Pages

Tuesday, February 26, 2013

မြို့ပြစီမံကိန်းများမှာ လူမှုတရားမျှတ ရေး ချိန်ခွင်လျှာ ထည့်စဉ်းစားခြင်း။



(Social Justice in Urbanization)

မြန်မာနိုင်ငံလဲ နိုင်ငံရေး အပြောင်းအလဲ ဖြစ်နေပြီ ဆိုပြီး ထက်သာမြင်သာ ရှိတဲ့ အချက် လူတွေ အပြောများတာက ကားများလာတယ်။ တယ်လီဖုန်းကိုင်တဲ့လူတွေများလာတယ် ပေါ့။

ဒါပေမယ့် လျှပ်စစ်မီးကတော့ ထူးမခြားနားသလို ကားများလာတာနဲ့အမျှ Traffic Jam တွေကလဲ လိုက်လာပါတယ်။ အထူးသဖြင့် ရန်ကုန်အကြောင်း ပြောကြရအောင်ပါ။

ရန်ကုန် အစိုးရ နဲ့ နေပြည်တော် အစိုးရ တသဘောထဲ ထည့်စဉ်းစားတာက ကားကျပ်တဲ့ ကိစ္စဘယ်လို ဖြေရှင်းမလဲ ဆိုတာပါ။ စဉ်းစားတဲ့ ထဲမှာ အခြေခံလူတန်းစားအတွက် လူမှုတရားမျှတရေး (Social Justice) ကိုတော့ ထည့်စဉ်းစားပုံမရပါဘူး။
လူတိုင်း၊ အဆင့်အတန်းမခွဲခြားတဲ့ တရားမျှတရေး ပေါ်လစီအတွက် ဘယ်တုန်းကမှ ထည့်စဉ်းစားဖူးတာမဟုတ်တော့ အလေ့အထက အားနဲလာတယ်။ ဒါကြောင့် ကားကျပ်တာကို ဦးစားပေး စဉ်းစားပြီး လူတိုင်း အသွားအလာ အဆင်ပြေအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့အချက်ကို မေ့တာ မဟုတ်ရင်တောင် ဦးစားပေးအဆင့်ရှေ့ကို ရောက်မလာပါဘူး။

ပြည်သူတစ်ယောက်ချင်းစီရဲ့ သွားရေး၊ လာရေး၊ ပို့ဆောင်ရေး ဆိုသည်မှာ နိုင်ငံတခုရဲ့ စီးပွါးရေး တိုးတက်မှုကို တိုက်ရိုက် အကျိုးတက်ရောက်ပါတယ်။ ကားသုံးတဲ့လူတန်းစားအတွက်ပဲ မဟုတ်၊ လူတန်းစားပေါင်းစုံအတွက် အရေးကြီးတာပါ။

ဒီလို မစဉ်းစားခဲ့တာ မြန်မာပြည်ပဲ မဟုတ်ပါ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လဲ တချိန်တုန်းက ဗဟိုချုပ်ကိုင်မှု စနစ်အောက်မှာ ရေးဆွဲခဲ့တဲ့ မြို့ပြ စီမံကိန်း ဆိုတော့ အခုထိ ပြင်လို့မရပဲ မထူးဇာတ်ခင်း ဆက်သွားနေရပါတယ်။

ဥပမာ...

နယ်သာလန် မြို့တော် အမ်စတာဒမ် မြို့နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို နှိုင်းယှဉ်ကြည့်ရအောင်...

နယ်သာလန် နိုင်ငံသားတွေက Transportation ကိစ္စ စဉ်းစားတဲ့အခါ လူတစ်ယောက်ချင်းစီကို စဉ်းစားတယ်။ လမ်းလျှောက်ပြီး ဘတ်စ်ကားစီးသူများ၊ စက်ဘီးစီးသူများ၊ ဆိုင်ကယ်စီးသူများ၊ ကားစီးသူများဟာ လူတစ်ယောက်ချင်းနဲ့ ဆိုင်တယ်။ ကားမို့လို့ ဦးစားပေးရမယ်၊ ဆိုင်ကယ်မို့လို့ ဦးစားပေးရမယ်၊ စက်ဘီးမို့လို့ ဦးစားပေးရမယ် ဆိုတာမဟုတ်ဘူး။ ကားစီးသူများကြောင့် စက်ဘီးစီးသူ၊ လမ်းလျှောက်သူ၊ ဘတ်စ်ကားစီးသူများကို မနှောက်ယှက်ရဘူး။ ကားစီးသူကလဲ လူတစ်ယောက်ပဲ ခရီးသွားတာ ဖြစ်ချင်ဖြစ်မယ်။ မိသားစု တခုထဲ ဖြစ်ချင် ဖြစ်မယ်။ ဒါကြောင့် မြို့လယ်မှာ ကားလမ်း၊ စက်ဘီးလမ်း၊ လူသွားလမ်း၊ ဆိုပြီး သီးသန့် အကျယ်အ၀န်း ညီညီမျှမျှ ထားလိုက်တယ်။ ဘတ်ကားနဲ့ မြို့ပတ်ရထားလမ်း ကိုတော့ လမ်းလယ်ကောင်မှာ ပိုပြီး အနှောက်အယှက်မရှိအောင် သွားခိုင်းတယ်။ သူက လူအများပိုင်းသုံးတာကိုး။ ကိုယ်ပိုင်ကားတွေကြောင့် လူအများကို စိတ်အနှောက်အယှက်မဖြစ်ရလေအောင် နေရာတကာ ကားရပ်နားခွင့်မပေးဘူး။ တမျိုးပြောရရင် ကိုယ်ပိုင်ကားစီးတဲ့ လူဦးရေကို လျှော့ချလိုက်တဲ့ သဘောပါ။

အမ်စတာဒမ်မြို့လယ်ကောင်မှာ ကားမရှုပ်တာဟာ နယ်သာလန်သားတွေ ကားမ၀ယ်နိုင်လို့ မဟုတ်။ မြို့ထဲ ကားစီးတဲ့လူတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထားလို့ပါ။ တလမ်းမောင်းတွေကများ၊ ကားပါကင်က နေရာတကာထိုးလို့မရ၊ မရှိ၊ ကားလမ်းကလဲ ကျင်းကျင်းလေးပဲ ပေးထားတယ်။ ဆိုတော့ လူတွေက မြို့ပြင်ထွက်ဖို့ မဟုတ်ရင် မြို့ထဲလျှောက်လည်ဖို့ ကိုယ်ပိုင်ကားမစီးတော့ဘူး။ မြို့ထဲမှာနေတဲ့လူတွေက ကိုယ်ပိုင်ကား မ၀ယ်တော့ဘူး။ စက်ဘီးစီးမယ်။ မြို့ပတ်ရထားစီးမယ်။ ခရီးဝေးသွားလဲ ရထားက မြန်မှမြန်။ အချိန်ကလဲ တိတိကျကျ၊ ရထားပေါ် စက်ဘီးပါ ယူသွားလို့ ရသေးတယ်။ ဆိုတော့ စက်ဘီးဟာ အကောင်းဆုံးပေါ့။ ဒါကြောင့် စက်ဘီးမြို့တော် ဆိုပြီး နာမည်ကြီးလာတယ်။ အမ်စတာဒမ်မှာ ကုန်းကျော်တံတား ကြီးကြီးမားမားမရှိပါ။ ဒီ့အတွက် နိုင်ငံတော်ဘက်ဂျက် မကုန်တော့ဘူး။ ကားသိပ်မရှုပ်တော့ မြို့ဟာ ပျော်စရာကောင်းလာတယ်။ ဒါကြောင့် အမ်စတာဒမ် ဟာ အပျော်ဆုံးမြို့စာရင်းမှာ အမြဲတမ်းထိပ်ဆုံးကပါ။

ဘန်ကောက်မြို့ကို ပြန်ကြည့်ရအောင်...

ထိုင်းနိုင်ငံရဲ့ မြို့ပြစီမံကိန်း အသုံးစရိတ် အများပိုင်းဟာ လမ်းတံတား တည်ဆောက်တဲ့ နေရာမှာ သုံးလိုက်တာပါ။ မြို့ထဲမှာ လူသွားလမ်းက အဆင်မပြေ၊ စက်ဘီးစီးလမ်းမရှိဘူး။ ဆိုင်ကယ်စီးရင်လဲ နေကပူ ဘတ်စ်ကားစီးရတာကလဲ ကျပ်ကျပ် ဆိုတော့ နည်းနည်းအဆင်ပြေတဲ့လူတွေက ကိုယ်ပိုင်ကားအရင်ဝယ်တယ်။ အကြွေးလဲ ရောင်းပေးတာကိုး။ ဒါကြောင့် နိုင်ငံခြားသားတွေက ထိုင်းတွေကို ကဲ့ရဲ့ကြတယ်။ အိမ်ထက် ကားပိုကောင်းတယ်၊ ဆိုသတဲ့။
ဒီတော့ ဘန်ကောက်ဆိုတာ ကမ္ဘာမှာ ကားအကျပ်ဆုံး မြို့တော်ကြီး ဖြစ်လာတယ်။ အသက်ရူလို့တောင် မ၀ချင်ဘူး။ ရှိရှိသမျှ ဆောက်လုပ်ရေး ဘက်ဂျက်တွေက ကားလမ်းအတွက်ပဲ လုပ်နေကြတယ်။ ဒါတောင် ကုန်းကျော်တံတားတွေက ဆောက်လို့ကို မပြီးနိုင်သေးဘူး။ ဆောက်ထားပြီးသား ငွေရှင်းရတဲ့ မိုးပျံဟိုင်းဝေးလမ်းမကြီးတောင် ဘယ်လောက်ရှည်သလဲတောင် မခန့်မှန်းတတ်ဘူး၊ မနားတမ်း speed နဲ့ မောင်းတာနာရီနဲ့ချီမောင်းရတဲ့ လမ်းတွေက အများကြီးပါ။ မြန်မာပြည်လို တံတားတခုပြီးတိုင်း တံတားဖွင့်ပွဲသာ လုပ်နေလို့ကတော့ ၀န်ကြီးတွေ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။

ဒါပေမယ့် ထိုင်းပြည်သူ အများပိုင်းက လမ်းလျှောက်သမား (Pedestrian) တွေပါ။ သူတို့ အတွက်ကတော့ လမ်းကောင်းကောင်းလျှောက်မဲ့ နေရာ မရှိပါဘူး။ နိုင်ငံတော်ရဲ့ ဘက်ဂျက်က သူတို့အတွက် မပါရှာဘူး။ လမ်းဘေး လူသွားလမ်းကျင်းကျင်းလေးထဲမှာ ဈေးတန်းက ရှိနေပြန်တယ်။ လွတ်လွတ်လပ်လပ်တောင် သွားလို့မရ။ တခါတလေမှာ ကားလမ်းဘေးကိုတောင် တိုးဝှေ့ပြီး သွားလာကြပါတယ်။

ဒီတော့ နိုင်ငံသားတိုင်းအတွက် လူမှု တရားမျှတ ရေး ဆိုတာ ဘယ်မှာလဲ။ မြို့ပြစီမံကိန်း ရေးဆွဲတိုင်း နိုင်ငံတော်အကြီးအကဲတွေက သူတို့သွားရေးလာရေး အတွက်ပဲ စဉ်းစားတတ်ကြပါတယ်။ နောက်တဆင့် အလယ်အလတ် နဲ့ ပညာတတ်လူတန်းစားတွေအတွက်၊ နောက်ဆုံးမှ အခြေခံလူတန်းစားအတွက် ဖြစ်နေတတ်ပါတယ်။

ရန်ကုန်မြို့တော်လဲ အချိန်မီ လူမှုတရားမျှတရေးကို ထည့်မစဉ်းစားပဲ ကိုယ်ပိုင်ကားစီးလူတန်းစားများအတွက်သာ ဘက်ဂျက်အကုန်ခံနေရင် ဖြေရှင်းလို့ ပြီးနိုင်မှာ မဟုတ်။ ကားလမ်းချဲ့နေမဲ့အစား မြို့တွင်းလူကျပ်တဲ့ နေရာ ကိုယ်ပိုင်ကားစီးတဲ့ လူတွေနည်းသွားအောင် ပေါ်လစီ ချမှတ်ရင် အချိန်တိုအတွင်း ဈေးသက်သာတဲ့ ဖြေရှင်းနည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်ကားစီး စရာမလိုပဲ လူတန်းစားမရွေး သက်တောင့်သက်သာ သွားလာလို့ရအောင် အချိန်မီသွားလာနိုင်တဲ့ လူထုပို့ဆောင်ရေး (public transportation) ယဉ် များကို ပိုမို အဆင်ပြေအောင် အစိုးရ စီစဉ်ပေးသင့်တယ်။ မိုးပျံဟိုင်းဝေးလမ်းများ အတွက် ပုဂ္ဂလိက ပြည်တွင်းပြည်ပ ကုမ္ပဏီများကို နှစ်ရှည်စီမံကိန်း ချပေးသင့်တယ်။

နောက်ပြီး
မြန်မာနိုင်ငံဟာ ရန်ကုန်မြို့ပြစီမံကိန်း တခုထဲမှာ အချိန်ကုန်၊ ငွေကုန်၊ ဖြစ်နေမဲ့အစား တနိုင်ငံလုံးအတွက် အရေးကြီးတဲ့ ပေါ်လစီတွေ ချမှတ်နိုင်ရင် ပိုအကျိုးရှိမှာပါ လို့ လွတ်တော်အမတ်မင်းများကို အကြံပြုပါရစေ။

No comments:

Post a Comment