Pages

Sunday, November 25, 2012

ရွေးချယ်ပိုင်ခွင့် ဆိုတာ လူ့အခွင့်အရေး ဖြစ်တယ်။


လက်ရှိအစိုးရဟာ မြန်မာပြည်သူ အများထုကို ရွေးချယ်စရာ မပေးပဲ သူတို့လိုချင်တဲ့ ပုံစံခွက်ထဲကို အတင်းအဓမ္မ ထိုးထည့်နေတဲ့ ပြဿနာဖြစ်သည်။

ဒီနေ့ခေတ်အခါမှာ လူတန်းစား နှစ်မျိုးရှိပါတယ်။ ခေတ်မှီတဲ့ မြို့ပြပုံစံကို သဘောကျတဲ့ လူတွေရှိသလို တောတောင် ရေမြေသဘာဝကိုမှ ပျော်စရာ အဖြစ်ရှု့မြင်တဲ့ လူတွေလဲ အများအပြားပါ။ ရန်ကုန် တိုက်ခန်းများမှာ နေပျော်တဲ့ လူတန်းစားရှိသလို၊ ရန်ကုန် တိုက်ခန်းမှာ တပတ်တောင် အိပ်လို့မရတဲ့ လူတွေလဲ အများကြီးပါ။

ဒီတော့ လူတွေကို ရွေးချယ်စရာ လမ်းဖွင့်ပေးရမှာ ဖြစ်ပါတယ်။


လက်ရှိအစိုးရ အနေနဲ့ကတော့ မြို့ပြစီမံကိန်း နဲ့ စက်မှုလက်မှုလုပ်ငန်း၊ ခေတ်မှီတဲ့ကမ္ဘာကို အငန်းမရသွားနေတယ် လို့မြင်ပါတယ်။ ဒါက ရန်ကုန်လို မြို့နေလူတန်းစားတွေအတွက် အဆင်ပြေ ပေမယ့်၊ လက်လုပ်လက်စား လယ်သမားများအတွက် အဆင်မပြေသလို၊ သဘာဝ ပတ်ဝန်းကျင်နဲ့လဲ ဆန့်ကျင်တယ်။ မြန်မာနိုင်ငံမှာက ဒီလို လယ်သမား လူတန်းစားဟာ လူများစုပါ။

လူနည်းစုရဲ့ အကျိုးစီးပွါးကိုပဲ ဦးစားပေးနေတယ် လို့မြင်တာဟာ ဒီအကြောင်းတွေကြောင့် ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်း ဆိုတာ စက်မှုလက်မှု ဖွံ့ဖြိုးမှုတခုထဲမှာပဲ ပျော်ရွှင်မှုတည်ဆောက်နိုင်တာ မဟုတ်ပါ။ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင်နေပြီး၊ လွတ်လပ်ခြင်း နဲ့အတူ ကိုယ့်ရဲ့ အမျိုးဘာသာ၊ ယဉ်ကျေးမှုမှာ တည်ငြိမ် အေးချမ်းတဲ့ ပျော်ရွှင်ခြင်း အစစ်အမှန်ကို ရတာပါ။

မြန်မာပြည်မှာ လိုအပ်နေတာ စီးပွါးရေး ဆိုတာထက် ပြည်သူလူထုရဲ့ စစ်မှန်တဲ့ လွတ်လပ်ခြင်း ဖြစ်တယ်။ အချုပ်အနှောင်ကင်းမဲ့တဲ့ လူ့အဖွဲ့အစည်း၊ ကိုယ့်နယ် ကိုယ့်မြို့၊ ကိုယ့်ရွာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ဖြစ်တယ်။ ကိုယ့်ကျမ္မာ ကိုယ်ဖန်တီးရေး ဖြစ်တယ်။

 လူနည်းစုရဲ့ အကျိုးစီးပွါးဖြစ်တဲ့ စက်မှုလုပ်ငန်းအတွက် လူများစုရဲ့ ဘ၀ကို မဖျက်စီးသင့်ပါ။ လယ်သိမ်း၊ ယာသိမ်းခြင်းသည်၊ လယ်သမား မိသားစုများရဲ့ ဘ၀ကို ဖျက်စီး ခြင်း ဖြစ်သည်။ သူတို့ မလုပ်ချင်တဲ့ စက်ရုံ အလုပ်သမားဘ၀ကို အတင်းအဓမ္မ တွန်းပို့ခြင်း ဖြစ်သည်။

မိသားစု တခုဆိုတာ၊ စက်မှုလက်မှုနဲ့ အသက်ရှင်ခွင့်လဲ ရှိသလို၊ သဘာဝပတ်ဝန်းကျင်ကို အမှီပြုပြီး အသက်မွေးခွင့်လဲ ရှိရပါမယ်။ အတင်းအဓမ္မ လူ့အဖွဲ့အစည်းတခုကို စက်မှုလက်မှုဖွံ့ဖြိုးမှုရဲ့ ကျေးကျွန် အဖြစ် သွပ်သွင်းခြင်း မရှိသင့်ပါ။

တောတောင် သဘာဝမှာ ပျော်ရွှင်တတ်တဲ့ တောနေလူတန်းစားတွေကို နောက်ကျကျန်ရစ်တဲ့လူ့ အဖွဲ့အစည်းအနေနဲ့လဲ မမြင်သင့်ပါ။ ဒါဟာ သူတို့ရဲ့ ပျော်ရွှင်မှု ဖြစ်တယ်။ သူတို့ပျော်သလို နေတတ်တာ သူတို့ရဲ့ တန်ဖိုးဖြစ်ပါတယ်။

တိုက်ပေါ်တက်နေပြီး အိပ်စားပျက်နေမဲ့အတူ၊ တောတောင်သဘာဝ မှာနေပြီး ပျော်ရွှင် စရာ ဘ၀လေးတွေကို ဖန်တီးခွင့်ရခြင်းသည်၊ သာ၍မြတ်ပါသည်။

ဒီနေ့ ကမ္ဘာ့အမြင်လဲ ပြောင်းလာပါပြီ။ ဘူတန်နိုင်ငံကို ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံ အဖြစ် သတ်မှတ်လာတာဟာ ခေတ်မီအသုံးအဆောင် (Modernization) ပစ္စည်းတွေကြောင့် မဟုတ်ပါ။ သူတို့ နိုင်ငံသား အများပိုင်း လယ်လုပ်သားတွေပါ။ စက်ရုံမရှိ၊ ပင်လယ်ထွက်ပေါက်မရှိ၊ အခြေခံဘွဲ့ပေးတဲ့ စိုက်ပျိုးရေး သက္ကသိုလ်ကျောင်း တခုပဲ ရှိပါတယ်။ TV တောင် အိမ်တိုင်းမရှိပါ။

ဒါပေမယ့်... သူတို့

ကျန်းမာတယ်....

လေထု၊ ရေထု သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းမှုကြောင့်သော်လည်းကောင်း၊ အစိုးရက ဘူတန်နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို လုံးဝ အခမဲ့ တာဝန်ယူတယ်... ဒီ ကျန်းမာရေး စောင့်ရှောက်စရိတ်ကို ကမ္ဘာလှည့်ခရီးသွားတွေဆီက တနေ့ နေစရိတ် VISA ကြေး US ဒေါ်လာ၂၀၀ ယူတယ်။ ဒါတောင် အကန့်အသတ်နဲ့သာ ၀င်ခွင့်ပြုတယ်... သွားချင်တဲ့လူတွေ တန်းစီနေတာပါ..

သူတို့မှာ နှိုက်ကလပ်မရှိဘူး... ပြည်တန်ဆာအိမ်မရှိဘူး... ကမ္ဘာလှည့်ခရီးသွားတွေဟာ Eco-tourism များသာ ဖြစ်တယ်။

လူနေမှု အဆင့်အတန်းကွာဟမှု မရှိဘူး...

လူတိုင်း၊ မိသားစုတိုင်း လယ်ယာ လုပ်ကိုင်စားသောက်သူများ ဖြစ်တယ်... ဈေးကွက်စီးပွါးရေး မလိုဘူး... ပြိုင်ဆိုင်မှု မလိုဘူး... လယ်မြေသိမ်းရိုး ထုံးစံမရှိ.. ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်မှု စိတ်ချရတယ်....

သူတို့ရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ရောထွေးမသွားပါ။

ဘိုးစဉ်ဘောင်ဆက် အရင်တိုင်းရှိနေသေးတဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ နဲ့ ၀တ်စားဆင်ယဉ်ထုံးဖွဲ့မှု များမှာ ပျော်ရွှင်ခဲ့ရပါတယ်။ ခေတ်ကို အမီလိုက်စရာ မလို... သူတို့ ပတ်ဝန်းကျင်နဲ့ သူတို့ ဘ၀ (livelihood) ဟာ တည်ငြိမ်းအေးချမ်းနေတယ်။

ဒါပေမယ့် သူတို့ရဲ့ ဘုရင် နဲ့ ၀န်ကြီးချုပ်ကတော့ အနောက်တိုင်းက ပညာတတ် ပုဂ္ဂိုလ်တွေပါ။ မျိုးဆက်သစ်လူငယ်တွေကို နိုင်ငံခြား ပညာတော်သင်အတွက် အစိုးရ တာဝန်ယူပေးပါတယ်။ နိုင်ငံခြားက PhD ရထားတဲ့ ပညာတတ်တွေ အများကြီးရှိပါသတဲ့။

ကဲ့.. လောလောဆယ်တော့ ကျနော်တို့ မြန်မာ နိုင်ငံရဲ့ မဟာ ရန်ကုန်က Traffic jam နဲ့ လယ်သိမ်းမြေသိမ်း ပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ် ဆိုတာ အရင် စဉ်းစားလိုက်ရအောင်ပါ။

မြန်မာ ပြည်သား အများပိုင်း အတွက် အရေးကြီးတာ လယ်ယာမြေ ထာဝရ ပိုင်ဆိုင်ခွင့် ဥပဒေ နဲ့ တည်ငြိမ်အေးချမ်းတဲ့ ဘ၀မျိုးပါ။

No comments:

Post a Comment