မြန်မာအစိုးရ
အနေနဲ့ တိုင်းရင်းသား ပြည်သူများ အပါအ၀င် မြန်မာ နိုင်ငံသား အားလုံးရဲ့
ဘ၀လုံခြုံရေးကို အာမခံချက် မပေးနိုင်ဘူး ဆိုရင် မြန်မာ နိုင်ငံတော် ဆိုတာလဲ
လုံခြုံမှု ရှိမှာ မဟုတ်ပါဘူး။
ပြည်သူကို တန်ဖိုးထားမှ လုံခြုံရေး ဆိုတာ ဖြစ်လာတာပါ။
စစ်တပ်မိသားစု အတိုင်းအ၀ိုင်းတခုထဲရဲ့ လုံခြုံရေး ရှိလို့ တိုင်းပြည်လုံခြုံတာ မဟုတ်ပါဘူး။
နှစ် ၆၀ ကျော်လာတဲ့အထိ မြန်မာ ပြည်သူ၊ သာမန် အရပ်သားများကို လုံခြုံတဲ့ဘ၀ မပေးနိုင်ခဲ့ပါဘူး။
လုံခြုံရေး
ဆိုတဲ့နေရာမှာ စစ်သဘောတရား အနေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုရင်တော့ သူပုန်၊ သူမြ
များရန် နဲ့ သဘာဝ ဘေးအန္တရာယ်ရန်မှ ကာကွယ်ခြင်း လို့ အနက်ဖွင့်ပါလိမ့်မယ်။
မြန်မာပြည်သူတွေရဲ့ လုံခြုံရေး လိုအပ်ချက်ကတော့ လူနေမှု ဘ၀ အာမခံချက် အတွက် လုံခြုံရေး ပါ။
ပညာရေး လုံခြုံရေး၊ ကျန်းမာရေး လုံခြုံရေး၊ မြေယာပိုင်ဆိုင်မှု လုံခြုံရေး၊ ဥပဒေလုံခြုံရေး.... စသည်များ ကို ဆိုလိုတာပါ။
မြန်မာပြည်မှာ
မိဘတိုင်း သားသမီးများ အတွက် စိတ်အညစ်ဆုံးက ဘယ်ကျောင်းမှာ ကျောင်းအပ်ရင်
အဆင်ပြေ မလဲ၊ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အစိုးရကျောင်း အပ်လိုက်တယ် ဆိုတာနဲ့
စိတ်မချရဘူး။ စိတ်မချရ ခြင်းဟာ လုံခြုံမှု ကင်းမဲ့နေတာပါပဲ။
ကျန်းမာရေးနဲ့
ပတ်သက်ရင်လဲ တခုခု ဖြစ်လာရင် ဘယ်ဆေးရုံတက်ရကောင်းမလဲ။ ဘယ်ဆရာဝန်ကို
ပြရမလဲ၊ ငွေရေးကြေးရေး ဘယ်လောက်ကုန်သွားမလဲ၊ ဆိုတဲ့အချက်ကို လူတိုင်း
စိတ်ပူနေရပါတယ်။ အစိုးရ ဆေးရုံကို စိတ်မချတာက တကြောင်း၊ ဆရာဝန်တွေကို
စိတ်မချတာက တကြောင်း၊ စုံလို့ပါပဲ။ ဆရာဝန် နဲ့ ဆေးရုံကို တခုခု မှားလို့
အရေးယူတယ် ဆိုတာလဲ မရှိသလောက်ဆိုတော့၊ ပြည်သူ့ကျန်းမာရေး နဲ့ ပတ်သက်ပြီး
အစိုးရ အနေနဲ့ လစ်လျှူရှု့ခံထားရတာ အထင်အရှားပါ။
လယ်ယာမြေ
ပိုင်ဆိုင်မှု၊ မြေလွတ်မြေရိုင်း ပိုင်ဆိုင်မှု စိတ်မချရမှုဟာ
အဆိုးဆုံးဖြစ်ပါတယ်။ မြန်မာ ပြည်သူအများပိုင်းရဲ့ မြေပိုင်ဆိုင်မှုဟာ မသေချာ
မရေရာတဲ့ အခြေအနေမှာ ရှိတာပါ။ ဥပဒေအရသော်လည်းကောင်း၊ လုပ်နည်းလုပ်ဟန်
အရသော်လည်းကောင်း၊ ဘယ်သူ့မြေ မှ စိတ်ချရတဲ့ အဆင့် မရှိပါဘူး။ အချိန်မရွေး
မီးခိုးလို ပျောက်သွားနိုင်ပါတယ်။ တကယ်တော့ မြေယာပိုင်ဆိုင်မှု
စိတ်ချရခြင်းဟာ လူတွေကို အလုပ်ပို ကြိုးစားစေပါတယ်။
ပစ္စည်း
ဥစ္စာပိုင်ဆိုင်မှုလဲ လုံခြုံမှု မရှိပါ။ ငွေကြေးဖေါင်းပွနှုန်းတွေကြောင့်
ငွေသားအနေနဲ့ ဘဏ်မှာ ထည့်ထားလို့လဲ မဖြစ်။ အလုပ်အကိုင်
ရင်းနှီးမြုပ်နှံဖို့ကလဲ မလွယ်၊ အိမ်မှာ သိမ်းထားတာကလဲ စိတ်မချရ၊ ဆိုတော့
လူတိုင်းရဲ့ ဓနအင်အားဟာ မသေချာ မရေရာတဲ့ အခြေအနေ ဖြစ်နေပါတယ်။
သူများနိုင်ငံလို သန်းကြွယ် သန်းဌေးရယ်လို့ ရဲရဲ ၀ံ့ဝံ့ ပိုင်ဆိုင်မှုကို
အသိအလင်း ထုတ်ဖေါ်ရဲတဲ့လူ သိပ်မရှိသေးပါဘူး။ အခွန်ရှောင်နေရလို့လဲ
ဖြစ်နိုင်ပါတယ်။
ပိုဆိုးတာ တိုင်းရင်းသား ဒေသတွေမှာပါ။
တဘ၀လုံးရင်းပြီးတည်ထောင် ထားတဲ့ဘ၀တွေကို လွယ်လွယ်နဲ့ တရွာလုံး
မီးရှို့ပေးလိုက်တာတွေ၊ လူတွေကို အလွယ်တကူ ပေါ်တာ ခေါ်သွားတာတွေ၊ တရွာလုံးကို
အလွယ်တကူနဲ့ ရွေ့ပြောင်းခိုင်းတာတွေဟာ မြန်မာနိုင်ငံသား တွေပဲ
ဆုံးရှုံးနေရတဲ့ ဘ၀တွေပါ။ မြန်မာနိုင်ငံသားတွေရဲ့ ဆုံးရှုံးမှု ပမာဏဟာ မြန်မာ
နိုင်ငံတော်ရဲ့ ဆုံးရှုံးမှု အတိုင်းအတာပါပဲ။
ဥပဒေရဲ့
အကာအကွယ်ဆိုတာလဲ မျှမျှတတ မရခဲ့တာ ကြာပါပြီ။ အုပ်ချုပ်သူ၊ အာဏာရှိသူ၊
ဓနကြွယ်သူများရဲ့ ဥပဒေ ဖြစ်နေခဲ့တာလဲ မြန်မာနိုင်ငံသားတွေ အတွက်
စိတ်မချရဆုံး အဖြစ်ပါ။ အချိန်မရွေး မှောင်ရိပ်ခိုမှုကနေ၊ ဖေါက်ခွဲမှုအထိ
လူတိုင်းကို ဖမ်းလို့ ရနေတယ်။ ဘ၀ကို ဖက်နဲ့ ထုပ်ထားတယ် ဆိုတာ
မြန်မာနိုင်ငံသားတွေပါ။
ဒီလိုမျိုး အစစအရာရာ
စိတ်မချရတဲ့ဘ၀မျိုးနဲ့ တိုင်းသူပြည်သားများ စုနေတဲ့ မြန်မာနိုင်ငံကို
လုံခြုံတဲ့ နိုင်ငံလို့ ပြောနိုင်ပါ့ မလား။ တပ်မတော်ဟာ နိုင်ငံတော်ကို
ကာကွယ်နေတယ် လို့ အပေါ်ယံကျော ထုတ်ကြွားနေလို့မပြီးပါ၊ လက်တွေ့တကယ်
ကာကွယ်ပေးသလား ဆိုတာ အတွင်းကျကျ သုံးသပ်ရအုံးမှာပါ။
No comments:
Post a Comment