Pages

Wednesday, March 27, 2013

ပြုပြင်သင့်တာ ရဲရဲတွေး ရဲရဲ ပြုပြင်လိုက်ပါ။


ဘာသာရေး ထက် ဘာသာ တရား က ပိုမြတ်ပါတယ်။

ဘာသာတရားကိုသာ လိုက်နာကြပါ။ ဘာသာရေး အစွန်းမရောက်ကြပါနဲ့။

သခင်ယေရှု က ဂျူးလူမျိုတွေရဲ့ ရဟူဒီဘာသာရေးကို ဝေဖန်ခဲ့ပါတယ်။ ဘုရားသခင်နေရာမှာ ဘာသာရေး ဆရာတွေ အစားထိုးလာတာ မကြိုက်လို့ ဝေဖန်ခဲ့ဖူးတယ်။ ဘုရားတရားထက် ဘာသာရေးတရား က ပိုပြင်းထန်လာတယ်။ အဲဒါတွေကြောင့် ဘာသာရေး ဆရာတွေ သူ့ကို မကြိုက်လို့ ကားတိုင်တင် သတ်ခဲ့တယ်။ လူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘုရားနေရာမှာ နေရာယူပြီး လူလူချင်း တရားစီရင်လာတယ်။

အဲဒီလို ဘာသာတရားဟောခဲ့တဲ့ သခင်ယေရှုရဲ့ နောက်လိုက်တွေလဲ ရောမ အင်ပါယာ တခွင်လုံး ခရစ်ယာန်တွေကို နှိပ်ကွပ်နေခဲ့တဲ့ အချိန်မှာ နှစ်ပေါင်း သုံးရာလောက် ဘုရားတရားသာ အဓိက ဖြစ်နေခဲ့တယ်။ နောက်ပိုင်း ရောမ စီဇာ ဘုရင် ကိုယ်တိုင် အေဒီ သုံးရာစု မှာ ခရစ်ယာန် ဖြစ်လာတော့ အင်ပါယာ (ဥရောပတိုက်) တခုလုံး ခရစ်တော်ရဲ့ တရားတော်ဟာ ဘာသာရေး ဆန်ဆန် ဖြစ်လာတယ်။ ခရစ်တော်ရဲ့ တရားတော်ကို နားမလည်ပဲ ဘုရင့် ဆွေတော်မျိုးတော်မှာ မျက်နှာရချင်သူများ ခရစ်ယာန်အဖြစ် ခံယူလာကြရာက ဘာသာရေး ဆန်ဆန် ဖြစ်လာတယ်။



ဘာသာရေး ဆန်လာတော့ ဘာသာရေးခေါင်းဆောင်တွေ အာဏာထွားလာတယ်။ နောက်တော့ ရောမဘုရင် နဲ့ အင်ပါယာ တခုလုံးက နိုင်ငံတိုင်းရဲ့ ဘုရင်ခံတွေဟာ ပုပ်ရဟန်းမင်းကြီးရဲ့ အာဏာစက်အောက် ရောက်လာခဲ့ရတယ်။ ဘာသာရေး အရ တရားစီရင်မှုတွေ ခေတ်စားလာတယ်။ မိစ္ဆာအမည်ပေး သေဒဏ်ခံရတဲ့ လူတွေများလာတယ်။ အဲဒါတွေကြောင့် အေဒီ ၅၀၀ မှာ ၁၅၀၀ အတွင်း အမှောင်လောက (Dark Age) ဆိုပြီး သမိုင်းဆရာများ နာမည်ပေးထားတာပါ။

နောက်ပိုင်း ဂျာမဏီ နိုင်ငံမှ ဘုန်းတော်ကြီး မာတင်လူသာ (အမေရိကန် လူမည်းအခွင့်အရေး လှုပ်ရှားသူ မာတင်လူသာ ကိန်း မဟုတ်) ဦးဆောင်ပြီး အဲဒီတုန်းက ရောမင်ကာသောလိပ် အသင်းတော်ရဲ့ ပြုပြင်စရာ အချက် ၉၅ ချက်ပါတဲ့ (95 Thesis) စာတမ်းတခု ထုတ်ပြန်လိုက်ပါတယ်။ မာတင်လူသာ ကိုလဲ ရောမ ပုပ်ရဟန်းမင်းကြီးရဲ့ တပ်မတော် အနေနဲ့ သေဒဏ်ပေးဖို့ သွားအဖမ်းမှာ ဂျာမဏီ နိုင်ငံသားတွေ သူ့ကို ရဲရဲတောက် ကာကွယ်ခဲ့ရာက ရောမအင်ပါယာကနေ ဂျာမဏီခွဲထွက်လာရတယ်။ အဲဒီ စာတမ်းဟာ အခုထိ နာမည်ကြီးနေဆဲပါ။ ဒီလိုနဲ့ ၁၆ ရာစုမှ စပြီး ခရစ်ယာန်လောက ဟာလဲ ပြန်လည် နိုးထ (Renaissance) လာခဲ့ရာက ခရစ်ယာန်နိုင်ငံတွေ ပိုပြီး တိုးတက်လာခဲ့ပါတယ်။ သိပ္ပံပညာတွေလဲ ပိုမိုထွန်းကားလာခဲ့ပါတယ်။

ဘယ်ဘာသာ မဆို သူ့ခေတ်အခါတခုမှာ မှားခဲ့တာတွေ ရှိနိုင်တယ်။ ဘာသာတရား မမှားနိုင်ပေမယ့် ဘာသာရေး (Religious Institution) ပြုပြင်ဖို့လိုအပ်တဲ့ အချိန်အခါ ဆိုတာလဲ ရှိနိုင်တာပဲ။ အခုခေတ် ရောမင် ကာသောလိပ် အသင်းတော်ဟာ အရင်တုန်းက မူနဲ့ ဘာမှ မဆိုင်တော့ပါဘူး။
ပြောင်းလဲ သွားပါပြီ။  အခုခေတ်က တလုံးတ၀တည်း ဖြစ်ခြင်း (Ecumenism) ခေတ်ကို ရောက်နေပါပြီ။ Roman Catholic Church ရဲ့ Ut unum sint! ဆိုတဲ့ ထုတ်ပြန်ချက်ဟာလဲ တလုံးတ၀တည်း ဖြစ်ရေးအတွက် မှတ်တိုင်တခု ဖြစ်ခဲ့ပါတယ်။ လူသားအားလုံး၊ ယဉ်ကျေးမှု အားလုံး၊ ဘာသာတရားအားလုံး စည်းစည်းလုံးလုံးနဲ့ အချင်းချင်းလေးစားတဲ့ လူ့အသိုင်းအ၀ိုင်းကို တည်ဆောက်ဖို့ ရည်မှန်းချက်တွေ ထားတဲ့ ခေတ်ကို ရောက်လာပါတယ်။

ဥပဒေရဲ့ အပေါ်မှာ လူတွေ ရှိနေတတ်သလို ဘာသာရေး ဆိုတာ တခါတလေမှာ ဘာသာတရားရဲ့ အပေါ်စီးမှာ ခွထိုင်တတ်ကြပါတယ်။

လူ့လောက နီတိများကို သွန်သင်ခဲ့တဲ့ ကွန်ဖြူးရှပ်၊ ပလေတို၊ ဂေါတမ၊ သခင်ယေရှု နဲ့ မိုဟာမတ် တွေဟာ ဘာသာရေး အသင်းအဖွဲ့တခု ဖြစ်လာဖို့ ရည်ရွယ်ခဲ့ပုံ မပေါ်ပါ။ သူတို့ နောက်လိုက်တွေ တစ်ယောက်ပြီး တစ်ယောက် ခေတ်လွန်လာတာနဲ့ အမျှ လူတွေဟာ ကိုယ့် အတ္တ နဲ့ ကိုယ် ဘာသာရေး ဆန်ဆန် ဖန်တီးလာခဲ့ပါတယ်။ ဒါကြောင့် ကွန်မြူနစ် တော်လှန်ရေးတွေ ပေါ်လာရတယ်။ ကွန်မြူနစ်စာတမ်းကို ပြုစုခဲ့တဲ့ ခါးမတ်ခ် ဆိုတာ ခရစ်ယာန် ဓမ္မကျမ်းစာ ကို နောကျေ နေအောင် လေ့လာခဲ့သူ၊ ဘုရားကို ယုံကြည်တဲ့သူ တစ်ယောက်ပါ။ သို့သော် ဘာသာရေး ကို အယုံအကြည် မရှိပါဘူး။

နောက်ပိုင်း ကွန်မြူနစ်ကို အရောင်မျိုးစုံ ဖန်တီးလာရာက ဘာသာတရားပါ အပျောက်ရှင်းလိုက်တယ်။ ဒီတော့ ကွန်မြူနစ်ဟာလဲ အတ္တသမားအချို့ရဲ့ အာဏာစက်အောက်မှာ ကျိမ်စာ မိခဲ့တယ်။

ဒီနေ့ခေတ်အခါမှာ တော့ လူတွေ ပိုပိုပြီး အမြင်ကျယ်လာတာနဲ့ အမျှ ကွန်မြူနစ် ၀ါဒဟာလဲ အရောင်မွဲမွဲလေးသာ ကျန်ပါတော့တယ်။

ဘယ်တော့မှ မရိုးနိုင်တာက လူသား အချင်းချင်း ဥပဒေ စည်းမျဉ်းတခု အောက်မှာ တန်းတူ ရည်တူ၊ အကျိုးခံစားခွင့်ရှိတဲ့ နိုင်ငံ ဖြစ်ဖို့ပါ။ အဲဒီ ဥပဒေ အောက်မှာ ခွင့်ထူးခံ လူတန်းစား ဆိုတာလဲ မရှိ၊ ခွင့်ထူးခံ ဘာသာတရား ဆိုတာလဲ မရှိပါ။ လူသား (နိုင်ငံသား ဖြစ်ခြင်း) အပေါ်မှာ အခွင့်အရေး တွေ တည်ဆောက်ကြတယ်။ နောက်ပိုင်းတော့ ဒေသအတွင်း လွတ်လပ်စွာ ကူးလူးဆက်ဆံ နိုင်တဲ့ လူအဖွဲ့အစည်းတွေ တည်ဆောက်လာတယ်။ ဥရောပ ယူနီယံဟာ တနိုင်ငံနဲ့ တနိုင်ငံ နယ်နိမိတ်ကျော်ဖြတ်ပြီး လွတ်လပ်စွား သွားလာနိုင်လာတယ်။ အာဆီယံ အတွင်းမှာလဲ လာမည့် ၂၀၁၅ ကစပြီး ဥရောပလို ဖြစ်လာဖို့ မျော်လင့်ခဲ့ကြပါတယ်။ သို့သော် မြန်မာပြည်မှာက ကိုယ့် နိုင်ငံသား အချင်းချင်းတောင် မတည့်နိုင်သေးဘူး ဆိုတော့ အာဆီယံ အဆင့်သို့ ဘယ်လို သွားမည်နည်း။

တခြားနိုင်ငံတွေမှာ တရားမ၀င် လာနေတဲ့ ရွှေမြန်မာတွေကို ကျန်ဖန်ပြီး တရားဝင် ဖြစ်လာအောင် မှတ်ပုံတင် စနစ် အသစ်အသစ် တွေ တီထွင် ဖန်တီး ပေးနေချိန်မှာ ကိုယ့် မြန်မာနိုင်ငံအတွင်းမှာတော့ နိုင်ငံသား ဖြစ်နေတဲ့ လူမျိုးအချင်းချင်းတွေ ကြားမှာတောင် အဆင့်က ခွဲချင်သေး။

ဒီတော့ မြန်မာ နိုင်ငံ ဘယ်အဆင့်ပဲ ရှိသေးသလဲ ဆိုတာ နားလည်မှာပါ။ ပြုပြင် သင့်တာကို ရဲရဲ ပြုပြင်တတ်ဖို့ပဲ လိုပါတယ်။ တခါတလေ အမှန်တရား ဆိုတာ ခါးတတ်တယ်။

ထိုင်းလူမျိုးတွေဟာ မြန်မာ ဆိုရင် ခါးခါးသီးသီး မုန်းကြပေမယ့်၊ မြန်မာ နိုင်ငံသားများ သန်းနဲ့ ချီ တရားမ၀င်လာနေ သူတွေကို အစိုးရ က လက်မှတ်လုပ်ပေးမယ် ဆိုတော့ ကန့်ကွက်ချင်တဲ့ လူတွေ အများကြီးပါ။ သို့သော် အမျော်အမြင်ကြီး တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ (ထိုင်းလူမျိုး) အရပ်သား အဖွဲ့အစည်း တွေက သူတို့ လူမျိုးတွေကို ထိရောက်စွာ ပညာပေးနိုင်ခဲ့တယ်။ အဲဒါရဲ့ အကျိုးဆက်က သူတို့ နိုင်ငံမှာ ဘာ သယံဇာတ မှ မရှိပဲ၊ တည်ငြိမ်အေးချမ်းပြီး လုံခြုံမှု ရှိသော အလယ်အလတ် ၀င်ငွေ ရှိတဲ့ နိုင်ငံ အဖြစ် ရပ်တည်လာနိုင်တယ်။ သူတို့မှာ ငါးစိမ်းသည်က အစ ပါဂျရို တွေ စီးလာနိုင်တယ်။

မြန်မာ နိုင်ငံလဲ လူမျိုးအချင်းချင်း၊ ဘာသာတရား အချင်းချင်း လေးစားတတ်တဲ့ စိတ်ထားများကို ကလေးကစပြီး အသိုင်းအ၀ိုင်း တခုလုံးရဲ့ စိတ်နေစိတ်ထားများ ပြုပြင်သွားမှ တကယ်ပဲ တိုးတက်တဲ့ နိုင်ငံ ဖြစ်လာမှာပါ။

အခုထိတော့ လူကြီးတွေက အရင်ပြုပြင်ဖို့ လိုပါသေး၏။

No comments:

Post a Comment