မြန်မာနိုင်ငံမှာ လောလောဆယ် အမြဲလိုလို ကြားနေရတဲ့ ပြဿနာကတော့
လယ်ယာမြေသိမ်းမှု အတွက် ဆန္ဒပြပွဲများ၊ တိုင်းရင်းသားပြဿနာ၊
စက်ရုံအလုပ်သမားများ ဆန္ဒပြပွဲများ ပဲ ဖြစ်ပါတယ်။ ဒီလို ပြဿနာတိုင်းကိုလဲ
အစိုးရ နဲ့ သက်ဆိုင်သူများ ဖြေရှင်းနေတဲ့ ပုံစံကတော့ တက်လာတဲ့ ပြဿနာ
အကိုင်းအခက်လေးတွေကို လိုက်ချွေနေပြီး၊ ပြဿနာတွေက တကိုင်းပြီး
တကိုင်းပြန်ထွက်နေပါတယ်။ ဒီတော့ ပြဿနာ အပင်တစ်ခုကို အကိုင်းအခက်လေးတွေ
လိုက်ချွေနေရင် ဘယ်တော့မှ ပြီးနိုင်မှာ မဟုတ်ပါ။ တကိုင်းချွေလိုက်ရင်
နောက်ထပ် အကိုင်းအခက်လေးတွေမှာ အများကြီး ပြန်ထွက်လာမှာပါ။
ဒီတော့… အမြစ်ကနေ တူးပြီး တစ်ပင်လုံး နှုတ်လိုက်မှ ပြီးမှာပါ။
လယ်ယာမြေ ပြဿနာ တွေဟာ လောလောဆယ်မှာတော့ လက်ပတောင်းတောင်လို
ဗမာလူမျိုးအများစု နေထိုင်ရာ ဒေသ မှာပဲ ဖြစ်နေခဲ့တာ မဟုတ်။
တိုင်းရင်းသားဒေသတွေမှာက ဒီ့ထက်မက ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့်
ဘယ်တိုင်းရင်းသားမှ ဒီလောက် ပြင်းပြင်းထန်ထန် ဆန္ဒပြခွင့် မရခဲ့ပါ။
အထူးသဖြင့်၊ သယံဇာတ ပေါကြွယ်ဝတဲ့ နယ်မြေဒေသ တွေမှာ အဆိုးဆုံးပါ။ ဖါးကန့်ဒေသ
ဆိုရင် ဒေသခံတွေ ပြောင်းနေခဲ့တာ နှစ်တိုင်းပါပဲ။ ဘယ်သူမှ
အတွန့်မတက်ရဲရှာပါ။ မြစ်ကြီးနား တစ်ဝှက်က လယ်ယာမြေတွေ စစ်တပ်ပိုင်မြေ၊
မကျူးကျော်ရ ဆိုပြီး ဆိုင်းဘွတ် အတပ်ခံထားရတာလဲ နေရာတကာပါ။ နောက်ပြီး
ရွားနား ပတ်ပတ်လည်က နွားစားကျက်နေရာတွေ၊ ရွာပိုင် ကြိုးဝိုင်းတွေ
ဘယ်အချိန်က ဘယ်သူရောင်းလိုက်မှန်းမသိပဲ တရုတ်လုပ်ငန်းရှင်တွေရဲ့ ရာဘာခြံ
စီမံကိန်း ဖြစ်သွားတဲ့ဟာတွေလဲ ဒုနဲ့ဒေး။ ဘယ်သူမှလဲ အတွန့်မတက်ရဲခဲ့ပါ။
အဲဒီလို မကျေနပ်ချက်တွေရဲ့ ထွက်ပေါက်ကတော့ ကေအိုင်အေကို လုံးဝ
လက်နက်မချဖို့ ကချင်ပြည်သူတွေရဲ့ ရဲရဲတောက်အသံ ထွက်လာရခြင်းပါပဲ။
ဒါဟာ ကချင်ပြည်နယ်မှာ ပဲ ဖြစ်နေတဲ့ ပြဿနာကို ပြောနေခြင်း မဟုတ်၊ တပြည်လုံး အတိုင်းအတာ ပြဿနာ အတွက် ဥပမာ တစ်ခု ပေးခြင်းသာ ဖြစ်တယ်။
ဗမာ လူမျိုးတွေအနေနဲ့ကတော့ စစ်ခေါင်းဆောင်လောက်တွေကိုပဲ လက်ညိုးထိုး
အပြစ်တင်မှာပါ။ သို့သော်၊ တခြားတိုင်းရင်းသားများ အနေနဲ့ကတော့ တခြား ဗမာ
အတိုင်းအ၀ိုင်းမှာ ဖြစ်နေခဲ့တဲ့ ပြဿနာတွေကို သိမှာ မဟုတ်၊ အစိုးရရဲ့
စနစ်ကိုလဲ မမြင်တော့ပဲ။ ဗမာ တွေ သက်သက်မဲ့ အနိုင်ကျင့်တယ်၊ ဆိုတဲ့
အမြင်မျိုးကြီးထွားလာတာ သဘာဝပါ။ တကယ်တော့လဲ အစိုးရ လုပ်နေသူတွေ၊
အထူးသဖြင့်၊ စစ်တပ်ခေါင်းဆောင်ပိုင်း၊ ကချင်ရွာသားတွေကို အပေါ်စီးက မညှာမသာ
ဆက်ဆံတတ်လေ့ ရှိသူတိုင်းကလဲ ဗမာလူမျိုးတွေပါပဲ။ ဒီတော့၊ ဒီလို
အမြင်မျိုးထွားလာတာ အဆန်းမဟုတ်ပါ။
ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲ….
ခဏဏပြောနေရတဲ့ ဗဟိုချုပ်ကိုင်မှု စနစ်ပါ။ ၂၀၀၈ အခြေခံ ဥပဒေလဲ ဗဟိုချုပ်ကိုင်မှု စနစ်ကိုပဲ အားဖြည့်ထားပါတယ်။ ဗဟိုချုပ်ကိုင်မှု စနစ်ရဲ့ အထက်အမိန့်နဲ့ လုပ်စားတဲ့ လူတန်းစား ရှိနေသေးသ၍
ပြဿနာ မငြိမ်းနိုင်ပါ။ ဒါကြောင့်…. ၂၀၀၈ အခြေခံ ဥပဒေကို မပြင်ပဲ၊ ဗဟိုချုပ်ကိုင်မှု စနစ်ကို
မလျှော့ချပဲ နဲ့တော့ မြန်မာရဲ့ ပြဿနာ ဘယ်တော့မှ ပြီးမှာ မဟုတ်ပါ။
တခြား
နိုင်ငံတွေမှာလဲ ဒီလို အတွေ့အကြုံတွေ အများကြီး ရှိခဲ့ဖူးတာပါ။ ဗီယက်နမ်
နဲ့ တရုတ် နိုင်ငံလို တစ်ပါတီ စနစ်တွေတောင် ဗဟိုချုပ်ကိုင်မှု
စနစ်လျှော့ချပြီးတဲ့ နောက်မှ စီးပွါးရေး၊ လူမှုရေး အဖြာဖြာ တိုးတက်လာတာ
အထင်အရှားပါ။
တရုတ်ဆိုရင် ဟောင်ကောင် နဲ့ မကာအူ ဆိုတာ သီးသန့် အုပ်ချုပ်မှု စနစ်တွေပါ။ ငွေကြေးစနစ်တောင် သီးသန့်ရှိတယ်။ သို့သော် တရုတ်နိုင်ငံပါပဲ။
ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်တွေဟာ ကချင်လူမျိုးများ အများအပြား
နေထိုင်တဲ့ ရွာတွေပါ။ အဲဒီ ရွာသားတွေဟာ တရုတ်အစိုးရ ကို
အကောင်းမြင်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့နယ်ထဲကို
ဘယ်တရုတ်လုပ်ငန်းရှင်မှ သူတို့ ပိုင်မြေတွေ အလကားသိမ်းလို့ မရပါဘူး။
သူတို့ကို ဒီလို ကိုယ့်မြေ၊ ကိုယ်ယာ ကာကွယ်ပိုင်ခွင့် အပြည့်အဝ
ပေးထားပါတယ်။ ရွားနားက သစ်တောထဲက အရိုင်းပင် တစ်ပင်တောင် တစိမ်း တစ်ယောက်
အနေနဲ့ လာခုတ်လို့ မရပါဘူး။ ရွာသားတွေ အမြင်မကြည်ရင်
ထောင်ထဲရောက်သွားမှာပါ။ ပြီးတော့ အုပ်ချုပ်သူအာဏာပိုင် နဲ့ အစိုးရ
ဝန်ထမ်းကအစ နယ်ခံပဲ ခန့်တာပါ။
ဒီမိုကရေစီ နိုင်ငံရေလို့ ကြွေးကြော်နေတဲ့ မြန်မာ နိုင်ငံဟာ
ဗဟိုချုပ်ကိုင်မှု စနစ်တောင် မလျှော့ချင်ရင်တော့ ကွန်မြူနစ် အစိုးရ
လောက်တောင် အဆင့်မရှိတဲ့ နိုင်ငံ ဖြစ်နေအုံးမှာပါ။ တမျိုးသားလုံးရဲ့
စီးပွါးရေး တိုးတက်ဖို့လဲ မဖြစ်နိုင်ပါ။ လူတစ်စု အတွက်ပဲ ဖြစ်လာနိုင်ပါတယ်။
ဒီတော့… ပြဿနာကို အမြစ်က တူးလိုက်ပါ။
No comments:
Post a Comment