Friday, August 23, 2013

ကုလ ကိုယ်စားလှယ် ကင်တားနား နဲ့ မိတ္ထီလာ လူထု ပြဿနာ


မိတ္ထီလာမှာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား စီးလာတဲ့ ကားကို ဆန္ဒပြနေတဲ့ လူအုပ်ရဲ့ ပုံ ဖြစ်ပါတယ်။

ကင်တားနား က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားရာမှာတော့ မိတ္ထီလာ မှာ ရဲတွေရှိနေသော်လည်း အကာအကွယ်မဲ့သလို ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ ကင်တားနား နဲ့ ပတ်သက်ပြီးမှလဲ ကန့်ကွက်သူတော်တော်များနေတာ တွေ့ရပါတယ်။ ပိုဆိုးလာတာက လူ့အခွင့်အရေး ဆိုရင် ခါးခါးသီးသီး ဖြစ်နေတဲ့ မြန်မာနိုင်ငံသားအချို့ရဲ့ အဖြစ်တွေပါ။

မြန်မာ့ရဲ နဲ့ မြန်မာ နိုင်ငံသား တော်တော်များများက နိုင်ငံတကာ လုံခြုံရေး စံနှုန်း ကို နားမလည် ကြပါဘူး။ ဗမာ စကားတတ်တဲ့ လူတစ်ယောက် အတွက်တော့ ဓါတ်ပုံပါ လူအုပ်က ဘာပြောတယ် ဆိုတာ နားလည်ပေမယ့်၊ စကားနားမလည်သူ နိုင်ငံတကာလူကြီး တစ်ယောက် အနေနဲ့ အော်ဟစ်နေတဲ့ လူအုပ်၊ ရန်မူ နေတဲ့ လူအုပ်လို့ပဲ သိထားမှာပါ။ နောက်ပြီး အော်သံတွေကလဲ ငြင်ငြင်သာသာ ရှိမှာ မဟုတ်။ တကယ်လဲ မကျေနပ်ချက်တွေနဲ့ ပွဲကြမ်းနေတဲ့ လူအုပ် ဖြစ်နေတယ်။ အဲဒီလို လူအုပ် ဆိုတာ အချိန်မရွေးရန်ပြုနိုင်တယ် ဆိုတာ လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတွေ သိရမှာပါ။ အဲဒီလို စိတ်ကြွနေတဲ့ လူအုပ်နဲ့ အနည်းဆုံး ပေ ၂၀ အကွာ ကာကွယ်ပေးထားရမှာ ဖြစ်ပါတယ်။ နောက်မှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ရန်မမူဘူး၊ ဒီလိုပဲ ပြောတာပါ။ တီရှပ်လေး ပေးတာပါ၊ စာပေးရုံလေးပါ၊ ဆိုတဲ့ အပြောမျိုးနဲ့တော့ အဲဒီအချိန်တုန်းက တကယ်တွေ့ကြုံခဲ့သူရဲ့ ခံစားချက်ကို နားလည်နိုင်မှာ မဟုတ်ပါ။
လူ့အခွင့်အရေး ကို ကြောက်သူများဟာ များသောအားဖြင့် လူ့အခွင့်အရေး ချိုးဖေါက်သူများ ဖြစ်တယ်၊ ဆိုတဲ့ လူ့အခွင့်အရေး ပညာရှင်တွေရဲ့ ပြောစကား ကို ပြန်သတိရမိပါတယ်။ မြန်မာနိုင်ငံသား တွေ ဘာဖြစ်လို့ လူ့အခွင့်အရေး ကို ကြောက်လာရသနည်း? ဆိုတဲ့ အချက်ကို သေချာစဉ်းစားဖို့ လိုလာပါပြီ။

တကယ်တော့ လူ့အခွင့်အရေး ဆိုတာ လူသား တစ်ဦးချင်းအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါတယ်။ ကင်တားနားလိုလူ့အခွင့်အရေး လှုပ်ရှားသူ ပုဂ္ဂိုလ်တွေကြောင့် ဂျပန်လို နိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ တရားဝင် နေခွင့်လေးတွေ ရလာတာရှိတယ်။ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်တွေရလာတယ် ဆိုတာလဲ မမေ့သင့်ပါ။ မလေးရှားမှာလဲ အရင်တုန်းက မြန်မာနိုင်ငံသားတွေ မရတဲ့ အခွင့်အရေး လေးတွေရလာတာ ရှိပါတယ်။ အဲဒါတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အကျိုးရလဒ် ဆိုရင် မမှားပါ။

ကိုယ်က မမှားဘူး ဆိုရင် လူ့အခွင့်အရေး ဆိုတာကြီးကို ကြောက်စရာ မလိုပါ။ ရဲရဲ ရင်ဆိုင်ရမှာ ဖြစ်တယ်။ ကိုယ်က ဖိနှိပ်ချင်နေသူဆိုရင်တော့ လူ့အခွင့်အရေး ဆိုတာ မျက်မုန်းကျိုးစရာ ပေါ့။ ဦးနေ၀င်း လက်ထက်မှအစ စစ်အစိုးရ အဆက်ဆက် လူ့အခွင့်အရေး ဆိုတာကို မျက်မုန်းကျိုးလာတာ ကနေ့ထိပါပဲ။

မြန်မာနိုင်ငံသားတွေနဲ့ လူ့အခွင့်အရေး မတန်တော့ဘူးလား? ဒါဆို မြန်မာနိုင်ငံသားတွေက လူမဟုတ်ဘူးလား? လူ့အခွင့်အရေး ဆိုတာ လူသားတွေအတွက်ပါ။ သိမြင်နိုင်ကြပါစေ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်