(၂) ပြည်ထောင်စု ပေါ်ပေါက်လာတဲ့ အမြင်အပေါ်မှာ မြန်မာ အစိုးရက ရှေးယခင် ဗမာ ဘုရင်များရဲ့ နယ်မြေသမိုင်းမှ ရပ်တည်လာခြင်း လို့ မြင်တယ်။ တိုင်းရင်းသား တွေက ပင်လုံညီလာခံ (ဗမာဘုရင်များရဲ့ နယ်မြေ နဲ့ တောင်တန်းဒေသ တိုင်းရင်းသားစော်ဘွား၊ ဒူဝါများရဲ့ နယ်မြေ ပူးပေါင်းခြင်း) မှ ဖြစ်ပေါ်လာခြင်း လို့ မြင်တယ်။
(၃) ငြိမ်းချမ်းရေး လို့ ပြောတဲ့ အခါ၊ မြန်မာအစိုးရ က အပစ်အခတ် ရပ်စဲရေး (Negative Peace) ကို ဆိုတယ်၊ တိုင်းရင်းသားတွေက လူနေမှုဘ၀ လုံးဝ လုံခြုံစိတ်ချရတဲ့ ဘ၀ (Positive Peace) ကို ဆိုလိုတယ်။ အဲဒီအတွက် ဖက်ဒရယ် စနစ် လိုအပ်တယ် လို့ မြင်တယ်။ အကြောင်းကတော့ ဗမာစစ်တပ်တစ်ခုထဲရဲ့ အောက်မှာ ဘယ်လိုမှ မငြိမ်းချမ်းနိုင်တာ တိုင်းရင်းသားတွေသာ ဓါတ်သိဖြစ်တယ်။ ပြည်တွင်းစစ် မဖြစ်ခင်ကတည်းက တိုင်းရင်းသားတွေ အပေါ် ဗမာ စစ်တပ်ရဲ့ သတ်ဖြတ်မှု သမိုင်းရှိခဲ့ဖူးတယ်။ ဗမာ ဘုရင်များရဲ့ စစ်တပ်မှ အစ၊ ဂျပန်ခေတ် ဘီအိုင်အေ ခေါ် ဗိုလ်ချုပ်အောင်ဆန်းတပ်မှ တိုင်းရင်းသားဒေသ၊ အထူးသဖြင့် လက်နက်မဲ့ ခရစ်ယာန်တိုင်းရင်းသားတွေ အပေါ် သတ်ဖြတ်ခဲ့တာ သမိုင်းမှာ ရှိခဲ့တယ်။ အဲဒါကြောင့် တိုင်းရင်းသားတွေ ဗမာအုပ်ချုပ်မှု အောက်မှာ နေထိုင်ဖို့ ကြောက်လာရခြင်း ဖြစ်တယ်။ အခု မူဆလင် ကို လုပ်သလို တနေ့ ခရစ်ယာန်တွေ အပေါ် ပြန်မလုပ်ဘူး လို့ပြောလို့မရပါ။ (ဟုတ်ကဲ့ အခုလဲ စစ်တပ်ကတော့ လစ်ရင် လစ်သလို လုပ်နေမြဲပါ၊ မြို့ပေါ်က ဗမာ ပြည်သူတွေ ပြန်လုပ်လာမှာ ကို ဆိုလိုတာပါ။)
(၄) ပြည်ထောင်စု တပ်မတော် လို့ ဆိုရာဝယ်၊ မြန်မာအစိုးရ က မြန်မာ့ တပ်မတော်ထဲမှာ တိုင်းရင်းသား အားလုံး ခိုင်းဖတ်အနေနဲ့ ပါဝင်ခြင်းကို ပြောတယ်။ တိုင်းရင်းသား တွေက ကိုယ်တိုင် အမိန့်ပေးနိုင်သူ အဆင့်မှာ ပါဝင်မှု ကို ဆိုလိုတယ်။
(၅) စစ်မှန်တဲ့ ပြည်ထောင်စု အစိုးရ စနစ်လို့ ခေါ်ဆိုရာမှာ၊ မြန်မာအစိုးရ က ဗဟိုဦးစီးစနစ် အနေနဲ့ ကျန်တိုင်းရင်းသား ဒေသ တွေအပေါ် ဆရာကြီးသဖွယ် အုပ်ချုပ်ဖို့ လိုလားတယ်၊ ဒီမိုကရေစီ ဖြစ်လာရင်တောင် မြေပြန့် ဒေသ မှ လူများစု ဗမာ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ကျန်တိုင်းရင်းသား ဒေသ တွေအတွက်ပါ နည်းဥပဒေ ချမှတ်နိုင်ဖို့ လိုလားတယ်။ တိုင်းရင်းသားတွေက ဗမာပြည် (ဗမာဘုရင်များလက်ထက်က နယ်မြေ) နဲ့ တောင်တန်းဒေသ (ကျန်တိုင်းရင်းသား ကိုယ့် စော်ဘွား နဲ့ ကိုယ် အုပ်ချုပ်ခဲ့တဲ့ ဒေသများ) တန်းတူ အခွင့်အရေး ကို ဆိုလိုတယ်။
(၆) အချုပ်အချာ အာဏာ ဆိုရာဝယ်၊ မြန်မာအစိုးရ က ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှု စွမ်းအား (အထက်အောက် အုပ်ချုပ်မှု ယန္တရား လည်ပတ်မှု၊ top-down စွမ်းအား) ကို ဆိုလိုတယ်၊ တိုင်းရင်းသား တွေက အောက်ခြေပြည်သူဆီက (အောက်မှ အပေါ်ကို, bottom-up) တက်လာရမယ် လို့ မြင်တယ်။
(၇) ဖက်ဒရယ် လို့ ဆိုရာဝယ်၊ မြန်မာ အစိုးရက ဗဟိုဦးစီးစနစ် လျှော့ချခြင်း (Decentralization) တခုထဲကို ဆိုလာတယ်၊ တိုင်းရင်းသားတွေက ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး အတွက် အာမခံတဲ့ ဖွဲ့စည်းပုံ စနစ်ကို ဆိုလိုတယ်။ (Decentralization လုပ်တိုင်း ဖက်ဒရယ် စနစ် မဟုတ်၊ တရုတ် ကွန်မြူနစ်နိုင်ငံမှာလဲ decentralized လုပ်ထားပါတယ်။ ဒါပေမယ့် ဖက်ဒရယ် စနစ်တိုင်းမှာ Decentralization မပါမဖြစ် ဟုတ်တယ်။)
(၈) ကိုယ့် ကြမ္မာ ကိုယ်ဖန်တီး ရေး လို့ ဆိုရာဝယ်၊ မြန်မာ အစိုးရက ခွဲထွက်ရေး လို့ မြင်လာတယ်၊ တိုင်းရင်းသားတွေက စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်းရေးမူ လို့ မြင်တယ်။
(၉) အပစ်အခတ်ရပ်စဲပြီး နောက်ထပ် နိုင်ငံရေး ဆွေးနွေးမှု လမ်းစဉ်မှာ မြန်မာ အစိုးရက လက်ရှိ လွတ်တော်အတွင်းက ၀င်ပြီး ဆွေးနွေးလိုတယ်၊ (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို လက်နက်ချပြီး အမတ် အရွေးခံ ခိုင်းခြင်း၊ သနည်းပြောရရင် ၂၀၀၈ အခြေခံ ဥပဒေ ကို လက်ခံ ခိုင်းခြင်း) တိုင်းရင်းသားတွေက လွတ်တော် ပြင်ပ က ဆွေးနွေးလိုတယ်။ တကယ်တမ်း ဗမာတပ်မတော်က လွတ်တော်အထက်မှာ မရှိရင်တော့ လွတ်တော်ထဲ ၀င်ရင် ၀င်နိုင်ပါတယ်။ အဲဒါကြောင့်လဲ တပ်မတော်သည် ပြည်သူက ရွေးချယ်တဲ့ အစိုးရ အောက်မှာ ရှိရေး မူ ကို အရင် ဆွေးနွေးလာတာ ဖြစ်တယ်။
(၁၀) နိုင်ငံရေး ဆွေးနွေးရေး လို့ ဆိုရာဝယ်၊ မြန်မာအစိုးရက လက်ရှိအခြေခံ ဥပဒေ ကို ပြင်ဆင်ရေး အပေါ် ပြောနေတယ်၊ တိုင်းရင်းသားတွေက အားလုံး ပါဝင်ပြီး စစ်မှန်တဲ့ ပြည်ထောင်စု စနစ်အတွက် အသစ်ပြန်လည် ရေးဆွဲလိုတယ်။
No comments:
Post a Comment