Pages
▼
Thursday, November 8, 2012
ဖယ်ဒရယ် ဒီမိုကရေစီ (Federal Democracy) ဆိုသည်မှာ တိုင်းရင်းသား များအတွက် သီးသန့် မဟုတ်ပါ
ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး မငြိမ်းနိုင်ခြင်းသည်၊ ခေတ်အဆက်ဆက်အရိုးစွဲနေပြီ ဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး ကို ဖယ်ဒရယ် နှင့် ဆန့်ကျင်ဖက် သဘောထား ဆောင်သော အမြင်ကြောင့် ဖြစ်သည်။ စစ်အာဏာရှင်များ အာဏာ လက်လွှတ် ဆုံးရှုံး ရမှာကို ကြောက်ရွံ့ခြင်းကြောင့် ဖယ်ဒရယ် သည် ပြည်ထောင်စုကို ဖြိုခွဲခြင်း ဖြစ်သည်ဟု ရှုမြင်နေခြင်းနှင့် အတူ ပြည်ထောင်စုမပြိုကွဲရေး အတွက် စစ်တပ်သာလျှင် အဓိက ဖြစ်သည်ဟု ရိုက်သွင်းထားခံရ သော ဗမာ တိုင်းရင်းသား လူများစု များ အတွက် ဖယ်ဒရယ် သည်လဲ ဗမာ့ ရန်သူ ဖြစ်လာသည်။
အမှန်တကယ် ရိုးရိုးသားသား ခံယူထား သော စစ်ဗိုလ်များလည်း ရှိကောင်း ရှိနိုင်သည်။ ထို့နည်းတူ ဖယ်ဒရယ်ပြည်ထောင်စုမူ သည်လည်း ပြည်ထောင်စုမပြိုကွဲရေး မူ ဧ။် ဆန့်ကျင့်ဘက် သဘောထင်မြင်လာကြသည်။ အာဏာရှင် စနစ် (၀ါ) ဗဟိုချုပ်ကိုင်မှုစနစ် တည်မြဲရေး အတွက် ပြည်ထောင်စု တစ်ခုလုံး လုံခြုံရေး ဆိုသော အမည်နာမ ကိုဆွဲကိုင်ထားခြင်း ဖြစ်သည်။
အမှန်မှာ ဖယ်ဒရယ်ပြည်ထောင်စု ဆိုသည်မှာ ပြည်ထောင်စု ပြိုကွဲခြင်း မဟုတ်ပါ၊ ပြည်ထောင်စု အစဉ်ထာရ၀ တည်မြဲဖို့ရန် စစ်မှန်တဲ့ စည်းလုံးခြင်းသာ ဖြစ်သည်။ အမေရိကန် နိုင်ငံ၊ ဥရောပ နိုင်ငံများအစ၊ စီးပွါးရေး တိုးတက်နေသော အာရှ နိုင်ငံများ အဆုံး ဖယ်ဒရယ် (၀ါ) ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော (Decentralization) နိုင်ငံများ ဖြစ်သည်။ တရုတ် နိုင်ငံပင်လျှင် တစ်ပါတီ စနစ် ဖြစ်သော်လဲ ဗဟိုချုပ်ကိုင်မှု ကို လျှော့ချထားသည့် အချိန်မှစ၍ ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင် နိုင်ငံ ဖြစ်လာသည်။ ဟောင်ကောင်၊ မကာအူ ဒေသများသည် သီးခြား စနစ် (သီးခြားအုပ်ချုပ်ရေးဥပဒေ နှင့် ငွေကြေးစနစ်) ဖြစ် အုပ်ချုပ်သော တရုတ်နိုင်ငံထဲမှ တိုင်း၊ ဒေသ နိုင်ငံငယ်များ ဖြစ်သည်။
ဒီနေ့ဒီချိန် တိုင်းရင်းသား များ တောင်းဆိုနေသော ဖယ်ဒရယ်မူ သည် တိုင်းရင်းသား လူနည်းစု အတွက် သီးသန့် အကျိုးဖြစ်ထွန်း ရေး မဟုတ်၊ မြန်မာနိုင်ငံသား အားလုံးအတွက်ဖြစ်သည်။ သို့သော်၊ အာဏာရှင် စနစ် (၀ါ) ဗဟိုချုပ်ကိုင်မှုစနစ် နှင့် ဆန့်ကျင်ဖက်မူ ဖြစ်နေတာတော့ အမှန်ပင်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာသည် အာဏာရှင် စနစ် (၀ါ) ဗဟိုချုပ်ကိုင်မှုစနစ် ဖြစ်သည်။ ဖယ်ဒရယ် မူသည် အာဏာရှင် စနစ် ကို မလွဲဧကန် ချုပ်ငြိမ်း ရမည့် သဘော ဆောင်နေ သော ကြောင့်၊ ခေတ် အဆက်ဆက် အာဏာရှင် များ ဧ။် ရန်သူသဖွယ် ဖြစ်နေရ ခြင်းသာ ဖြစ်သည်။ တစ်နည်းဆိုရသော်၊ အာဏာ ရှင် စနစ် ရှင်သန် ရေး အတွက် သူတို့ ဧ။် ရန်သူ သဖွယ် ဖြစ်နေ သော ဖယ်ဒရယ် ပြည်ထောင်စု မူ ကို တိုင်းပြည်တခုလုံးအတိုင်းအတာ ဘုံရန်သူ အဖြစ် သမုတ်၍ အာရုံသွင်းထားခြင်း ဖြစ် သည်။ ဗမာတိုင်းရင်းသား အများစု သည်လည်း ဒီ အာရုံသွန်းထားခြင်း အပေါ် အမှန်တရား ဟုပင် မှတ်ယူနေကြ သည်မှာ ၀မ်းနည်းစရာ ကောင်းလှပေသည်။ အချို့သော ဗမာနိုင်ငံရေး သမားများ နိုင်ငံရပ်ခြားတွင် ဒီမိုကရေစီအရေး လှုပ်ရှားနေလျှက်ပင် ဖယ်ဒရယ်မူကို တိုင်းရင်းသား လူနည်းစု အရေး ဟုသာ ရှုမြင် နေကြသည်။ အမှန်မှာ၊ ဖယ်ဒရယ် မူ ဟူသည် အာဏာရှင် စနစ် ပ ပျောက် ရေး မူ ပင် ဖြစ် သည်။ အာဏာရှင် စနစ် ချုပ်ငြိမ်း မှသာ လျှင် ဒီမိုကရေစီ စစ် စစ် ကို ရ ပါ မည်၊ တိုင်းပြည် တိုးတက် မည်၊ နိုင်ငံသား အား လုံး ရဲ့ ဘ၀ အာမခံ ချက် များ ဖေါ်ဆောင် နိုင် မည် ဖြစ် သည်။
အာဏာရှင်စနစ် နှင့် ဗဟိုချုပ်ကိုင်မှု စနစ် ဆိုသည်မှာ လည်း ခွဲခြား ၍ မရနိုင်ပါ။ အာဏာရှင် စနစ် ရှိတိုင်း ဗဟိုချုပ်ကိုင်မှု စနစ် ရှိ စမြဲပင်။ ဗဟိုအစိုးရ ၏ ချုပ်ကိုင်မှု တင်းကြပ်လွန်းတာကြောင့် အောက် ခြေလူတန်းစားများ ဒုက္ခရောက် ကြရသည်။ အစစ အရာရာ ဗဟို ကပဲ ဆုံးဖြတ်သော ကြောင့် အောက်ခြေ လူထု (grassroot) များ ကတောင်း ကနင်း ဖြစ် ရ သည်။ ဗဟိုအစိုးရ နှင့် ကျွမ်းဝင်သော လူနည်းစု သာလျှင် အကျိုးခံစား ခွင့် ရ လာသည်။ ဗဟိုအစိုးရ အကြီးအကဲ များ ၏ အကူအညီ နှင့်ပင် အောက်ခြေ လူတန်းစားများ ၏ မြေနေရာ နှင့် ရပိုင်ခွင့်များ ကို တရားဝင် သိမ်းယူသည်။ တရားဝင်ခြင်း၊ မ၀င်ခြင်း ဆိုသည်မှာလည်း ဗဟိုအာဏာပိုင် များတွင်သာ ဆုံးဖြတ် ပိုင်ခွင့် ရှိနေသည်။ ထို့ ကြောင့်၊ ဗဟိုအာဏာပိုင် များနှင့် လက်လှန်းမမှီ နိုင် သော ဆင်းရဲသား အောက်ခြေလူတန်းစားများ အတွက် ပြောပိုင်ခွင့်၊ ရပိုင်ခွင့် အားလုံး စိတ်သုန်းခဲ့ရသည်။ ငွေကြေးချမ်းသာသူ၊ ဗဟိုအာဏာပိုင်များ နှင့် ထိတွေ့ နိုင်သူများ၊ နိုင်ငံခြားသား (တရုတ်အပါအ၀င်) များ အတွက် နိုင်ငံသား အားလုံး ကျွန်ခံ ရမည့်ကိန်း ဆိုက်လာသည်။
မြေယာ သိမ်းမှု ပြဿနာ၊ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာ၊ အဂတိလိုက်စားမှု ပြဿနာ၊ နိုင်ငံသားများ၏ မူလရပိုင်ခွင့် ချိုးဖောက်ခံရမှု ပြဿနာ၊ အခွင့်အရေးမညီမျှမှု ပြဿနာ၊ လုပ်ငန်းခွင်အကျိုးခံစားခွင့်မညီမျှမှု ပြဿနာ၊ ဥပဒေ စိုးမိုးရေး မရှိခြင်း၊ ဤလိုပြဿနာများမှာ တိုင်းရင်းသားလူနည်းစု များ နေထိုင်ရာ အရပ်ဒေသ များ အတွင်းသာ ဖြစ်နေ သည် မဟုတ်ပါ၊ လက်ရှိ မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာ တွင် ဖြစ်ပျက် နေ သော ဘုံပြဿနာ သာ ဖြစ်သည်။ ဒီလိုဖြစ်နေခြင်းသည် ဗဟိုချုပ်ကိုင်မှုစနစ်ကြောင့် ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ် ကို လျှော့ချ နိုင်မှသာလျှင် နိုင်ငံသား အားလုံး ဘေးကင်း လုံခြုံ စိတ်ချ စွာ နေထိုင် နိုင်မည်ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ် ကို လျှော့ချနိုင်မှသာ ဥပဒေ စိုးမိုးရေး အကောင်အထည် ဖေါ်နိုင်မည်ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ် ကို လျှော့ချသော စနစ် သည် ဒီနေ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီး တောင်းဆို နေ သော ဖယ်ဒရယ် ဒီမိုကရေစီ စနစ် ပင်ဖြစ်သည်။
လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေ သည်လဲ ဗဟိုချုပ်ကိုမှုစနစ်သာဖြစ်သည်။ နိုင်ငံတော် သမ္မတ နှင့် တပ်ချုပ်သည် အရာအားလုံး အတွက် အရေးကြီးသော ဆုံးဖြတ်ပိုင်ခွင့်အာဏာ ရှိသူများ ဖြစ်သည်။ ပြည်နယ်၊ တိုင်း၊ ဒေသ ဆိုင်ရာ အာဏာပိုင်များမှာ ရုပ်ပြ မျှသာ ဖြစ်သည်။ လုပ်ပိုင်ခွင့် အာဏာ လုံးဝ မရှိပါ။ ရခိုင်မှာ ဖြစ်နေသော ပြဿနာ သမ္မတ ထိ စာတင် တိုင်ကြား နေရသည်။ ကော့သောင်း က ပြဿနာ သမ္မတ ကို တိုင်နေရသည်။ ကချင်ပြည်က ပြဿနာ သမ္မတ နှင့် တပ်ချုပ် က ဆုံးဖြတ်မှ ရသည်။ လူတစ်ယောက်ထဲ (၀ါ) တစုထဲ တွင် လုပ်ပိုင်ခွင့် အာဏာ အဆမတန် ယူထားခြင်းသည် လက်တွေ့ အလုပ်မဖြစ်ပါ။ လက်ရှိ ပြည်သူများက ရွေးကောက် တင်မြောက်ထားသော လွတ်တော်အမတ်များသည်လဲ သူတို့၏ မဲဆန္ဒ နယ်မှာ လုပ်ပိုင်ခွင့် အာဏာ မရှိပါ။
အမှန်တကယ် ပြည်သူများ ရွေးကောက်တင်မြောက်သင့်သော လူ ပုဂ္ဂိုလ်များမှာ နိုင်ငံတော် သမ္မတ က အစ၊ သူတို့နေထိုင်ရာ မြို့၊ ခရိုင်၊ ပြည်နယ်၊ တိုင်း၊ ဒေသ များ၏ အုပ်ချုပ်ရေး အာဏာပိုင်များ ကိုသာ ရွေးချယ်သင့်သည်။ အဲဒီ ပြည်သူက ရွေးကောက်တဲ့ အာဏာပိုင်များ ကိုယ်တိုင်ပင် ဗဟို အစိုးရ နှင့် တိုက်ရိုက် စကားပြောနိုင်သော လွတ်တော် ကိုယ်စားလှယ်များ ဖြစ်လာရမည်။ ထိုမှသာ စစ်မှန်တဲ့ ပြည်သူ့ အစိုးရ ဖြစ်လာမည်ဖြစ်သည်။ အဲဒီ ပြည်သူ့ အစိုးရ (အစုအဖွဲ့) သာလျှင် ဥပဒေပြုခွင့် နှင့် အတူ စစ်တပ် နှင့် နိုင်ငံတော် လုံခြုံရေး၊ ပြည်ထဲရေး လုပ်ငန်းများ ကို အမိန့်ပေး နိုင်သော အာဏာ ရှိရမည်။
ထို့ကြောင့် ဖယ်ဒရယ် ဒီမိုကရေစီ (federal democracy) ဆိုသည်မှာ တိုင်ရင်းသား အတွက် သီးသန့် အရေး မဟုတ်ပါ။ မြန်မာ နိုင်ငံသား အားလုံး အတွက် ဘ၀လုံခြုံရေး ပေးမည့် နိုင်ငံရေး လမ်းစဉ်ဖြစ်သည်။ ဖယ်ဒရယ် ပြည်ထောင်စုသာလျှင် ငြိမ်းချမ်းရေး ၏ လဏ္ခာ အစစ်အမှန်ဖြစ်သည်။ ဖယ်ဒရယ် ရ ရင် စစ်တိုက်စရာ မလိုတော့ပါ။ တိုင်းပြည် ၏ ဘဏ္ဍာ ငွေထဲမှ စစ် အသုံးစရိတ် များ အစား လူထုအတွက် ပညာရေး၊ ကျန်းမာရေး နှင့် အခြား လူမှုရေး ကိစ္စ အ၀၀ တွင် သုံးဆွဲလာနိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော လူနေမှု အဆင့်အတန်း ရလာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံကို ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ လမ်းစဉ်ပေါ် တွန်းပို့ နိုင် ရေး သည်၊ တိုင်းရင်းသား လူနည်းစု များ ဧ။် အင်အား နှင့် သာ မလုံလောက်ပါ။ မြန်မာပြည်သူ/သား အားလုံး တစ်စိတ် တစ်ကိုယ် တည်းသွား ရ ပါမည်။ ဤသို့ သွားနိုင်ရန် အတွက် အခြေခံအားဖြင့် ပင်လုံစိတ်ဓါတ် အစစ် အမှန် ကို ပြန်သွား ရ ပါမည်။ ဖယ်ဒရယ် ဒီမိုကရေစီ စနစ် ကို ဖေါ်ဆောင် နိုင် မှ သာ လျှင် မြန်မာနိုင်ငံ သည် ကမ္ဘာ မှာ အပျော်ဆုံး စံပြ နိုင်ငံ ဖြစ်လာ မှာ မလွှဲ ဧကန်ပင်။ ဖယ်ဒရယ် ဒီမိုကရေစီ ဆိုတာ တိုင်းရင်းသား အရေး သီးသန့် မဟုတ်ပါ။
kachinduwa@gmail.com
htet aung
ReplyDelete