Pages

Thursday, November 8, 2012

ဆင်းရဲမွဲတေမှု လျှော့ချရေး အမှန်တကယ်လုပ်ချင်ရင် နိုင်ငံရေး အခင်အကျင်းပုံစံလိုအပ်ချက်များ


မြန်မာ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်မှာ လူပြောများတဲ့ အချက်ကတော့ ဆင်းရဲမွဲတေမှု လျှော့ချရေး ပဲ ဖြစ်ပါတယ်။  သမ္မတကြီးရဲ့ မိန့်ခွန်းတွေမှာလဲ ဆင်းရဲမွဲတေမှု လျှော့ချရေး မပါမဖြစ် ထည့်ထည့်ပြောနေတာ သတိထားမိပါတယ်။ ဒါဆို၊ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး လမ်းစဉ်သည် ဆင်းရဲမွဲတေမှု အမှန်တကယ် လျှော့ချ နိုင်တဲ့ နိုင်ငံအခင်းအကျင်း ဟုတ်ပါရဲ့လား? ဆိုတဲ့ မေးခွန်းကို ပညာရှင် အတိုင်းအ၀ိုင်းကလဲ တော်တော် လဲ ထည့်သွင်းစဉ်းစားလာတာ ကို တွေ့ရပါတယ်။


မြန်မာ နိုင်ငံမှာ စီးပွါးရေး ဖွံ့ဖြိုးတိုတက်ရန် အားသာချက် သုံးရပ် ရှိကြောင်း နှင့် အသွင်ကူးပြောင်းရေးကို ပုံမှန်ထိန်းထားနိုင်ရင် လာမည့် နှစ် ၂၀ အတွင်း အလယ်အလတ် ၀င်ငွေရှိသော နိုင်ငံဖြစ်လာနိုင်ကြောင်း၊ သြဂုတ်လအတွင်းပြုလုပ်သည့် "Myanmar in Transition" report ဖွင့်ပွဲ အခန်းအနားတွင် အာရှဖွံ့ဖြိုးရေးဘဏ် ဒု-ဥက္ကဌ Mr. Stephen P. Groff, က ပြောဆိုခဲ့သည်။ အားသာချက် သုံးရပ်ဆိုသည်မှာ၊ (၁) မြန်မာနိုင်ငံမှာ သယံဇာတ ပေါကြွယ်ဝတယ်။ (၂) အလုပ်လုပ်နိုင်သော လူလတ်ပိုင်း အများကြီးရှိတယ်။ (၃) အိန္ဒယ၊ တရုတ်ပြည်နှင့် အာဆီယံ နိုင်ငံကြားတွင် တည်ရှိသောကြောင့် ပထ၀ီ အနေအထားအရ ကုန်သွယ်ရေး အချက်အချာကျ နိုင်ငံ ဖြစ်လာနိုင်တယ်၊ ဟုထောက်ပြသွားသည်။

သို့သော် ဒီအားသာချက်များသည် အခုမှ ဖြစ်လာတာမဟုတ်၊ အရင်က ရှိပြီးသားနိုင်ငံမှာ ဘာဖြစ်လို့ ဆင်းရဲနေရသနည်း? ဆိုတဲ့အချက် စဉ်းစားစရာ ဖြစ်လာပါတယ်။

ဒီခေတ် ဂလိုဗာလိုက်ဇေးရှင်း ကာလ မှာ၊ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတိုင်းမှာ တွေ့ရတတ်သော လူတစ်ဦးချင်း ၀င်ငွေ စာရင်း (data) အလိုလို တက်လာ ခြင်းကို ဆင်းရဲမွဲတေမှု လျှော့ချ နေပြီလို့ ထင်မှတ်နေလို့တော့ မရပါ။ အဆင်းရဲဆုံးလူတန်းစားများအတွက် အမှန်တကယ် ညီမျှတဲ့ အကျိုးအမြတ် ခွဲဝေရေး စနစ် မရှိသေးသမျှ၊ အမှန်တကယ် ထိရောက်တဲ့ နိုင်ငံရေးနည်းဗျူဟာမရှိသမျှ၊ ဆင်ရဲမွဲတေမှု လျှော့ချ လို့မရဘူး ဆိုတာ စီးပွါးရေး သုတေသီများ အသိအမှတ်ပြုထားပြီးသား ဖြစ်ပါတယ်။


ဆင်းရဲရခြင်းအကြောင်းများ

(၁) ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ အရှင်းဆုံးတွေ့နေရတာကတော့ ပြည်တွင်းစစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာ စစ်မှာ ပျက်စီးခဲ့သောနိုင်ငံတိုင်းသည်၊ ပြည်တွင်းစစ် မရှိသော ကာလ ဆယ်စုနှစ် သုံးခုလောက် အကြာမှာ အလိုလို ချမ်းသာ လာ နေတယ်၊ ဆိုတာ သုသေတန လုပ်စရာ မလိုပဲ တွေ့နေရတဲ့ နိယာမ ပဲ ဖြစ်ပါတယ်။

(၂) ပြည်တွင်းစစ် ရပ်ရုံနဲ့ လဲ မပြီးပါ။ ချမ်းသာခြင်းကို သာတူညီမျှ မျှဝေခံစား နိုင်သော နိုင်ငံရေး အခင်းအကျင်းမရှိရင် အဆင်းရဲဆုံး လူတန်းစားများ ထာဝရ ဆင်းရဲဖို့သာရှိသည်။ လက်တင်အမေရိက နိုင်ငံတွေမှာ ပြည်တွင်းစစ် မဖြစ်လဲ နိုင်ငံရေးအကျပ်အတည်းကြောင့် ဆင်းရဲတွင်း နက်ခဲ့ဖူးသည်။ အာဖရိက နိုင်ငံများနှင့် ဗီယက်နမ် နိုင်ငံ၊ တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံများသည်လဲ ဗဟိုချုပ်ကိုင်မှု ရဲ့ ဗျူရိုကရေစီ စနစ် အောက်တွင် အဆင်းရဲဆုံး စာရင်း ၀င်ခဲ့ဖူးသည်။

(၃) ဗဟိုချုပ်ကိုင်မှု စနစ်တွင် ဥပဒေစိုးမိုးရေး အားနည်းတတ်သည်။ ဥပဒေ စိုးမိုးရေး မရှိခြင်းသည်လဲ ဆင်းရဲတွင်း နက်ရသည့် အကြောင်းရင်းခံ တခုဖြစ်သည်။ ဗဟိုဦးစီးမှူးများနှင့် ဝေးကွာသော ဒေသများတွင် ထင်တိုင်းကျဲနေတတ်သော ၀န်ထမ်းများကို ထိန်းချုပ်ဖို့ မလွယ်ကူပါ။ ဒေသခံ ပြည်သူတရပ်လုံး ပါဝင်နိုင်သော နိုင်ငံရေး အခင်းအကျင်းရှိမှ ဥပဒေစိုးမိုးရေးကို အကောင်အထည်ဖေါ်နိုင်မည်ဖြစ်သည်။

(၄) ဗဟိုချုပ်ကိုင်မှုစနစ်တွင် နယ်မြေဒေသ အားလုံး၏ အရေးအကြောင်းများကို လွတ်တော် တခုထဲက ဆွေးနွေးနေရခြင်းကြောင့် ဆင်းရဲသားများ အရေးကိစ္စ ကြီးငယ် အရပ်ရပ်ကို လွမ်းခြုံမိဖို့ မလွယ်ပါ။ ဥပမာ - အခုလွတ်တော်ထဲတွင် တင်ပြ ဆွေးနွေးနေသော အကြောင်းအရာ အများပိုင်းသည်၊ သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်း လွတ်တော်တွင်း ပြီးပြတ်နိုင်သော အရေးကိစ္စ များဖြစ်သည်။ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စ ကြီးငယ် အရပ်ရပ်ကို လွတ်တော်တခုထဲတွင် ထည့်သွင်း စဉ်းစားခြင်းထက်၊ သက်ဆိုင်ရာ လွတ်တော် အသီးသီးသို့ ဆွေးနွေးစေခြင်းက ပိုပြီးထိရောက်စွာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ ပြည်ထောင်စု လွတ်တော်အဆင့်တွင် နည်းဥပဒေ နှင့် ပေါ်လစီပိုင်း ဆိုင်ရာ ထိန်းကြောင်းပေးရုံလောက်နှင့် သူ့နည်းသူ့ဟန် အုပ်ချုပ်ရေးယန္ဒရား တခုလုံး လည်ပတ်နေမည် ဖြစ်သည်။

(၅) လယ်မြေပိုင်ဆိုင်မှု ပြဿနာတိုင်းသည်၊ ဥပဒေမရှိ၍ မဟုတ်ပါ။ အစိုးရ ဥပဒေကို လက်နက်သဖွယ်အသုံးပြုပြီး ဗဟိုအစိုးရမှ လုပ်ပိုင်ခွင့် အာဏာရှိသူများနှင့် ပေါင်းစားသွားခြင်းဖြစ်သည်။ ထို့ကြောင့်၊ လယ်မဲ့၊ ယာမဲ့ ဖြစ်လာရသည်။ လယ်ယာမြေ ပိုင်ဆိုင်မှုနှင့် ဆိုင်သော စီမံခန့်ခွဲမှုတွင်လဲ အောက်ခြေ အာဏာပိုင်အဆင့်ထိ လျှော့ချထားသင့်သည်။

ဗဟိုချုပ်ကိုင်မှု စနစ်လျှော့ချရေး နှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး ဒွန်တွဲနေ

ဗဟိုချုပ်ကိုင်မှု စနစ်လျှော့ချရေးသည် ဆင်းရဲမွဲတေမှု လျှော့ရေး၏ အဓိကမဏ္ဍိုင် ဖြစ်ကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ် အတွင်း လေ့လာခဲ့သော နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဆိုင်ရာ သုတေသန စစ်တမ်းများက သက်သေထူလျှက်ရှိပေသည်။
ချမ်းသာသော နိုင်ငံတွေမှာတောင် အခုထိ တရားမျှတမှု ကို နည်းမျိုးစုံနှင့် ဖေါ်ကျူးလျှက် တိုက်ပွဲဝင်နေရဆဲ ဖြစ်သည်။
မြန်မာ နိုင်ငံ၏ ၂၀၀၈ အခြေခံ ဥပဒေ သည်၊ တရားမျှတမှု ကို မပေးနိုင်ပါ။ အခုနှစ်များတွင်ပင် လယ်သမားများဆန္ဒပြမှုပေါင်း အများကြီး ဖြစ်ပေါ်ခဲ့သည်။ အခုထိ ထိထိရောက်ရောက် မဖြေရှင်းနိုင်သေးပါ။ အသေးအမွှားကအစ ရေတွက်မည် ဆိုလျှင် ပြဿနာပေါင်း မနည်းပါ။ ဘယ်လို အကြောင်းတရားတွေကြောင့် ဒီလို ဖြစ်နေရသနည်း? ဘာဖြစ်လို့ တရားဥပဒေက ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်သနည်း? အစိုးရ ဖွဲ့စည်းပုံ ကိုက တရားဥပဒေ စိုးမိုးရေး အတွက် အားနည်းချက် ရှိနေလို့ပဲ ဖြစ်ပါသည်။ လူတစ်ဦးတစ်ယောက်ထဲက ရှိသမျှ လုပ်ပိုင်ခွင့် အာဏာတွေ ကျူံးယူထားပြီး၊ တစ်နိုင်ငံလုံး အရေးကိစ္စ ဒိုင်ခံ ဖြေရှင်းဖို့ ဆိုသည်မှာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။

ဒီတော့ ဘယ်လို လုပ်မည်နည်း?

နိုင်ငံရေး အာဏာ ခွဲဝေခြင်း......

နိုင်ငံရေး အာဏာ ခွဲဝေခြင်းသည်၊ လူထုပါဝင်သော နိုင်ငံရေးအခင်းအကျင်း ပေါ်ပေါက်စေသည်။ လူထုပါဝင် နိုင်အောင် အားပေးသော အခြေခံ ဥပဒေ လိုအပ်သည်။ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသောစနစ်ရဲ့ အားအကောင်းဆုံး နည်းပရိယာယ် ကတော့ လူထုပါဝင်မှု (Public participation) ပဲ ဖြစ်ပါတယ်။ ဗဟိုအစိုးရ ရဲ့ လုပ်ပိုင်ခွင့် အာဏာများကို ဒေသတွင်း မြို့နယ်အဆင့်ထိ လျှော့ချရေး ပင်ဖြစ်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြည်သူများက ရွေးချယ်တင်မြောက်နိုင်မှသာ ဒေသခံ ပြည်သူများ ကိုယ့်မြို့ကိုယ့်ရွာ အရေးမှာ ပါဝင်လာနိုင်သည်။ မြို့၊ ရွာ အုပ်ချုပ်သူလူတန်းစားသည် ဒေသခံများနှင့် သဘောထား တထပ်ထဲရှိသောသူ သာလျှင် အထက်အမိန့်နှင့်လုပ်စားသော အာဏာရှင် ၀ိုင်းတော်သားများရန်မှ ကာကွယ်နိုင်မည်။ ကိုယ့်မြို့ စည်ပင်ဝပြောဖို့၊ ကိုယ့်မြို့ ပညာသင်ကျောင်းများနှင့် လူမှုဝန်းကျင် တိုးတက်ဖို့ ဒေသခံများကို လုပ်ပိုင်ခွင့် အာဏာ များများ ပေးထားရပါမည်။

ထိရောက်တဲ့ ပညာရေးသည် ဆင်းရဲမွဲတေမှု လျှော့ပေးနိုင်သည်.....

ပညာရေးပိုင်းတွင်လည်း၊ ဗဟိုမှ ကျောင်းဆရာများကို နေရာအရွေ့အပြောင်း လုပ်ခြင်းထက်၊ ဒေသခံ ရပ်မိရပ်ဖ များက လိုချင်သော ကျောင်းဆရာများကို ခေါ်ယူ အမှုထမ်းစေခြင်းက ပိုပြီးထိရောက်သော ပညာရေး စနစ်ကိုပေါ်ထွန်းစေမည်။ ပြီးခဲ့သော လွတ်တော်မှာ ရန်ကုန်တိုင်းထဲမှ လွတ်တော် ကိုယ်စားလှယ် တစ်ယောက်က နယ်ပို့ခံရတဲ့ ကျောင်းဆရာများကို ရန်ကုန်တိုင်းထဲ ပြန်ခေါ်ရန် အစီအစဉ် ရှိမရှိ မေးခဲ့ကြောင်း သတင်း ဖတ်ရသည်။ နယ်စွန်နယ်ဖျားဒေသများသည် ရန်ကုန် လူထုအတွက် အစမ်းသပ်ခံ (၀ါ) သင်တန်းဆင်းမဲ့ နေရာ မဟုတ်ပါ။ နောက်ပြီး ကျောင်းဆရာများ အရွှေ့အပြောင်းအတွက် ၀န်ကြီးများတွင် လုပ်ပိုင်ခွင့်ရှိနေခြင်းသည်၊ အခု ခေတ်စားနေသော ပြောင်းရွှေ့ စရိတ် တက်လာခြင်း၏ အကြောင်းရင်းခံဖြစ်သည်။ နယ်စွန်နယ်ဖျားကို အပို့ခံရသော ကျောင်းဆရာများ စိတ်မပါပဲ သင်ပေးသော ပညာရေးသည်၊ အသင်ခံရသူ ပညာသင်သားများအတွက် ဘာတွေ မျော်လင့်စရာ ရှိလာမည်နည်း။ ပညာရေး နောက်ကျစေခြင်းသည်၊ ဆင်းရဲသားများ ဆင်းရဲတွင်းနက်ရခြင်းသာ ဖြစ်လာမည်။
တကယ် ဖြစ်သင့်သည်မှာ၊ သက်ဆိုင်ရာ မြို့နယ်တိုင်းတွင် ကိုယ့်ဒေသ ကျောင်းဆရာများကို လွတ်လပ်စွာ ရွှေးချယ် ခေါ်ယူ ခန့်ထားပိုင်ခွင့် ရှိရမည်။ ကျောင်းဆရာ အရည်အချင်းနှင့်ညီသော၊ ပိုမိုထက်မြက် သော ကျောင်းဆရာများကို ရွေးချယ်ပိုင်ခွင့်သည် ဒေသခံ ပြည်သူများ၏ သားသမီးများ အနာဂတ်ဖြစ်သည်။ ကျောင်းဆရာများအတွက် ထိုက်တန်သော လခနှင့် အကျိုးခံစားခွင့်ကိုလည်း သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်း အစိုးရများက ဘက်ဂျက်ဆွဲထည့် ပေးသော်လည်းကောင်း၊ ဒေသခံ ကျောင်းကော်မီတီများမှ စားဝတ်နေရေး စီစဉ်ပေးခြင်းအားဖြင့်သော်လည်းကောင်း၊ ကျောင်းဆရာများအတွက် ပိုမိုကောင်းမွန်သော လူနေမှု အဆင့်အတန်းသို့ တွန်းပို့ပေး မည်သာ ဖြစ်သည်။ ကျောင်းဆရာ ၀ါသနာအိုးများအတွက် အရွှေ့အပြောင်း ကိစ္စ အတွက် ငွေရေးကြေးရေး ပူစရာမလိုပဲ ကိုယ်ပိုင် အရည်အချင်း ပြည့်မီအောင် ကြိုးစားခြင်းသာ လိုမည် ဖြစ်သည်။

ပုဂ္ဂလိကပိုင်ဆိုင်မှုသည် အိမ်ထောင်တိုင်းအတွက် အားဆေးတခွက်ဖြစ်သည်.......

ဗဟိုအစိုးရသည် နိုင်ငံသားတိုင်း၏ ပုဂ္ဂလိကပိုင်ဆိုင်မှု ကဏ္ဍများကို ကာကွယ်ပေးရာတွင်၊ ဒေသခံ အာဏာပိုင်များကို အာဏာကုန်လွဲအပ်ခြင်းဖြင့် ထိရောက်သော ဥပဒေ စိုးမိုးရေး ကိုဖေါ်ဆောင်နိုင်မည် ဖြစ်သည်။
ဒီမိုကရေစီ စနစ် ရဲ့ အဓိက မဏ္ဍိုင် သုံးရပ် ဖြစ်သော၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် ဥပဒေပြုရေး မဏ္ဍိုင် သုံးရပ် စလုံး၊ ကဏ္ဍအလိုက် အဆင့်သတ်မှတ်လျှက် ဒေသခံ အာဏာပိုင်အဆင့်ထိ လျှော့ချထားသင့်ပေသည်။ သို့မှသာ မတူညီသော ယဉ်ကျေးမှု နှင့် ဘာသာစကား၊ လူမျိုးအလိုက် ကိုယ့်ဒေသ နှင့် လိုက်လျော ညီထွေသော ဥပဒေများ ပြဠာန်းနိုင်မည်ဖြစ်ပြီး၊ ကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးများအကြား မကျေနပ်မှု များ တဖြည်းဖြည်းလျှော့ကျသွားနိုင်စရာ ရှိသည်။
သို့မှသာ တည်ငြိမ်အေးချမ်းပြီး စီးပွါးရေး၊ လူမှုရေးကဏ္ဍများ တိုးတက်လာမည်။ ဆင်းရဲသူလူတန်းစားများလဲ တဖြည်းဖြည်းနှင့် လျှော့နည်းသွားပါမည်။ လူတိုင်းလူတိုင်းမှာ တည်ငြိမ်အေးချမ်းပြီး စိတ်ချရသော ပိုင်ဆိုင်မှုမျိုးရှိလာရင်၊ အလုပ်ကြိုးစားချင်လာသည်။ ကိုယ့်မြေ၊ ကိုယ့်ယာ ဆိုပြီး ပိုင်ဆိုင်မှု အတည်တကျ ဖြစ်လာလျှင်၊ ရေရှည်စီမံကိန်းများ လုပ်ချင်လာမည်။ မြေးမြစ်များအတွက် အမွေလွဲခွင့်များရလာနိုင်သည်။ ဘိုးဘွားပိုင်မြေများ ပိုင်ဆိုင်ခွင့်ရနိုင်လျှင် လူတိုင်းလူတိုင်း ကိုယ့်ရပ်ကိုယ်ရွာ ကို ချစ်ခင်မြတ်နိုးစိတ် ပေါ်လာမည်။ သို့မဟုတ်ပါက၊ ဘာမှ မသေခြာ မရေရာတဲ့ အခြေအနေမှာ ခေါင်းကျက် ခေါင်းစား၊ အမှည်းကျက် အမှည်းစား ဘ၀အောက်ရောက်ပြီး လူမှုဝန်းကျင် ပျက်စီးခြင်းနှင့် ဆင်းရဲသားလူထု ပိုမိုများပြားလာမည်သာ ဖြစ်သည်။
(Duwa Kachin)

No comments:

Post a Comment