သိပ္ပံ ဆိုတာ လက်တွေ့ကျကျ စနစ်တခုရဲ့ အလုပ်လုပ်ခြင်း ဆိုင်ရာ နည်းပညာ
ဖြစ်ပါတယ်။ သိပ္ပံမှာ နောင်ဘ၀၊ ရှေးဘ၀၊ ကုသိုလ်ကံ၊ ချစ်ခြင်း၊
နိုင်ငံတော်ရဲ့ စေတနာ၊ ယုံကြည်ခြင်း၊ ဆိုတဲ့ စိတ္တဇ နာမ်များ မဟုတ်။ လူသားဘဝ
ဖြစ်တည်မှု (မွေးခြင်းမှ သေခြင်းအထိ) နဲ့ ဆိုင်တဲ့ လက်တွေ့ကျင့်ထုံးနည်း
စနစ်သာ ဖြစ်ပါတယ်။
စိဇ္ဇာ ဘာသာရပ်လို မောင်နှမလို ခင်ပါတယ်။ ချစ်ခင်ရမယ်၊ ကူညီပါရစေ၊ ချစ်ခြင်း၊ မုန်းခြင်း၊ ဆိုတဲ့ အရည်မရ အဖတ်မရ အာရုံခံ စကားနဲ့မရပါ။ နိုင်ငံရေး ဆိုတာ စနစ်တခုကို သိသိကျကျ လည်ပတ်စေတဲ့ ယန္တရား (Mechanism) တွေကို လက်တွေ့ဘ၀ (Empirical evidences) များ နဲ့ တွက်ချက်သော သိပ္ပံဘာသာရပ် ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ရပိုင်ခွင့်ဟာ နိုင်ငံတော်ရဲ့ လက်ဆောင်မဟုတ်သလို၊ ကျေးဇူးတရားလည်း မဟုတ်ပါ။ အဲဒီ ရပိုင်ခွင့်ကို ကိုယ်ပိုင်ပစ္စည်းလို သိမ်းထားပြီး လက်ဆောင်အတုအယောင် လုပ်နေတဲ့ စနစ်ဆိုးသာ ဖြစ်ပါတယ်။ စနစ်ကောင်းရင် ဘယ်သူက ဘယ်သူ့ကိုမှ ကျေးဇူးတင်စရာမလို၊ ကျေးဇူးဆပ်စရာ မလို။ ပြည်သူတွေအတွက် အစိုးရက ဘာပေးလို့ ကျေးဇူးတင်ရမယ် ဆိုတာမဟုတ်၊ လုပ်ပေးရမယ့် တာဝန် ဆိုတာ သူတို့မှာ ရှိတယ်။ ပြည်သူတွေက ရပိုင်ခွင့်ရှိလို့ ရတယ် ဆိုတဲ့ စနစ်ကသာ အလုပ်လုပ်တာပါ။ ထိုနည်း၎င်း၊ အစိုးရ ၀န်ထမ်း လုပ်သူတွေဟာ ပြည်သူတွေရဲ့ ကျေးဇူးတရား ကို ခံစားထိုက်တဲ့ အထူးလူတန်းစား မဟုတ်။ သူတို့ လုပ်စာ နဲ့ သူတို့ အလုပ်လုပ်တယ်။ သူတို့ တာဝန် အတွက် သူတို့ ရထိုက်တဲ့ အကျိုးခံစားခွင့်ရစေရမယ်။ ဒါဟာ စနစ်ဖြစ်တယ်။
မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ကို ၀ိဇ္ဇာ ပုံစံ ကစားနေခဲ့တာ နှစ်ပေါင်း မနဲတော့ပါဘူး။
တီဗီထဲက သတင်းအမျိုးမျိုးလွင့်ပြီး တိုင်းရင်းသားတွေကို မောင်နှမ ပြောလိုက်၊ သောင်ကျန်းသူပြောလိုက်၊ သတ်လိုက်၊ မဒိမ်းကျင့်လိုက်၊ ရွာမီးရှို့လိုက်၊ ညီနောင်ပွါး ပြောလိုက်၊ လေယဉ်နဲ့ ဗုံးကျဲလိုက် နဲ့ ကြောင်မကြီးက ဖမ်းမိထားတဲ့ သေခါနီး စာကလေးကို ဆော့ကစားသလို ကစား နေခဲ့တဲ့ ပြဿနာ ဖြစ်ပါတယ်။
နိုင်ငံရေး ဆိုတာ ၀ိဇ္ဇာ မဟုတ်သလို ယုံကြည်ခြင်းလဲ မဟုတ်ပါ။
သမ္မတကြီးကို ယုံတာထက်၊ ပြည်သူတိုင်းရဲ့ လုပ်ပိုင်ခွင့် စနစ်တခုကို ပိုအလေးထားရမယ်။
ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်နေတာထက် သိကျတဲ့ စနစ်ကသာ ပိုအလုပ်ဖြစ်တယ်။
လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ကိုးစားတာထက် စနစ်ကောင်းတခုမှာ လူအများကြီး ပါဝင်စေရေးသာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ လူထု နိုင်ငံရေး ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ လူစွမ်းကောင်း မျက်နှာ မရှိစေရဘူး။ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ကို အားကိုးနေရသေးတယ် ဆိုရင် စစ်မှန်တဲ့ လူထု နိုင်ငံရေး စနစ် မဟုတ်သေးတာ အမှန်ပါ။
လူပုဂ္ဂိုလ် အပေါ်မှီခို နေရခြင်းသည် ၀ိဇ္ဇာသဘော ဖြစ်ပြီး၊ လူထုအားလုံး ပါဝင်ပြီး သဘာဝ အလျှောက် လည်ပတ် စေတဲ့ စနစ်သာလျှင် သိပ္ပံသဘောတရား ဖြစ်ပါတယ်။ ဒါကို ပိုကောင်းအောင် လက်တွေ့ သုတေသန လုပ်ရပါမယ်။ မွန်းမံရမယ်။ ပြုပြင်ရမယ်။ ထိန်းသိမ်းရမယ်။
လက်တွေ့နဲ့ ဆိုင်တဲ့ ဘာသာရပ်မို့လို့ နိုင်ငံရေး သိပ္ပံ (Political Science) လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ နိုင်ငံရေး ၀ိဇ္ဇာ မဟုတ်ပါ။

i agree with your article.
ReplyDelete