Pages

Thursday, November 8, 2012

ခံပြင်းခြင်းရဲ့ နောက်ကွယ်မှာ


ကမ္ဘာမှာ စစ်ပွဲတွေအများကြီးထဲက အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံးကတော့ အီစရေး တွေရဲ့ အာရပ်ကမ္ဘာ ကိုတိုက်နိုင်ခဲ့တဲ့ ခြောက်ရက် စစ်ပွဲတွေပဲ ဖြစ်ပါတယ်။ ခြောက်ရက် စစ်ပွဲအကြောင်း စာအုပ်တွေလဲ အများအပြား ပုံနှိပ် ရောင်းချခဲ့ရပါတယ်။ စာအုပ်တိုင်းရဲ့ အာဘော်တွေလဲ မတူကြပါဘူး။ တချို့က ဦးဆောင်တဲ့ ခေါင်းဆောင်ပိုင်းကို ချီးမွမ်းထား သလို၊ တချို့လဲ ဘာသာရေးအရ ယုံကြည်ခြင်းကို ဖေါ်ကျူးကြပါတယ်။ အားလုံးရဲ့ သဘောထား တခုတူနေတာကတော့ လူအင်အားနဲ့ လက်နက်အင်အား မမျှတဲ့ ကြားက နိုင်အောင်တိုက်ခဲ့ခြင်းပါပဲ။


သူတို့ဘယ်က စွမ်းအားတွေရရှိခဲ့ပါသလဲ?။

အီစရေး (၀ါ) ရဟူဒီ လူမျိုးများဟာ အေဒီ ၇၀ ကတည်းက ရောမ အင်ပါယာ ကို စစ်ရှုံး ခဲ့လို့ တရားဝင် နိုင်ငံ ပျောက်နေခဲ့တာပါ။ ရောမ ရှင်ဘုရင်တွေက ရဟူဒီ လူမျိုးများကို လူမျိုးတုန်းစီမံချက် အနေနဲ့ အစီအစဉ် ချမှတ်ပြီး ဥရောပ တလွှား လူမျိုးခြားကြားထဲမှာ ပျံ့နှံ့သွားပြီး ပျောက်သွားအောင် ကျဲချခဲ့ပါတယ်။ သို့သော်လည်း ပိုလို့တောင် များပြားလာတဲ့အပြင် ဥရောပ တခွင် စီးပွါးရေး အချက်အချာနေရာ အားလုံးနီးပါး ချုပ်ကိုင် နိုင်ခဲ့ကြပါတယ်။ သူတို့ထားခဲ့တဲ့ ဇာတိမြေ တွေမှာတော့ အနီးအနား ပတ်ဝန်းကျင်နယ်မှ ပါလက်စတိုင်း နှင့် အာရပ်လူမျိုးများက နေရာယူ နေထိုင်နေခဲ့တာ နှစ်ပေါင်း ရာစုနှစ် ၁၉ ခန့်ကြာခဲ့ပါတယ်။

ဒုတိယ ကမ္ဘာ စစ်မှာတော့ ဟစ်တလာ ဦးဆောင် တဲ့ နာဇီ ဂျာမဏီ စစ်အုပ်စုရဲ့ ရဟူဒီ လူသတ်မှု သမိုင်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတော့ ရဟူဒီလူမျိုးများ နေစရာ နေရာပျောက်ပြီ၊ သူတို့ကိုယ်ပိုင်မြေနေရာ လိုအပ်လာပြီ၊ သူတို့ရဲ့ သမိုင်းပေးတာဝန်ကို သူတို့ကိုယ်တိုင်ပဲ အကောင်အထည်ဖေါ်ဖို့ လိုလာပြီ ဆိုတော့ ရှိနေတဲ့နယ်ခံ အာရပ်တွေကို အစပိုင်း စီးပွါးရေးအရ အနိုင်ယူပြီး မြေနေရာများ ၀ယ်ယူတယ်။ နောက်ပိုင်းလူများလာတော့ သူတို့နိုင်ငံကို ယူအင် (United Nations) တောင် အသိအမှတ် မပြုသေးခင် နိုင်ငံရဲ့ လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။ အမေရိကန် တောင် အသိအမှတ်မပြုခင် ပထမ ဦးဆုံး အသိအမှတ်ပြု သ၀ဏ်လွှာပေးပို့ တာကတော့ မြန်မာနိုင်ငံပဲ။ အဲတာကြောင့် အီစရေးက မြန်မာ ကို အခုထိ သံရောစဉ် ရှိရှာပါတယ်။

နောက်ဆုံးတော့ နှစ်ပေါင်း နှစ်ထောင်လောက်အခြေချ ရှိနေပြီးသား နယ်ခံ အာရပ်တွေကို မောင်းထုတ်လိုက်ပါတော့တယ်။ ဒီတော့ အာရပ်ကမ္ဘာ က ဒီတိုင်းကြည့်မနေပါဘူး။

အီစရေးလူမျိုးအားလုံးကို မြေထဲပင်လယ်ထဲ မောင်းထုတ်လိုက်မယ် ဆိုပြီး စစ်ကြေညာပါတော့တယ်။ ဒီတော့၊ သူတို့ပြေးမဲ့နေရာလဲမရှိ၊ သွားမဲ့နေရာလဲ မရှိတော့ပါဘူး။ ခံပြင်းတဲ့စိတ်သာ သူတို့ရင်ဝယ်ပိုက်ပြီး အမျိုးသမီးများပါမကျန် စစ်မှုထမ်းပါတော့တယ်။ နောက်ဆုံးရလတ်ကတော့ အခုထိ အောင်မြင်နေတဲ့ ကမ္ဘာသစ်တခု ရလိုက်ခြင်းပါပဲ။ အဲဒီ စစ်ပွဲမတိုင်ခင် ၀န်ကြီးချုပ် ဘင်ဂိုးရီးယန်း ပြောတာကတော့ "လက်မြောက် အရှုံးပေးခြင်းဟာ ကနော်တို့လူမျိုးတွေအတွက် ရွေးချယ်စရာ မဟုတ်ဘူး...." တဲ့။ ရှုံးတာနဲ့တော့ အာရပ်လူမျိုးတွေက အရှင်ထားမှာ မဟုတ်ဘူး ဆိုတာ သူတို့သိနေတယ်လေ။ ဒီလိုခံပြင်းတဲ့ စိတ်ဟာ သူတို့ကို အောင်မြင်မှုပေးခဲ့ပါတယ်။
ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး အခုတလော တက်လာတဲ့ သတင်းတခုအရ စာရေးသူလဲ အမှန် ဟုတ်မဟုတ် စုံစမ်းခဲ့ပါသေးတယ်၊ အကြောင်းကတော့ တော်တော်လေး ဝတ္ထု ဆန်တဲ့ အဖြစ်မို့လို့ပါ။ ကေအိုင်အေ စစ်သားတစ်ယောက်ထဲက အစိုးရ စစ်စခန်း တခုကို သွားသိမ်းတဲ့ သတင်းပါ။ တကယ်လဲ ဟုတ်ပါသတဲ့။ ကေအိုင်အေ ဗဟိုကော်မီတီ ၀င်တွေ မချီးကျူးပဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါသတဲ့။

ဖြစ်ပုံကဒီလိုပါ....
မဟောအောင် ဆိုတဲ့ တပ်သားပါ။ စဒုန်းကပါ။ မိဘ နာမည်ကတော့ မထည့်တော့ပါဘူး။ သူက စစ်မဖြစ်ခင် အရင်က ကေအိုင်အေမှာ  ငါးနှစ် အမှုထမ်းဖူးတယ်၊ အဲဒီနောက် တရုတ်ပြည်ဖက်မှ အမျိုးတွေဆီမှာ သုံးနှစ်လောက် တပ်ထဲက ထွက်ပြေးပြီး သွားနေခဲ့တယ်။ စစ်ပွဲစလာတော့ ကေအိုင်အေရင်း (၃) မှာ ပြန်လာပြီး အမှုထမ်းတယ်။ တပ်ပြေးဆိုတော့ သူ နဲ့ အတူနေ သူငယ်ချင်းတွေက တပ်ပြေး၊ ငကြောက် ဆိုပြီး အမြဲ ပြောင်နောက် လေ့ရှိတယ်။ အဲဒါကို သူက မခံမရပ်နိုင်ဖြစ်ပြီး၊ ဆွယ်မှူးကို သူနေခဲ့တဲ့ ရွာနားက ဂေါ့နန် ဆိုတဲ့ အစိုးရ တပ် စခန်း ကို တစ်ယောက်ထဲ သွားတိုက်မယ်၊ လို့ခွင့်တောင်းတော့ သူ့ ဆွယ်မှူးက ခွင့်မပေးဘူး။ အရူးအလုပ်ပေါ့။ တနေ့၊ အဲဒီ အရာရှိမရှိခိုက် သူ့ တပ်ကြပ်က "ကယ်... ခင်များ တစ်ယောက်ထဲ ရန်သူစခန်းသွားသိမ်းမယ်ဆို... သွားလေ... ငါခွင့်ပေးတယ်.. " လို့ဆွပေးလိုက်တယ်။ သိပ်မကြာဘူး၊ လိုအပ်တဲ့ လက်နက် အပြည့်အစုံနဲ့ ထွက်သွားလိုက်တယ်။

တော်တော် ကြာတဲ့ထိ သေနတ်သံများ ကြားရပြီး၊ ရန်သူ့ စခန်းထဲမှ သေနတ် နှစ်လက်၊ ကျည်ဆန် ၁၀၀ ကျော် နဲ့ စားစရာ နို့ဆီဗူး ၆ခု နှင့် ကြက်ခြောက် အများကြီးထမ်းပြီး စခန်းကို ပြန်လာမှ အားလုံး အံ့သြပြီး သွားကြည့်ကြတော့ ရန်သူအလောင်း ခုနှစ်လောင်း တွေ့ပါသတဲ့။ တခြားလူတွေကတော့ အားလုံး ထွက်ပြေးသွားကြပါသတဲ့။ အဲဒါကြောင့် ကေအိုင်အေ ဗဟိုမှ ငွေကျပ် ဆယ်သိန်းနဲ့အတူ တပ်ကြပ် ရာထူး တိုးမြင့်ပေးထားတယ် လို့သိရပါတယ်။ (မယုံရင် ကိုယ့်ဟာကိုယ် စုံစမ်းနိုင်တယ်)

အလားတူပဲ၊ ဟိုလွန်ခဲ့တဲ့ ကိုးကန့် တရုတ်တွေကို ကေအိုင်အေ တွေ ထိုးစစ်ဆင်တုန်းက ရှမ်းပြည်မှာ ကေအိုင်အေ တပ်စိပ် တစိပ်၊ ညအိပ်မောကျနေတဲ့ တရုတ် စခန်းတခုကို ကချင် ဓါးနဲ့ ၀င်လုံးပြီး သိမ်းခဲ့တဲ့ အဖြစ်လဲ ရှိခဲ့ဖူးပါတယ်။ အဲတာကလဲ မခံချင်တဲ့ စိတ်နဲ့ပါ။ တရုတ်တွေ အကျင့်ယုတ်တဲ့ အကြောင်း စခန်းအတွင်း စကားအခြေအတင် ပြောကြဆိုကြရင်းနဲ့ တပ်စိပ်မှူးက သူ့တပ်သားတွေကို စိန်ခေါ်တယ်.. ဒီလောက်တောင် ဖြစ်နေရင် ကြာတယ် ကဲ့.... ရဲတဲ့လူထွက်ခဲ့... ဒီည ငါနဲ့ တရုတ်တွေကို ဓါးနဲ့ ၀င်လုံးမယ်... ဆိုတော့ တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာပြီးစာရင်းပေးတယ်... ပြီးတော့ အဲဒီည သွားခုတ်ကြတယ်တဲ့လေ..... နောက်ဆုံးတော့ ကိုးကန့်လဲ အစိုးရနဲ့ ငြိမ်းချမ်းရေးယူသွားတော့မှ ခံသာသွားတယ်။

မလိခရန် ၀လောင် ဆိုတဲ့ မေခ နဲ့ မေလိခ ကြားက ကေအိုင်အေ တပ်မဟာ (၁) မှ၊ တပ်ရင်း တခုက စစ်သား တစ်ယောက်လဲ ရှိခဲ့ဖူးပါတယ်။ ၁၉၈၀ ကျော်တုန်းကပါ။ အဲဒီမတိုင်ခင်၊ မလိခရန်ဝလောင် ဒေသ မှာ ကြွက်ဘေး ဒုက္ခ အကြီးအကျယ် ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၇၇ ခုနှစ် ၀န်းကျင်မှာပါ။ လူတော်တော်များများ က အဲဒီနေရာတွေမှာ စားစရာ မရှိတော့လို့ မြစ်ကြီးနားကို ခြေချင် (လျှင်) လျှောက် ဆင်းလာခဲ့ရပါတယ်။ မြစ်ဆုံရွာမှာ စခန်းချထားတဲ့ စစ်တပ်က ဆင်းလာသမျှ ကချင်တောင်ပေါ်သားတွေကို ဥပဒေမဲ့ စစ်ဆေးပါတော့တယ်။ အများပိုင်းက ဗမာ စကားမပြောတတ်တော့ ကြောက်တာပဲ သိတယ်။ တခါတလေမှာ ဟိုက ဘာမေးမှန်းမသိပဲ၊ ခေါင်းငုံ့ပေးလိုက်တော့မှ၊ အဖမ်းခံရတာတို့၊ တောင်ယာခုတ်စားတဲ့ လူတွေဆိုတော့ လက်ဖျံမှာ ပုစိန်ကိုင်တဲ့ အမာရွတ် ယောက်ျားတိုင်းမှာ ရှိတယ်။ ဒါကို သေနတ်ကိုင်တဲ့လက်ဆိုပြီး တချို့ဆိုရင် ကျက်ခိုးမှာ ကင်ပြီး အစစ်ခံရတယ်။ တချို့က ဓါးနဲ့ မွန်းထားပြီး ဆားခတ်ပေးတာ ခံရတယ်။ တချို့က နေပူကျဲကျဲ ထဲမှာ လန်းတာ ခံရပါတယ်။ ပိုနာမည်ကြီးတာကတော့ တိုင်မှာချည်ထားပြီး ရေပုံးမှာ ရေအပြည့်ထည့်၊ အပေါက်သေးသေးလေးဖေါက်ပြီး ရေ တစ်စက်ချင်း ကို ဦးခေါင်းထိပ်တည့်တည့်မှာ ချပေးတယ်၊ ရေဆိုလို့ ဘာဖြစ်မှာမို့လို့မထင်နဲ့ ခံရတဲ့လူတွေ ပြောစကားအရ ဆိုရင်တော့ မနက်မိုးလင်းခါနီးဆိုရင် ရေ တစ်စက်စက်ကျတဲ့အသံဟာ မိုးချိန်းသံလို ကြားရပါသတဲ့။ သေတဲ့လူကသေ၊ မသေတဲ့လူတွေလဲ ထောင်ကျ၊ ဆိုတော့ တချို့က ကြောက်ပြီး မဆင်းရဲတော့ဘူး။ လူ သိန်းနဲ့ချီပြီး ငတ်သေခဲ့ဖူးပါတယ်။ ဒါကတော့ ကချင်တွေ ခံရတဲ့ အဆိုးဆုံးအဖြစ်တခုပါပဲ။ (ဒီအကြောင်းအရာတွေက အစိုးရ သတင်းစာမှာ မပါဘူးနော် ရှာဖတ်နေမှာစိုးလို့)

ဖြစ်ချင်တော့ အဲဒီ စစ်သားရဲ့ အဖေကလဲ ဒီလိုအသတ်ခံရတဲ့ အထဲမှာပါသွားတယ်။ သူက အရမ်းကို နာကျည်းပြီးနေနေတဲ့အချိန် စစ်ကြောင်းထိုးလာတယ်။ ဒီတော့၊ သူက မခံမရပ်နိုင်ဖြစ်ပြီး သူ့ရင်းမှူးကို ခွင့်တောင်းတယ်။ အဲဒီ စစ်ကြောင်းကို လိုက်တိုက်မဲ့အကြောင်းပေါ့။ သူ့ရင်းမှူးက လူအင်အား ဒီလောက်များတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် ခွင့်မပေးဘူး။ ရှောင်နေလိုက်တာ ပိုကောင်းတယ်ပေါ့။ ဒီတော့ သူ့ဟာသူ ခိုးထွက်ပြီး အဲဒီ စစ်ကြောင်းနောက်လိုက်တယ်၊ သူယူသွားတာ သေနတ်တလက်ထဲ၊ ကျည်ကပ်အပိုတွေထဲမှာ ကျည် အပြည့်နဲ့ ထွက်သွားတယ်။ စစ်ကြောင်းနောက် လိုက်ပြီး နေ့တိုင်း အနောက်ကနေ လိုက်ပြီး ချောင်းချောင်း ပစ်တယ်၊ ပစ်တိုင်းပစ်တိုင်းအသေအချာ မှန်အောင် ပစ်တယ်။ စပစ်ပြီဆိုတာနဲ့ စစ်ကြောင်းတခုလုံး တောကြီးနက်ထဲ ၀ုန်းတိုင်းကြဲနေအောင် ပြန်ပစ်တာခံရပေမယ့် သေချာ အကာအကွယ်ယူပြီးနှပ်နေခဲ့တယ်၊ ဒီတော့ သူတစ်ယောက်ထဲက ဘယ်နေရာရှိမှန်းမသိ၊ ဘယ်နှစ်ယောက်လိုက်ပစ် နေမှန်းလဲမသိနဲ့ အခေါက်တိုင်း နှစ်ယောက်၊ သုံးယောက် ကျကျသွားတယ်။ တပတ်လောက် ကြာလာတာနဲ့ စစ်ကြောင်းက လူတော်တော် ကျသွားပြီး ကျည်ဆံကလဲ ကုန်သင့်သလောက်ကုန်ပြီ၊ ဒဏ်ရာ ရတဲ့လူနဲ့ ဆိုတော့ ရဟတ်ယာဉ်နဲ့တောင် စစ်ကူလိုက်ပေးရတဲ့ အဆင့်ရောက်သွားပါသတဲ့။ သူလဲ ကျည်ကုန်လို့အိမ်ပြန်၊ စစ်ကြောင်းလဲ လိုရာမရောက်ပဲ တပ်ခေါက်ခဲ့ရတဲ့ အဖြစ်တကယ်ရှိခဲ့တာပါ။ ခံပြင်းစိတ်ရဲ့ အစွမ်းပါပဲ။

တိုက်ပွဲတိုင်းမှာ သေနတ်ကိုင်နေတဲ့ စစ်သားတိုင်းက ရှေ့တက်ရဲတာ မဟုတ်ပါဘူး။ ဘယ်သူပဲ ဖြစ်ဖြစ် သေမှာ ကြောက်တဲ့ လူတွေချည်းပါ။ ဒီတော့ အများပိုင်းက လက်သရမ်း ရှောက်ပစ်တာ ပိုများပါတယ်။ အဲဒီအထဲမှာ သေမထူး နေမထူးလူပါလာပြီ ဆိုရင် လူအယောက် တော်တော်များများ ကို ထိန်းထားလို့ရပါတယ်။

လူဆိုတာ ခံပြင်းတဲ့ စိတ်ရှိလာရင် အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ ကေအိုင်အေ ဆိုတာ လူထောင်ကဏန်းပဲ ရှိတယ် ဆိုပြီး အထင်သေးလို့မရပါဘူး။ သူတို့ဆီမှာ နာကျည်းမှုပေါင်းစုံနဲ့ပါ။ ဒီတော့ ငြိမ်းချမ်းရေး ဆိုတာ ချိန်းခြောက်လို့ ဖြစ်လာမဲ့အရာ မဟုတ်ပါဘူး။ လူအချင်းချင်း ရိုသေလေစားမှုရှိပြီး တစ်ယောက်ခံစားချက် တစ်ယောက်နားလည်ပေးမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆိုတာ လက်တွေ့ဖြစ်လာမှာပါ။ လူကြားကောင်းအောင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တရားလိုက်ဟော နေရုံနဲ့ ဖြစ်လာမဲ့အရာလဲ မဟုတ်ပါဘူး။ အရှိတရားကို လက်တွေ့ကျကျ ဆင်ခြင်နိုင်မှ အရာရာအားလုံးကို တွေ့မြင်ခံစားလို့ရမှာပါ။ ဒီလိုခံစားဖို့ကလဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စကားပြောဖို့လိုပါတယ်။ ရိုးသားပွင့်လင်းတဲ့ အခြေအတင် ငြင်းခုန်မှုမျိုးကို ခွင့်ပြုပေးသင့်ပါတယ်။ အမြင်မတူတာနဲ့ ဖမ်းချုပ်အရေးယူ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ထိခိုက်တဲ့ စကားမပြောရ၊ မရေးရ ဆိုတာနဲ့ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရမှာမဟုတ်ပါဘူး။ အမြင်မတူမှုမျိုး ရှိလာရင်လဲ ရိုင်းပြတဲ့ဆဲဆိုမှုမျိုးနဲ့ မဟုတ်ပဲ၊ ပွင့်လင်းတဲ့တွေးခေါ်မှုမျိုးနဲ့ ဆွေးနွေးမှုမျိုးလိုအပ်ပါတယ်။ သူများတကာ မခံချင်အောင် ဆွပေးတာမျိုးက ဘယ်တော့မှ လိုရာ ပန်းတိုင်ရောက်လာမှာမဟုတ်ပါ။ နောက်ဆုံးအနေနဲ့ဆွေးနွေးလိုတာက မြန်မာပြည်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အန်တိမ (ultimate solution) အဖြေသည် ဖယ်ဒရယ် စနစ်သာ ဖြစ်ကြောင်းပါ ခင်များ။
Duwa Kachin (kachinduwa@gmail.com)

No comments:

Post a Comment