သူ့ အပြော.. သူ့ဟန်ပန် အမူအရာတွေက အင်မတန် တက်ကြွနေတဲ့ နိုင်ငံ့သားကောင်း တစ်ယောက်ပုံစံပါ။
ရိုးရှင်းစွာ ခံယူထားတဲ့ သူ့ မျိုးချစ်စိတ်ကိုလဲ မလေးစားပဲ မနေနိုင်တာ အမှန်ပါပဲ။
ဒါပေမယ့် ညီလေးမှာ ဖတ်စရာ စာပေ ကောင်းကောင်း မရှိတာတော့ သေချာတယ်… နှစ် ၅၀ လုံးလုံး စာပေစိစစ်ရေး ဆိုတဲ့ ဂိတ်ကနေ ဘယ်လိုမှ မထွက်နိုင်တဲ့ နိုင်ငံရေး အတွေးအမြင် စာပေ ကောင်း တွေဟာ ညီလေး အပါအ၀င် မြန်မာ လူထု အထဲကို မရောက်လာတာ နှစ်တွေ မနဲတော့ဘူးလေ…
ဟို တစ်နေ့က နိုင်ငံခြား သံသမန် တစ်ယောက် ပြောသွားတဲ့ မှတ်ချက်ကြားလိုက်ရမှ ညီလေး ကို ပိုသတိရလာတယ်… မြန်မာ့ တပ်မတော်မှာ စာပေ ကောင်းကောင်း မရှိတဲ့ အပြင်၊ သူတို့ သင်ယူခဲ့တဲ့ အင်စတီကျူးရှင်း တွေကလဲ စစ်မှန်တဲ့ သဘောထား အမြင်တွေ မသင်ပေးဘူး… တဲ့။
ညီလေးလဲ… ကိုယ်ခံယူထားတဲ့ မျိုးချစ်စိတ် ဆိုတာ ကိုယ့် တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်တဲ့ နေရာအတွက် သုံးနေခဲ့တယ် ဆိုတာ တခါမှ ခံစားမိပုံ မရခဲ့ဘူး။ တချိန်လုံး ဒို့ တာဝန် အရေးသုံးပါး အတွက် အလုပ်လုပ် နေခဲ့တယ် လို့ပဲ သိနေတယ် မဟုတ်လား။ မြန်မာ့ တပ်မတော် မှာ ဒို့ နဲ့ တို့ တာဝန် အရေးသုံးပါး နှစ်မျိုး ရှိတယ် ဆိုတာ ညီလေး သိသွားပုံ မရခဲ့ဘူး။
ညီလေး ရာထူးတက်တုန်းက တိုင်းရင်းသား (မြန်မာနိုင်ငံသား) ဘယ်နှစ်ယောက် ဒုက္ခရောက်သွားပြီလဲ လို့ တွေးနေတဲ့ အစ်ကိုကြီးရဲ့ ခံစားချက်ကို ညီလေး သိချင်မှ သိမှာပါ။ ရိုးသားစွာ ၀မ်းသာနေတဲ့ မိခင်မျက်နှာအတွက်တော့ တကယ်အားနာ ခဲ့ရပါတယ်။
တကယ်တော့ ညီလေးကို ပေးထားတဲ့ သူရဘွဲ့တွေ၊ ရာထူးတွေဟာ မြန်မာနိုင်ငံသား အားလုံးနဲ့ ဆိုင်တဲ့ ဘဏ္ဍာငွေတွေ အကုန်အကျခံပြီး လူတစ်စု ကောင်းစားရေး အတွက် တည်ဆောက်ထားတဲ့ စနစ် တခုအောက်က အမှားများ ဖြစ်တယ် ဆိုတာ ညီလေး သိနေခဲ့ရင် အခုလို ဖြစ်မှာ မဟုတ်ပါ။
အခုတော့ ကြွေလွင့်သွားပြီလား ညီလေးရယ်…
No comments:
Post a Comment