Pages

Saturday, April 27, 2013

အကြောက်တရားဟာ လူတွေကို အချင်းချင်း ပိုပို ဝေးသွားစေတယ်။



ဥပဒေ ဆိုတာ လူတွေရဲ့ အကြောက်တရားကနေ အခြေခံပြီး လူလူချင်းတရားမျှတမှု ကို ဆောင်ကျဉ်းနိုင်ဖို့ ဖွဲ့တည်လာရခြင်း ဖြစ်ပါတယ်။

လူတစ်ဦးချင်း သော်လည်းကောင်း၊ အိမ်ထောင်တစ်ခုချင်းသော်လည်းကောင်း၊ မိသားစု တစ်စုချင်းသော်လည်းကောင်း၊ တစ်ဦးအပေါ် တစ်ဦး မတရားသဖြင့် နိုင်ထက်စီးနင်း လုပ်လို့ မရ အောင် ဥပဒေက အကာအကွယ် ပေးထားတယ်။ အဲဒီ ဥပဒေ ကို အစိုးရက ထိန်းကျောင်းတယ်။ ဒါပေမယ့် အဲဒီ ဥပဒေ ကို ပြုလုပ်သူဟာ အဲဒီ ဥပဒေ အကျိုးသက်ရောက်ခံမည့်သူများသာ ဖြစ်သင့်တယ်။ တမျိုးပြောရရင် ဥပဒေ ဆိုတာ ပြည်သူ့ကြားကအချင်းချင်း အကာအကွယ်ပေးနိုင်တဲ့ ပဠိညာဉ် စာချုပ်တစ်ရပ် ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဥပဒေ ရှိရဲ့သားနဲ့ ဘာဖြစ်လို့ လူလူချင်း ကြောက်ရွံ့နေကြသလဲ? အဲဒီ ဥပဒေ ကိုက ပြည်သူ့ကြားက ပဠိညာဉ် မဟုတ်ခဲ့လို့ပါ။

တိုင်းရင်းသားတွေက အဲဒီ ဥပဒေ ကို အားလုံးပါဝင်ပြီး လွတ်လပ်စွာ ဝေဖန်ပိုင်းခြားပြီး ရေးစေချင်ခဲ့တာ နှစ်ပေါင်း ရာစုနှစ် ၀က် ကျော်ပြီ။ ဒါပေမယ့် တဖက်သတ်ရေးထားတဲ့ ဥပဒေ တွေနဲ့ပဲ အနိုင်ပိုင်းခံနေရတာ ဖြစ်ပါတယ်။

ပိုဆိုးတာက အဲဒီ ဥပဒေ ကို ပြုလုပ်တဲ့ အစိုးရ မင်းများကိုယ်တိုင် သူတို့ ထုတ်ထားတဲ့ ဥပဒေ သူတို့ မလိုက်နာတဲ့ ပြဿနာပဲ။ နောက်ပြီး ဥပဒေ ဆိုတာ အုပ်ချုပ်သူ လူတန်းစားတွေနဲ့ မဆိုင်သကဲ့သို့ ဖြစ်နေပြီး အုပ်ချုပ်ခံ လူတန်းစားများအတွက် သီးသန့်လို ပြုမူကျင့်ကြံနေတာလဲ အဆိုးဆုံး မှားယွင်းမှုပါ။

ဒါကြောင့် တိုင်းရင်းသား လူနည်းစု တွေဟာ ဥပဒေ ဆိုတာကို သိပ်နားမလည်ကြပါဘူး။ သူတို့ ရပိုင်ခွင့် ရှိတဲ့ ဥပဒေ ဆိုတာ မသိပဲ၊ သူတို့ကို တရားစီရင်တဲ့ ဥပဒေ ကိုပဲ သိကြပါတယ်။ ဥပမာ... ရဲ နဲ့ စစ်သားတွေက လူတစ်ယောက် ကို ၀ရမ်းမပါပဲ သူများအိမ်မှာ ညအချိန်မတော် ကြိုက်သလို ၀င်ဖမ်းလို့ မရဘူး၊ ဆိုတဲ့ ဥပဒေ ကို ဘယ်သူမှ မသိပဲ၊ မသင်္ကာမှု တို့၊ အမြင်ကပ် ပုဒ်မ တို့လိုဟာတွေပဲ သိကြတာပါ။ ဒါဆို ပြန်ပေးဆွဲချင်တဲ့ သူခိုးသူမြ တွေဟာ ရဲ နဲ့ စစ်သား ဟန်ဆောင်ပြီး လွတ်လပ်စွာ လူတိုင်း၊ အိမ်တိုင်းကို ၀င်ဖမ်းလို့ ရနေတယ်၊ အဲဒါကို တန်ပြန်ခုခံ ကာကွယ်ပြန်ရင်လဲ ရဲ၊ စစ်သား အစစ်ဖြစ်နေရင် ပြဿနာ က ကြီးအုံးမယ်။ ဒါက ရဲ နဲ့ စစ်သားတွေကိုယ်တိုင်က ပြည်သူအပေါ် ဆက်ဆံတဲ့ အပြုအမူ ပေါ်မှာ ပြည်သူတွေရဲ့ ဘ၀လုံခြုံရေးကို အလေးမထားသောကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ရဲ နဲ့ စစ်သား ဆိုရင် အကောင်းမမြင်တော့ဘူး။ ဗမာ အချင်းချင်းဆိုရင် ဒီလောက် အမြင်မစောင်းနိုင်ပေမယ့်၊ တိုင်းရင်းသားဒေသမှာတော့ ရဲ နဲ့ စစ်သား မကောင်းလဲ ဗမာ တွေ မကောင်းဘူး ဖြစ်သွားတယ်။ ဒီတော့ ဗမာ နဲ့ တိုင်းရင်းသား ကြားမှာ အကြောက်တရားဟာ ပိုမိုပြီး နက်ရှိုင်းသွားတယ်။ အဲဒီ အကြောက်တရားနဲ့ပဲ ဗမာလူ့အဖွဲ့အစည်းနဲ့ တိုင်းရင်းသားလူ့အဖွဲ့အစည်းတွေကို ပိုမိုဝေးသွားစေတယ်။

တော်လှန်ရေး စလာတာလဲ အကြောက်တရားတွေကြောင့် ဖြစ်ပါတယ်။ မိတ္ထီလာ အဓိဂရုဏ်းဖြစ်တာလဲ အကြောက်တရားတွေကြောင့် ပါ။

အဲဒီ အကြောက်တရား တွေအားလုံးရဲ့ အရင်းအမြစ်ကတော့ ဥပဒေ ရဲ့ လိုအပ်ချက်ကြောင့်ပါ။

ဒီတော့ ပြည်သူအားလုံးအတွက် ပဠိညာဉ်စာချုပ် တခုလို ရပ်တည်နိုင်တဲ့ ဥပဒေ တခု ရှိလာဖို့ ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်တဲ့ ဥပဒေ ပြုမှု လုပ်ငန်းစဉ် တခုလိုအပ်ပါတယ်။ ပြည်သူ ဆိုတဲ့ နေရာမှာ မြန်မာ နိုင်ငံသား အဖြစ် ခံယူထားသူ မည်သူမဆို ပါဝင်နိုင်မှုကို ဆိုလိုပါတယ်။

No comments:

Post a Comment