ ရှိလာခဲ့ကြတယ်၊ ပိုမိုစွန့် စား လာခဲ့ကြတယ်၊ ပိုမိုပေးဆပ်လာခဲ့ကြတယ်၊ ပိုမိုမာကျော လာခဲ့ကြတယ်၊ ပိုမိုရင့်ကျက် လာခဲ့ကြတယ်။ ပိုမို ယဉ်ကျေးလာသလို ပိုလို့ လဲ ခက်ခဲကြမ်းတမ်းမှုများးကို ရင်ဆိုင်ဖို့  တခါတရံမှာ အသင့်ဖြစ်နေခဲ့ကြတယ်။


အိုင်ဒန်ဒတီနဲ့ ကျနော်တို့ ရဲ့ ဘ၀များဟာတခုထဲအဖြစ်နဲ့ တည်နေပြီး ကမ္ဘာမှာ သူလိုကိုယ်လို လူသားတစ်ဦးအဖြစ် အသိအမှတ်ပြုခံရဖို့ ၊ အသက်ဆက်ရဖို့ ၊ မနက်ဖြန်ရှိဖို့ အတွက် ဒီနေ့ နဲ့ အနာဂတ်ကို စိတ်ရှုပ်ထွေးမှုပေါင်းများစွာ၊ မွန်းကြပ်မှု ဒုက္ခပေါင်းများစွာ၊ စွန့် လွှတ် စွန့် စားရမှုပေါင်းများစွာနဲ့  ရင်ဆိုင်နှစ်ပါးသွားနေရတုန်းမှာ အားလုံးကို သိသိသာသာလှုပ်ခတ်သွားစေတဲ့ လှိုင်းလေးတစ်ခုက ပေါ်လာခဲ့ပါတယ်။ သန်းခေါင်စာရင်း ပါ။

အစိုးရကတော့ အလွန်တော်တာလား၊ အတော်လွန်တာလား၊ အမှတ်တမဲ့  တိုက်ဆိုင်မှု ပဲလား၊ စနစ်တကျ စီစဉ်မှုလားဆိုတာ ကျနော်လဲ ဥာဏ်မမှီတော့ မသိပါ။ သူကတခွန်း ထဲလောက်ကို ဟ အပြီးမှာ ရှုပ်ထွေးသွားရတာက ကျနော်တို့ အားလုံးပဲ ဖြစ်ပါတယ်။ မရှုပ်ထွေးတဲ့ဒေသနဲ့ လူမျိုးတွေလဲ ရှိပါတယ်။ ဒါပေမယ့် တချို့ ဒေသတွေအတွက် ပိုပို သွေးကွဲစေနိုင်တဲ့အဖြစ်ဆိုတာ ငြင်းလို့ မရပါဘူး။ သူ့ ရဲ့ ခဲ တစ်လုံးက ကျနော် တို့ ရဲ့ အဟတွေ အက်ကြောင်းတွေ အကုန်လုံးကိုပေါ်သွားစေခဲ့တယ်။ သွေးခွဲ အုပ်ချုပ်မှု Divide and Rule ဆိုတဲ့ အင်္ဂလိပ်ကိုလိုနီဆီက လက်ထပ်သင်လာ ခဲ့တဲ့ နိုင်ငံရေးညစ်ညမ်းမှုကြီးကို အခုလို ၂၁ ရာစုမှာ မြိန်ရည်ယှက်ရည် ပြန်လည် အသုံးပြုကာ အစိုးရကတော့ ဒူးနှံ့ နေပါတော့တယ်။ ခေတ်အဆက်ဆက် စစ်အစိုးရဟာ ကျနော်တို့ ရဲ့ အိုင်ဒန်ဒတီများကို အသိအမှတ်မပြုတဲ့အတွက် စစ်အာဏာရှင်၊ မဆလ အာဏာရှင်၊ ကြံ့ဖွံ့ အာဏာရှင်၊ လွှတ်တော်အနုကြမ်းစီး အာဏာရှင် အဖြစ်နဲ့  နေနေ ခဲ့ နေနေဆဲ ဖြစ်ပြီး ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ ဖက်ဒရယ် စံနစ်ကို အစဉ်ငြင်းဆန် ခဲ့တာဖြစ်ပါတယ်။

အချင်းအချင်းများကြားမှာ အိုင်ဒန်ဒတီကိစ္စနဲ့ စကားပြောကြတဲ့အခါ ညှိနှိုင်းလို့  မရနိုင်တဲ့ တစုံတရာ အခြေအနေမျိုးဖြစ်လာရင် အတိတ်က အစိုးရရဲ့  သမိုင်းကြောင်းနောက်ခံကိုသိမြင်သုံးသပ်ရင်း တဖက်က နောက်တဖက်ကို အာဏာရှင်အစိုးရရဲ့ မတရားလုပ်ဆောင်မှုမျိုးအဖြစ်နဲ့ နှိုင်းယှဉ်ကြည့်လာ စကားပြော လာ တဲ့အခါ ကျနော်တို့ အချင်းချင်းကြား ကွာဟနေမှု ပိုလာစေပါတယ်။ ကြီးသူ ငယ်သူ ဆိုတဲ့ ကောင်းသောတည်ဆောက်မှု မဖြစ်စေတဲ့နားလည်မှုမျိုး ရှင်သန်လာရတယ်။ တဖက်ကလဲ ဒီအိုင်ဒန်ဒတီပျောက်စေတော့ မရှိပါစေနဲ့ တော့ ဆိုတဲ့ စိတ်ထားမျိုး မဟုတ်ပဲ စည်းလုံးညီညွတ်မှုကို မထိခိုက်စေဖို့  ဘုံ ဖြစ်တဲ့အိုင်ဒန်ဒတီကို စဉ်းစား ဖို့  ဆွေးနွေးတာ တင်တာဖြစ်ပါတယ်။ ကျနော်တို့ ဆီမှာ နိုင်ငံရေး နားလည်ခံယူမှု ပါဝင်လုပ်ဆောင်မှု အတိမ်အနက် မတူခြင်း၊ လွတ်လပ်တဲ့ပတ်ဝန်းကျင်နဲ့ စပေ့စ် မရှိခြင်း၊ ပွင့်လင်းစွာ ကူးလူးဆက်ဆံဆွေးနွေးအဖြေရှာတဲ့ အလေ့အထ ယဉ်ကျေးမှု မရှိခြင်း စတဲ့ အားနည်းချက်များကြောင့် အချင်းချင်းများကြားမှာ စည်းလုံးညီညွတ်မှု အင်အား ပိုလျော့လာတာ ၀န်ခံရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုက်ပွဲဟာ အိုင်ဒန်ဒတီ တိုက်ပွဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အားလုံးဟာ အချင်းချင်း အသိအမှတ်ပြုမှု မျိုးရှိရပါမယ်။ အစိုးရက ကျနော်တို့ ကို အစဉ်ငြင်းဆန်ခဲ့သလို ကျနော်တို့ အချင်းချင်း ကြားမှာ မငြင်းဆန်ကြဖို့  ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုဆိုတာ အနာဂတ်မှာတန်းတူ ညီမျှမှုကို အာမခံခြင်းပဲ ဖြစ်ပါတယ်။ အချင်းချင်း အသိအမှတ်ပြုခြင်းပဲ ဖြစ်ပါတယ်။ အနာဂတ်မှာ ချွတ်ချော် တိမ်းစောင်းမှုများရှိနိုင်ပါတယ်၊ အံမ၀င် ဂွင်မကျမှုများ၊ အချိန် ကာလ လိုအပ်မှုများ ရှိနိုင်ပါတယ်။ ဒါပေမယ့် ယနေ့ ကာလမှာ အနာဂတ် ကိုမြင်နိုင် မယ့် သေချာစေတဲ့ ဖရိန်လောက်တော့ လိုအပ်ပါတယ်။ ဒါမှလည်း အချင်းချင်း ယုံကြည်မှုတည်ဆောက်နိုင်ပြီး တကယ့်လက်တွေ့ စည်းလုံးညီညွတ်မှုကို အကောင် အထည်ဖေါ်လာနိုင်မှာဖြစ်ပါတယ်။ အိုင်ဒန်ဒတီ တစ်ခုကို တယောက်နဲ့ တယောက် လက်ခံ မပေးနိုင်တဲ့ကိစ္စဟာ (ဘက်) အားလုံး အားလုံးအတွက် အသက်၊ အသွေးနဲ့  လူသားဖြစ်တည်မှုကို တိုက်ရိုက်ပတ်သက် ခြိမ်းခြောက်တဲ့ ခံစားချက် ရုတ်တရက်ဖြစ် တည်လာစေပါတယ်။ ဒီအခါမှာ အစိုးရိမ်လွန်ပြီး မမှားသင့်တဲ့ အမှား၊ မစသင့်တဲ့လုပ်ရပ် မျိုးကို ဖြစ်စေတဲ့အထိ ဦးတည်သွားနိုင်ပြီး အဲတာကမှ ကျနော်တို့ အားလုံးရဲ့ အိုင်ဒန် ဒတီ ဂုဏ်သိက္ခာကို တကယ်ထိခိုက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် အချင်းချင်း အသိအမှတ်ပြုမှုကိုလဲ ကိုယ်စားပြု၊ စည်းလုံးညီညွတ်မှုနဲ့  ဘိုးဘွားဘီဘင်တို့ ရဲ့ မြေ (ပြည်) ကိုလဲ ကိုယ်စားပြု၊ ကျနော်တို့ ရဲ့ ဖြစ်တည်မှုကို ကမ္ဘာ့လူသားအသိုင်းအ၀ိုင်း များကလဲ အသိအမှတ်ပြုတဲ့ အိုင်ဒန်ဒတီမျိုးဟာ သင့်တော်မယ်လို့  ယူဆမိပါတယ်။ ထို့ ထက်ပို၍ ကျနော်တို့ ရဲ့ ရင်များကို ဖွင့်ထားပြီး အချင်းချင်းပွင့်လင်းစွာ၊ အသွေး အသားရင်းချာ ပီသစွာ စကားကူးလူးကြဖို့ က အရေးကြီးပါတယ်။

ကျနော် 'ကချင်' ဖြစ်နေခြင်းကို ဘယ်သူကမှ ယူဆောင်သွားလို့ မရသလို ပယ်ဖျက် လို့ လဲ မရပါဘူး။ အကယ်၍ 'ကချင် ၀န်ပေါင်' အမျိုးသားတစ်ဦးက ကျနော့်ကို မင်း 'ကချင်' မဟုတ်တော့ဘူး ပယ်လိုက်ပြီလို့  ပြောလာစေဦးတော့ ကျနော် 'ကချင်' ဖြစ်နေခြင်းဟာ ပျောက်ပြယ်မသွားနိုင်ပါဘူး။ ဒီလိုမဟုတ်ပဲ ကျနော်က 'ကချင်' လို့ မခံယူချင်တော့ဘူးဆိုပြီး ကမ္ဘာကြီးရဲ့ ဒေါင့်တနေရာမှာ သွားဇာတ်မြုပ်နေရင်လဲ ကျနော် 'ကချင်' ဖြစ်နေခြင်းဟာ ပျက်ပြယ်သွားနိုင်တဲ့အရာ မဟုတ်ပါဘူး။ 'ကချင်' ဆိုတော့ ဘယ်မိသားစုကလဲလို့  ကျနော့်ကိုအတွင်းထဲထိစစ်မေးကြည့်ရင် ကျနော်ဟာ 'ကချင်ရ၀မ်' ဖြစ်နေမှာပါ။ 'ကချင်ရ၀မ်' မိသားစုအိမ်ထဲက လာတဲ့ 'သားကချင်' 'သားရ၀မ်' ဖြစ်နေမယ်။ ကချင်ပြည်နယ် မြောက်ပိုင်းသား ဖြစ်နေမှာပါ။ အစိုးရကတော့ ငါးကြင်းဆီနဲ့  ငါးကြင်းပြန်ကြော်နေတယ်။ ကျနော်တို့ မှာ ကုတ်တွေ ဂဏန်းတွေက ဘာလို့  ဒီလောက် အရေးကြီးနေပါသလဲ။ ဒီကုတ်တွေ ဂဏန်းတွေက ကျနော်တို့  အားလုံး သဘောတူညီပြီး စတင်တဲ့ လုပ်ဆောင်မှုလား။ ကုတ်နံပါတ်တွေထက် ကျနော်တို့ ရဲ့  လွတ်လပ်မှုနဲ့ ဒီမိုကရေစီ၊ လူ့ အခွင့်အရေးက ပိုအရေးမကြီးဘူးလား။ အစိုးရက တခုခု လှော်လိုက်ရင် ညာသံပေးပြီး ကျနော်တို့ ဟာ အားရပါးရ အစည်းကွဲ ကြတာ ၀မ်းသာစရာကိစ္စတော့ မဟုတ်လောက်ဘူး။ ကျနော်တို့ ပြည်သားတွေ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံတဲ့နေရာမှာ ကုတ်နံပါတ်တွေမေးပြီး ပြောပြီး လူသားဆန်မှု ကင်းမဲ့လှစွာ အချင်းချင်းဆက်ဆံကြမယ့် ယဉ်ကျေးမှုမျိုးကို စတင်လိုပါသလား။ ကျနော်တို့  အားလုံးဟာ လူသားများသာဖြစ်ပါတယ်။ အက်ဒနစ် အိုင်ဒန်ဒတီ ရှိတဲ့ လူသားများဖြစ်ကြပါတယ်။ ကုတ်နံပါတ် ဂဏန်းများ မဟုတ်ကြပါဘူး။

၁၇.၃.၂၀၁၄

1 comment:

  1. ရွှေပြည်တော်မျော်တိုင်းဝေး
    http://atsammarai.blogspot.com/2014/03/blog-post_18.html?m=1

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်