စစ်အစိုးရ၏
လျှို့ဝှက်အစီအစဉ်တွင် ဒေါ်စု ပါဝင်ပတ်သက်မှု ကဏ္ဍ အကြောင်းကို စာရေးသူအနေနဲ့
နောက်ကြောင်း အဖြစ်အပျက်များ နှင့် လက်ရှိဖြစ်ပေါ်မှု နိုင်ငံရေး
အခင်းအကျင်းများအပေါ် သုံးသပ်ထားခြင်းဖြစ်ပါတယ်။
တော်လှန်ရေး အဖွဲ့များတွင် နိုင်ငံရေး နှင့် စစ်ရေး အခိုင်မာ ဆုံးနှင့် ဘာသာရေး အရ ထိတွေ့ဆက်ဆံမှု အများဆုံးမှာ ကရင် နှင့် ကချင်ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သော ၁၉၉၀ ခုနှစ် နောက်ပိုင်းမှ စ၍ KNU နှင့် KIO ကိုသီးသန့်စီ ခွဲထုတ်ပြီး ထိုးစစ်ဆင်ရန် စစ်အစိုးရရဲ့ အဓိက ပစ်မှတ် ဖြစ်လာသည်။
၁၉၉၀ ကျော် တုန်းက KNU နှင့် KIO နှစ်ဖွဲ့စလုံး အပစ်ရပ်အတွက် ဆွေးနွေးခဲ့သည်။ KNU ဆိုရင် ရန်ကုန်ထိတောင် သွားရောက်ဆွေးနွေးခဲ့သေးသည်။ သို့သော် အပစ်ရပ် လက်မှတ်ထိုးတဲ့ အဆင့် အရောက်မခံခဲ့ပါ။ နောက်တော့ KNU ကိုအကြီးကျယ်ဆုံး ထိုးစစ်ဆင်ခဲ့သည်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထိုင်းနယ်စပ် တလျှောက် စစ်ပြေးဒုက္ခသည် စခန်းပေါင်းမြောက်များစွာ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ၄င်း ဒုက္ခသည် စခန်းများပင်လျှင် ကေအိုင်ယူ အတွက် အထောက်အပံ့ ဖြစ်နေခဲ့သည်။ (တချို့က အစကတည်းက အစိုးရအနေနဲ့ အပစ်ရပ် လက်မှတ်မထိုးချင်ရင် ဘာဖြစ်လို့ ဆွေးနွေးမလဲ ထင်ကောင်းထင်မည်၊ ကျန်တစ်ဖွဲ့ကို ယုံအောင် အာရုံသွင်းထားခြင်းဖြစ်သည်။ အစိုးရက အပစ်ရပ်ချင်တော်လည်း သူတို့က လက်မခံဘူး ဆိုတာမျိုးဖြစ်အောင် လုပ်တဲ့နည်း။ ဒါမှလဲ ကျန်တဲ့ အဖွဲ့ကယုံပြီး အမှန်အကန် ရပ်ထားတဲ့အချိန်၊ အဆင်ပြေပြေ တိုက်တော့တယ်။ အားလုံးနဲ့ အပစ်ရပ်ဖို့ အစိုးရမှာ ဆန္ဒမရှိဘူး ဆိုတာ ၂၀၁၁ တုန်းကသိသာ သွားတယ်။ UNFC အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်ဖို့ တောင်းဆိုခဲ့ပေမယ့်၊ အစိုးရလက်မခံခဲ့ပေ။)
၂၀၀၈ ခုနှစ်မှ စ၍ KIO ဖက် ပစ်မှတ်ပြောင်းသွားသည်။ အမှန်ဆိုရင် KIO ဟာ ၂၀၀၈ အခြေခံဥပဒေကို အပြည့်အ၀ မထောက်ခံခဲ့ပေမယ့်၊ နောက်နောင်အခါ ပါတီ နိုင်ငံရေးအရ ပြုပြင်နိုင်ဖို့ မျော်လင့်ခဲ့သည့်နည်းတူ၊ ပါတီဖွဲ့ရန် စတင်ခဲ့သည်။ သို့သော် နိုင်ငံရေးအရ စိတ်ချနိုင်တဲ့ အနေအထားအဆင့် မရောက်သေးပဲ လက်နက်ဖြုတ်သိမ်းဖို့လောက်ထိ အတင့်မရဲခဲ့ပါ။ ထို့အတူ ကေအိုင်အေ အပါအ၀င် ကချင် ခေါင်းဆောင် အစစ်အမှန်များ ပါဝင် ဖွဲ့စည်းခဲ့သော KSPP ပါတီလဲ မှတ်ပုံတင် ကျမလာပါ။ (အခုမှ ပါတီနိုင်ငံရေး ကို လက်ခံဖို့ ကေအိုင်အေ ကို ၀ိုင်းပြောနေကြပါတယ်၊ ကေအိုင်အေ အနေနဲ့ အစကတည်းက လက်ခံပြီးသား ဆိုတာ နိုင်ငံရေးလေ့လာသူများ သိပါတယ်။)
ထို့ကြောင့် ၂၀၀၈-၂၀၁၁ ကြား ကေအိုင်အိုကို BGF လက်ခံရန် နောက်ဆုံးရက်သတ်မှတ်ချက် ရာဇသံ အကြိမ်ကြိမ်ပေးခဲ့သည်။ ကေအိုင်အို အနေနဲ့ နယ်ခြားစောင့်တပ် လက်ခံမှာမဟုတ်မှန်းလဲ ကြိုတင်တွက်ထားပြီး ဖြစ်၍ ၂၀၀၉ ခုနှစ်မှ စစ်ရေး ပြင်ဆင်လာသည်။ ကရင်၊ ၀ နှင့် ကချင်တော်လှန်ရေးကြား ဆက်သွယ်ထားသော လမ်းဖြစ်သည့် ကိုးကန့် နယ်ကို အကြောင်းရှာပြီး သိမ်းလိုက်သည်။ ၂၀၁၀ ခုနှစ် ဧပြီလအတွင်း လက်နက်ကြီးအများအပြား မန္တလေး-ဗန်းမော်လမ်းမှ တဆင့် လိုင်ဇာအနီးမှ ဖြတ်ပြီး ပို့လိုက်သည်။ ချိန်းချောက်တဲ့ သဘောလဲ ဖြစ်သည်။ ထိုချိန်က ဗန်းမော်တွင် ကချင် နှစ်ခြင်းခရစ်ယာန် ဓမ္မ ညီလာခံ ကျင်းပ နေချိန် လူထု သောင်းချီ စုဝေးရာ အနီးမှ ဖြတ်ပြီး လက်နက်ကြီးများ ပို့ဆောင်ပြသလိုက်ခြင်းဖြစ်သည်။ ထိုစဉ်ကတည်းက ကေအိုင်အေလဲ ခံစစ်အတွက် ပြင်ဆင်နေခဲ့သည်။သတင်းများမှာလဲ လိုင်ဇာကို ထိုးစစ်ဆင်ရန် အသင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သော မိသားစုများထံမှ ခိုင်လုံတဲ့ သတင်းများအရသိရသည်။ တချိန်ထဲမှာ အရပ်သားစီး ရထားမှ စစ်ကူအများအပြားကို ပို့ဆောင်လာသည်။
ထင်ထားသည့်အတိုင်းပင် ၂၀၁၁ ဇွန်လမှာ စပြီး တိုက်ခိုက်သည်။ တချို့က တရုတ်လုပ်ရေအားလျှပ်စစ် စီမံကိန်းကြောင့်လို့ပြောကြပါတယ်။ ဒီစီမံကိန်းကြောင့် ဖြစ်ခဲ့မယ် ဆိုရင် လွန်ခဲ့တဲ့ သုံးလေးနှစ် စီမံကိန်း စလာကတည်းက ဖြစ်ရမှာပါ။ စစ်ပွဲများစတင်ရာမှာ မတော်တဆ ထိတွေ့ရင်ဆိုင်တိုက်ပွဲမျိုးမဟုတ်ပေ။ လက်နက်ကြီးအများအပြား နှင့် အနောက်ကနေ ပစ်ကူပေးသလို၊ ဗျူဟာမှူးကိုယ်တိုင် စီမံခန့်ခွဲပြီး စစ်ကြောင်းနှင့်တိုက်ခဲ့သော တိုက်ပွဲမှ စလာခြင်းဖြစ်သည်။ လိုင်ဇာကို လွယ်လွယ် နှင့် ရမည်ဟုလည်း တွက်ထားခဲ့သည်။ ကချင်ဒုက္ခသည်များ အတွက် ကရင်လိုအဖြစ်မခံ၊ တရုတ်အစိုးရကို စီးပွါးရေးအရ အပေးအယူလုပ်ပြီး ကချင်ဒုက္ခသည်များကို နိုင်ငံတကာ အသိအမှတ်ပြု ဒုက္ခသည် စခန်း ဖြစ်မလာအောင် မောင်းထုတ်ခိုင်းသည်။
၂၀၁၁ ခုနှစ် ဇွန်လိုင်လ မှာတော့ ၀န်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည် နှင့်ထပ်တွေ့သည်။ ၂၀၀၇ ခုနှစ်မှ ကိုးကြိမ်မြောက် တွေ့ခြင်းဖြစ်သည်။ ဒေါ်စု မျက်နှာ မချိုမသာ ဖြစ်နေခဲ့တာ သတိထားမိသည်။ သို့သော် အများပြည်သူအတွက် အကျိုးရှိမဲ့ အရေးကိစ္စအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်တယ် လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး၊ ဘယ်လို အကျိုးဆိုတာ သိသိကျကျ မထုတ်ပြန်ခဲ့ပေ။ အခုထိလဲ မရှင်းပြသေးပေ။
၂၀၁၁ သြဂုတ်လ တွင် ထပ်မံ ဦးအောင်ကြည်၊ သမ္မတ သိန်းစိန်တို့နှင့် တွေ့ရာမှာ တော့ ဒေါ်စု နှင့် NLD ရွေးကောက်ပွဲဝင်ရန် ပိုသေချာသွားသည်။ သို့သော် ရွေးကောက်ပွဲဥပဒေကြောင့် ဘယ်လိုမှ ဒေါ်စု နှင့်အဖွဲ့ ရွေးကောက်ပွဲဝင်ရန် မဖြစ်နိုင်သေးပေး။
နောက်တော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရွေးကောက်ပွဲဝင်ရန် စီစဉ်ပေးသည်။ နိုင်ငံတကာ နှင့် နိုင်ငံရေး အကဲခတ်များ နှစ်ထောင်းအားရ ဖြစ်သွားသည်။ စိတ်ဝင်စားစရာက ဒေါ်စု မဲဆန္ဒနယ် ရွေးရခြင်းကစလာသည်။ ကရင် ရပ်ကွက်ကို ရွေးခဲ့သည်။ တဖက်မှာ KNU နှင့် အပစ်ရပ်ဖို့ ကမ်းလမ်းမှု စလာသည်။ ကချင်ကို စတိုက်နေပါပြီ။ BGF လက်မခံတာ ကေအိုင်အေတစ်ဖွဲ့ထဲ မဟုတ်ခဲ့ပါ။ မွန်အဖွဲ့၊ ၀ အဖွဲ့၊ ရှမ်းအဖွဲ့ အားလုံးဖြစ်သည်။
ဒေါ်စု ရွေးကောက်ခံပြီးနောက် ပထမဆုံး နိုင်ငံရပ်ခြားခရီးမှာ ကရင် ဒုက္ခသည် စခန်းကို သွားခဲ့သည်။ ကေအင်ယူ နှင့် အပစ်ရပ်ရေးကိစ္စ ပိုသေချာသွားသည်။ တဖက်မှာ ကချင်ကို ထိုးစစ်ဆင်တဲ့ ကိစ္စ ဒေါ်စု အနေနဲ့ စိုးစင်းမျှ ထုတ်ဖေါ်ပြောခြင်းမျိုးမရှိလို့ နိုင်ငံတကာမှာတောင် ဝေဖန်သံများ ဆူညံနေခဲ့သည်။ လူ့အခွင့်အရေး ချိုးဖေါက်မှုဆိုင်ရာ နိုင်ငံတကာက ထုတ်ပြန်တဲ့ အစီရင်ခံစာများ မဖတ်တာတော့ မဖြစ်နိုင်ပေ။
သို့သော် ဒီအချိန်မှာ နိုင်ငံတော်ရဲ့ အဓိက အင်အားကြီး တိုင်းရင်းသား အတိုက်အခံ အဖွဲ့ နှစ်ခုကို ဖြိုရာမှာ အရေးကြီးသော မဟာဗျူဟာ အတွက် ဦးအောင်ကြည် နှင့် သမ္မတ ကိုတွေ့ကတည်းက "အများပြည်သူ အတွက် အကျိုး" ဆိုတဲ့ အချက်ဖြစ်ပါလိမ့်မည်။ အများပြည်သူ ဆိုတဲ့ အချက်ကို ကောင်းကောင်းဆက်စဉ်းစားလိုက်လျှင် ဗမာ လူမျိုးများအတွက် ဆိုရင် ပိုမှန်သွားသည်။ မြန်မာ အစိုးရ ရဲ့ ထိုးစစ်ဟာ တော်လှန်ရေး အဖွဲ့ကို တိုက်ခြင်းမျိုးမဟုတ်ပေ၊ ကရင်၊ ကချင် ရွာများကို အခြေချနေထိုင်မှု အားလုံး ဖျက်ပေးသော တိုက်စစ်ဖြစ်သည်။ လူမျိုးရေး ထိုးစစ်ဆင်မှု ဗျူဟာ ဖြစ်သည်။ လူမျိုးတမျိုးကို လုံးပါးပါးသွားအောင် တိုက်သော ထိုးစစ်မျိုးဖြစ်သည်။ ဒေါ်စု အနေနဲ့ သူ့စိတ်မနော အရ လက်မခံချင်သော်လည်း၊ သူလဲ သူ့လူမျိုးနဲ့ ပတ်သက်လာရင် ဆုံးဖြတ်ဖို့ ၀န်လေးမည် မဟုတ်ပေ။ ဒီအတွက်လဲ မြန်မာ အစိုးရ အတွက် ကံကောင်းခြင်းဆု အများအပြား ရလိုက်သည်။ နိုင်ငံတကာက မြန်မာ နိုင်ငံရဲ့ အပြောင်းအလဲ အတွက် အသိအမှတ်ပြုလာသည်။
ဗမာ့နိုင်ငံရေး လောကကို တိုင်းရင်းသား ဒေသတွေမှာ စပြီး ချဲ့ထွင်လာတဲ့ အချိန်မှ စပြီး တိုင်းရင်းသားများကို အကြပ်ရိုက်စေမဲ့ နည်းဗျူဟာများ သုံးနေခဲ့သည်။ တဖက်တွင်လဲ ဗမာ နိုင်ငံရေးလောက ကိုပိုမိုချဲ့ကားစေသည်။ ဒီလိုဗျူဟာ သဘောအရ NLD နှင့် ဒေါ်စုသည်လဲ တဖက်တလမ်းမှ ပါဝင် ပတ်သက်ဖို့ ဖြစ်လာသည်။
၁၉၆၂ ခုနှစ်မှာ ကရင်၊ ချင်း နှင့် ကချင်လူမျိုးများအတွက် အဓိက ပညာရေးသွေးကြော ဖြစ်ခဲ့တဲ့ သာသနာပြုကျောင်းများကို ဖြုတ်သိမ်းပြီး၊ ဘုန်းကြီးကျောင်းပညာရေးကိုတော့ ဆက်လက်ရပ်တည်ခွင့် ပေးခဲ့တယ်။ ဘုန်းတော်ကြီးကျောင်း ပညာရေးလဲ အင်္ဂလိပ်လို ဘာသာပြန်ရင် mission school ပါပဲ။ အခု အစိုးရ သစ်မှာ ပုဂ္ဂလိက ကျောင်းများဆိုင်ရာ ဥပဒေ ပြဠာန်းတော့ mission ကျောင်းများ မဖြစ်ရ၊ လို့ ထည့်ခဲ့သော်လဲ၊ ဘုန်းတော်ကြီး ပညာရေးကျောင်းကိုတော့ အားပေးတယ်။ ဒါဟာ ခရစ်ယာန်အခြေခံ တိုင်းရင်းသားများကို အထူးပစ်မှတ်ထား နေကြောင်းပေါ်လွင်စေမှာ ဖြစ်ပါတယ်။
ဝ တပ်ဖွဲ့ဟာ ခေတ်အဆက်ဆက် အလိုလိုက်ထားခြင်းခံရပါတယ်။ အကြောင်းကတော့ ခရစ်ယာန် မဟုတ်ခြင်းက တကြောင်း၊ ရှမ်း ပြည်နယ် ခွဲထွက်ရေးအတွက် အနှောက်အယှက် ဖြစ်စေဖို့ ရည်ရွယ်ခြင်းလဲ ဖြစ်ပါတယ်။
ဒီအချိန်မှာတော့ ကချင်လူမျိုးများ ခံရမည့်အလေ့လို့ ဆိုရင် မမှားပေ။ မခံနိုင်တဲ့ အဆုံး အရှုံးပေးရင် တိုင်းရင်းသားများ၏ မူလ ရပိုင်ခွင့်များ ဒီမိုကရေစီ နည်းလမ်းအရ ဖြစ်လာနိုင်စရာရှိသလား ဆိုတော့ မဖြစ်နိုင်ပေ။ NLD ရဲ့ လွမ်းမိုးမှုသည်၊ ပြည်နယ်တိုင်းတွင် ရှိလာသည်။ လက်နက်ချလဲရှုံးမှာသာ ဖြစ်သည်။ ကိုယ်ပိုင်ပြဠာန်းခွင့်အတွက် အာမခံ ချက် မရသေးသ၍ တိုင်းရင်းသား ပြည်နယ်များ နှင့် တိုင်းရင်းသား လူနည်းစုများ ဆက်လက်ရှင်သန် ရပ်တည်ရေးအတွက် အာမခံချက် မရှိပါ။
ဒီလို အခွင့်အရေးမျိုးကို မြန်မာအစိုးရ အနေနှင့် အသာတကြည် ဖွင့်ပေးဖို့တော့ လတ်တလော အခြေအနေအရ ဖြစ်လာနိုင်စရာ အင်မတန်နဲပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ကတိပြုခဲ့သော စကားများအတွက် တာဝန်ယူရဲတဲ့ ဗမာ ခေါင်းဆောင်များ ရှိလာရင်တော့ ဖြစ်လာနိုင်ဖွယ်ရှိသည်။ အခုထိတော့ မမြင်နိုင်သေးပေ။ ဒီတော့ ဘယ်လိုလုပ်သင့်ပါသလဲ၊ ကိုယ်တိုင်တိုက်ယူခြင်းမှ တပါး၊ အခြားမရှိပြီ။
တဖက်တွင်လဲ စစ်ရေးအရ တိုင်းရင်းသားလက်နက်ကိုင်များကို အမြစ်ပြက် ချေမှုန်းဖို့ စိတ်အား ထက်သန်နေတဲ့ လူများလဲ စစ်တပ်ထဲတွင် သာမက ဗမာ အမျိုးသားရေး ခေါင်းဆောင်များ အများအပြားရှိနေလေသည်။ သို့သော် နှစ်ပေါင်း ၆၀ ကျော်ကြာ တိုက်လာခဲ့တယ်၊ အမြစ်ပြက် ချေမှုန်းခရီးဟာ စိတ်ထင်သလောက် မလွယ်မှန်း တချို့က ရိပ်စားမိလာသည်။ စစ်ပွဲများ ဆက်လက်ရှင်သန်နေရင် စစ်အာဏာရှင်များ ပြန် နေရာ ရလာနိုင်ကြောင်းကိုလဲ တချို့ ဗမာ နိုင်ငံရေး သမားများ သိနေသည်။ ဒီအချက်ပေါ်မှာ မူတည်ပြီး၊ တိုင်းရင်းသားများ အခွင့်အရေး နှင့် အပေးအယူ ကိစ္စကို တချို့က တွက်ဆထားသည်။ သို့သော်ယုံကြည်မှု တည်ဆောက်ဖို့ အချိန်ယူရမည်မှာ မလွဲပေ။ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အခုချိန်မှ မစ နိုင်ဘူး ဆိုရင်တော့ နောင် အနှစ် ၅၀ အထက် ပြည်တွင်းစစ် အချိန်ကြာသွားနိုင်သည်။ ဒီကြားထဲ တရုတ်နှင့် အမေရိကန် စစ်ဖြစ်လာလျှင် မမျော်လင့်တဲ့ အဖြစ်မျိုးလဲ ဖြစ်လာနိုင်သည်။
အခုထိတော့ မြန်မာ အစိုးရ ဗျူဟာကတော့ ဖြောင့်ဖြောင့်သွားနေတုန်းပဲ ဆိုတာ ရှင်းနေပါတယ်။ ဒါဟာ စီးပွါးရေး အောင်မြင်လာလျှင် တိုင်းရင်းသားလက်နက်ကိုင် ကိစ္စ ချုပ်ငြိမ်းသွားမယ် ဆိုတဲ့ ဗျူဟာ ဖြစ်ပါတယ်။ ဒါကို အိပ်မက်မက်ခဲ့တာ အခုမှတော့မဟုတ်ပါ။ ၁၉၅၈ တုန်းက တော်လှန်ရေး အစိုးရတက်စ ကလဲ ဒီလိုမျိုးအိပ်မက်မက်ခဲ့သေးသည်။ လက်တွေ့ မကျလှပါဘူး။ နိုင်ငံရေးကို အရင် မဖြေရှင်းပဲ စီးပွါးရေး မတိုးတက်နိုင်ဆိုတာလဲ ရှိပါသေးတယ်။ အောက်ခြေ နိုင်ငံရေး အခြေမခိုင်ပဲ ဖြစ်လာတဲ့ စီးပွါးရေးဟာလဲ အားလုံးအတွက် မဖြစ်နိုင်၊ လူနည်းစု အတွက်သာ ဖြစ်လာနိုင်စရာရှိ၍ တိုင်းရင်းသား ကိစ္စ ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ဒီတော့ အတင်း ဗမာမှု ပြုရေးဖက်သာ ဦးတည်လာနိုင်သည်။
စီပွါးရေး အမှန်တကယ် တိုးတက်ဖို့ နိုင်ငံရေးတည်ငြိမ်ဖို့လိုသည်။ နိုင်ငံရေးတည်ငြိမ်ဖို့ ဆိုသည်မှာ ဥပဒေ စိုးမိုးရေး လိုသည်။ ဥပဒေ စိုးမိုးရေး ဆိုသည်မှာ အခုလို စစ်တပ်ကို ဘေးမဲ့ထားရင်း ဖြစ်လာစရာ အကြောင်းမရှိပါ။ စစ်တပ်ကို နိုင်ငံရေး ယန္ဒယားအောက် ရောက်အောင် တွန်းပို့နိုင်ဖို့ရန်၊ စစ်တပ် အင်အားကို အရပ်သား အစိုးရ နှင့် ပါလီမန်က ထိန်းချုပ်ခွင့် ရရမည်။ အရပ်သား အစိုးရ က စစ်တပ်ကို ထိန်းချု့ပ်နိုင်ဖို့ဆိုရာမှာ ပြည်တွင်းစစ်မရှိဖို့လိုသည်။ ပြည်တွင်းစစ် မရှိဖို့ဆိုသည်မှာ လက်နက်အင်အားနဲ့ ဖြေရှင်းနေ၍ မရပါ၊ စစ်အင်အားပိုကြီးလာဖို့ အားပေးရာ ရောက်သွားမည်။ နိုင်ငံရေးအရ ဖြေရှင်းမှသာလျှင် စစ်တပ်အခန်းကဏ္ဍ မှေးမိန်လာမည်။ နိုင်ငံရေး အရ ဖြေရှင်းခြင်းဆိုသည်မှာ တိုင်းရင်းသား အခွင့်အရေး အတွက် စိတ်ချရတဲ့ နိုင်ငံရေး လမ်းစဉ်ချမှတ်ဖို့ ဖြစ်သည်။ ထိုလမ်းစဉ်ကိုချမှတ်နိုင်ဖို့ အခုမှ စပြီး စကားအဖြစ် စပြောရမည်။
ဖက်ဒရယ် ဆိုတဲ့ ဝေါဟာရ ကိုအခုထိတော့ မြန်မာ နိုင်ငံရေး ဇာတ်ခုံပေါ်က လူတွေ ပြောတာ မကြားဖူးသေးပါ။

No comments:
Post a Comment