Pages

Wednesday, February 20, 2013

အများသဘောတူ ဆိုတိုင်း ဒီမိုကရေစီ မဟုတ်ပါ။

သာကေတ က မူဆလင် ကျောင်းတခုကို ဖျက်လိုက်တာဟာ အများသဘောအရ ဆိုပြီးလုပ်တာ တွေ့ရပါတယ်။ အများသဘောတူ ဆန္ဒအရ မင်းမဲ့စရိုက်နဲ့ ဖြေရှင်းလို့ ဥပဒေအရ တရားဝင်တယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဝင် မရှိပဲ စေတီ ဆောက်ထားတဲ့ ချင်းတောင်တန်း နဲ့ ကချင်တောင်တန်း တွေက စေတီတွေ တခုမှ ရှိတော့မှာ မဟုတ်ဘူး။ (ကချင် နဲ့ ချင်းတွေကတော့ ဒီလောက် မသိတတ်တာ မရှိပါဘူး၊ သဘောကို ပြောတာပါ။)

ဒီတော့ အများသဘောတူပြီး ကြိုက်သလို လူသတ်လို့ မရသလို၊ ကြိုက်သလို သူများပစ္စည်း၊ ဘာသာတရား၊ ထုံးတမ်းစဉ်လာ ဖျက်ဆီးလို့လဲ မရပါ။ နိုင်ငံသား တစ်ယောက်ချင်းစီကို ကာကွယ်ထားတဲ့ ဥပဒေ ဆိုတာလဲ ရှိပါသေးတယ်။ အုပ်စုဖွဲ့ပြီး အများသဘောတူနဲ့ လူနည်းစုကို အနိုင်ကျင့်လို့ မရပါဘူး။ ဒါကို အစိုးရ က ကာကွယ်ပေးရမဲ့ တာဝန်ရှိနေတယ်။
ဒူဝါ အနေနဲ့ ရေး ရကောင်းမလား.. မကောင်းဘူးလား ဆိုပြီး ချီတုံချတုံ စဉ်းစားလိုက်သေးတယ်။ ဒါပေမယ့် အမှန်တရား ဆိုတာ အမုန်းခံပြီးမှ ရေးရတယ် ဆိုတဲ့ ခံယူချက်နဲ့ ရေးလိုက်ပါတယ်။

ဒီမိုကရေစီ ရဲ့ အနက်အဓိပ္ပါယ်ဟာ အများသဘောတူထားတဲ့ ဥပဒေ ဘောင်တခုအတွင်း နိုင်ငံသား အားလုံး တပြေးညီ အကျိုးခံစားခွင့်ရှိတဲ့ စနစ် ဖြစ်ပါတယ်။

ဒီမိုကရေစီ စနစ်မှာ ခွင့်ထူးခံ လူမျိုး၊ လူတန်းစား၊ အသိုင်းအ၀ိုင်း၊ အဖွဲ့အစည်း၊ ပါတီ ဆိုတာလဲ မရှိပါ။ ဥပဒေ ဘောင်တခုအောက်မှာ အားလုံး ညီတူညီမျှ ဥပဒေရဲ့ အကာအကွယ်၊ အကျိုးခံစားခွင့်လဲ ရှိရမည် ဖြစ်သည်။

အဲဒီ ဥပဒေ ဆိုတာလဲ ဒီမိုကရေစီ နိုင်ငံ အများပိုင်းမှာ တွေ့ရတတ်တဲ့ လူ့အခွင့်အရေး စံချိန်စံညွန်းနဲ့ အညီ ရေးဆွဲထားတဲ့ ဥပဒေ တွေနဲ့ ဖီလာ ဆန့်ကျင်လို့ မရပါဘူး။ မြန်မာနိုင်ငံလို ကမ္ဘာ့ကုလ သမဂ္ဂက လူ့အခွင့်အရေးတို့၊ ဘာအခွင့်အရေး၊ ညာအခွင့်အရေးတွေမှာ လူကြားကောင်းအောင် သဘောတူ စာချုပ်အထပ်ထပ် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတခု အနေနဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေကို လေးစားလိုက်နာဖို့ တာဝန်ကလဲ ရှိလာပြန်ပါတယ်။
ဒါတွေကို မလိုဘူး ထင်ရင်တော့လဲ ဒီမိုကရေစီ နိုင်ငံကို မကြိုက်လို့လဲ ရပါတယ်။ နှစ်ပေါင်း ၅၀ ကျော်လဲ ဒီမိုကရေစီ ကို နည်းလမ်းပေါင်းစုံ နဲ့ ရှောင်ဖယ်နေခဲ့တာပဲလေ။ ဒီတိုင်း ဆက်နေမလား.. စဉ်းစားပေါ့။

ဒီမိုကရေစီကို သွားကြမယ်ဟေ့.. လို့ ပြောရင်တော့ မြန်မာ့နည်း မြန်မာ့ဟန် တော့ လုပ်လို့ မရပါ။ ဥပမာ- ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ချင်ရင် ဗုဒ္ဓတရားမကျင့်ချင်လဲ ကျင့်ရမယ်။ အဲဒီ တရားတွေကို အယုံအကြည်မရှိဘူး ဆိုရင် ဗုဒ္ဓဘာသာဝင် မလုပ်ဘဲလဲနေလို့ရမယ်၊ ဒီသဘောပါ။

ဒီမိုကရေစီနိုင်ငံ အများတကာ နဲ့ ကျင့်စဉ်မတူပြန်ရင် နိုင်ငံတကာက ပြောလာမယ်၊ ပြည်တွင်းရေး မစွတ်ဖက်ရလို့ ပြောလို့လဲ မရပါဘူး။ ဥပမာ.. သူများရဲ့ အိမ်တွင်းရေးကို မစွတ်ဖက်ကောင်းဖူး ဆိုတာလဲ လူတိုင်းသိပါတယ်။ ကိုယ့်အိမ်ကိုယ် ထမင်းကျွေးတဲ့နေရာ၊ သားသမီးတွေကို ကျောင်းထားတဲ့နေရာ ကိုယ်တတ်နိုင်သလို လုပ်တာကို ဘယ်သူမှ ပြောပိုင်ခွင့်မရှိပေမယ့်၊ ကိုယ့် အိမ်တွင်းရေး ကို မကျူးကျော်ရဆိုပြီး အိမ်သား (ဇနီး၊ သားသမီး၊ အိမ်သား) တစ်ယောက်ယောက်ကို အသေသတ်ဖို့ ကျိုးစားနေတဲ့ လူတစ်ယောက်ကို ပတ်ဝန်းကျင်က ဒီတိုင်းကြည့်နေဖို့ မသင့်တော့မှန်း၊ ၀င်ရောက်စွတ်ဖက်ရတော့မယ် ဆိုတာ လူသားဆန်တဲ့ သတ္တကမ္ဘာက အလိုလိုသိပါတယ်။

ဒီနေ့ကမ္ဘာမှာ ဒီမိုကရေစီ နိုင်ငံတွေရဲ့ စီပွါးတိုးတက်ခြင်းဆိုတဲ့ ရလဒ်တွေကို ထင်သာမြင်သာရှိလာတော့ နိုင်ငံတိုင်းက စိတ်ဝင်စားလာတယ်။ အရင်က ဆိုရှယ်လစ်တို့၊ ကွန်မြူနစ်တို့ကို ဘုရားတစ်ဆူလိုကိုးကွယ် လာတဲ့ ပညာရှင်တွေတောင် ပုံစံတမျိုးနဲ့ ကွန်မြူနစ်နိုင်ငံတွေကို ဒီမိုကရက်တစ် ဆိုပြီးနာမည်တပ်ခိုင်း လာတယ်။

ဒီတော့… မြန်မာနိုင်ငံသူ၊ နိုင်ငံသား များလဲ သူများလို ကြီးပွါးတိုးတက်ချင်လှပါရဲ့ ဆိုတော့ကာ… အစိုးရ ရဲ့ ဥပဒေ ဆိုတာကိုတော့ လိုက်နာရပါတော့မယ်။ အဲဒီ ဥပဒေ ကို မကြိုက်ရင် ပြင်ရမယ်၊ ဥပဒေ ကို ပြင်လို့လဲ မရ၊ ကြိုက်လဲ မကြိုက်ဘူး ဆိုရင်တော့ တိုင်းရင်းသားတွေလို လက်နက်ကိုင်ပြီး တော်လှန်ရုံပေါ့။ (တိုင်းရင်းသားတွေကတော့ လက်ရှိ ဥပဒေ ကို မကြိုက်လို့ တော်လှန်နေတာ ဖြစ်ပါတယ်။)

ဥပဒေ ကိုလဲ ပြင်ဖို့ စိတ်မကူးပဲနဲ့ လက်ရှိဥပဒေ ကို ဆန့်ကျင်ပြီး မင်းမဲ့စရိုက် နဲ့ ဖြေရှင်းခြင်းသည်… အမှားကြီး မှားပါတယ်.. လို့ပဲ ဆိုပါရစေ။

ရခိုင် နဲ့ ဘင်္ဂါလီ ကိစ္စဟာ ခိုးဝင်လာသူ လူမျိုးခြား ပြဿနာလို့ပဲ ရူ့မြင်ပါတယ်။ ဒါပေမယ့် နိုင်ငံသား မူဆလင် ဆိုတာ အခြေခံ ဥပဒေ အရ တရားဝင် ဘာသာတရား တခုပါ။ မူဆလင်ဆိုတာ လူမျိုးမဟုတ်၊ မြန်မာ လူမျိုးစစ်စစ် မူဆလင်တွေ အများကြီး ရှိပါတယ်။ မလေးလူမျိုး၊ အင်ဒိုနီးရှားမူဆလင်တွေက ကုလားမဟုတ်ပါဘူး။ တချို့က မူဆလင်ဘာသာကို တိုက်ခိုက်နေခြင်းကို နိုင်ငံနဲ့ လူမျိုးဘာသာ ကာကွယ်သလို ပြောနေတာ တွေ့ရပါတယ်။ တကယ်တော့ အခြေခံ ဥပဒေ ဘောင်ကို ကျော်ပြီး မင်းမဲ့စရိုက်လုပ်နေသူဟာ သမ္မတအဆင့်ပါရင်တောင် နိုင်ငံတော် ပုန်ကန်မှု ပါ။ ဥပဒေ စိုးမိုးရေး ရှိတဲ့ နိုင်ငံတွေမှာလို အခြေခံဥပဒေအရ နိုင်ငံသား တစ်ယောက်ရဲ့ မူလရပိုင်ခွင့် စည်းမျဉ်းဥပဒေအတိုင်းသာ သာကေတ မူဆလင်အဖွဲ့အစည်းက တရားစွဲရင် အဲဒီ ဖျက်ဆီးမှုမှာ ပါဝင်သူ အားလုံး ထောင်ကျနိုင်ပါတယ်။

ဒီတော့… ဘယ်လိုလုပ်မလဲ…
ကိုယ့်ရဲ့ လူမှု အသိုင်းအ၀ိုင်းထဲကို လူမျိုးခြား၊ ဘာသာခြား မ၀င်နိုင်အောင် ဘယ်လိုကာကွယ်မလဲ… အခြေခံ ဥပဒေ အရ လုပ်လို့ ရပါတယ်။

ဥပမာ…
အိန္ဒိယ နိုင်ငံမှာလို ဌာနေ (ဒေသခံ) များရဲ့ ဆန္ဒမပါပဲ ဘယ် ဒေသက တစိမ်းတစ်ယောက်မှ အဲဒီ ဒေသကို အတည်တကျပြောင်းရွှေ့ခွင့်၊ မြေ၀ယ်ခွင့်မရ… ဆိုတဲ့ ဥပဒေ မျိုးပါ။ ဒေသခံတွေ ကြည့်ဖြူတယ် ဆိုရင်တော့ ဘယ်လူမျိုး၊ ဘယ်ဘာသာမဆို ၀င်နေပေါ့။ ဒါက ဥပဒေ အရ စည်းမျဉ်းဘောင်အတွင်းက ကာကွယ်ရေး လုပ်တာ။ အိန္ဒိယ နိုင်ငံမှာလဲ ဘာသာရေး အတော်ရှုပ်ခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှ ဒီလိုနည်းနဲ့ ပြေလည်သွားပါတယ်။

အခု ထိုင်း နိုင်ငံမှာလဲ ဒီပုံစံ အတိုင်းပါ။ နိုင်ငံခြားသား တစ်ယောက်ကို အမြဲတမ်း နေထိုင်ခွင့် ပေးမယ် ဆိုရင် သူနေမဲ့ ရပ်ရွာ ဒေသခံတွေရဲ့ အများသဘောတူလက်ခံမှု ထောက်ခံချက်လိုပါတယ်။

လက်ရှိ အခြေခံဥပဒေ အရ ဆိုရင် မကြာခင်ကာလအတွင်း နာမည်မခေါ်သေးတဲ့ တရုတ်ပြည် မဟုတ်ရင်၊ အိန္ဒိယပြည် ဖြစ်သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပျက်ဆံချမ်းသာတဲ့ လူတွေ နေရာတကာ မြေ၀ယ်လို့ ရနေတာကိုး… ဒေသခံတွေရဲ့ ဆန္ဒရှိရှိ မရှိရှိ။ နေရာတကာ မြေဈေးရလာတာနဲ့ ဒေသခံတွေက ရောင်းမယ်။ ၀ယ်နိုင်တဲ့လူတွေက ဗမာလဲ မဟုတ်၊ ကချင်လဲ မဟုတ်၊ ဘယ်တိုင်းရင်းသားမှ မဟုတ်ဘူး၊ တရုတ် နဲ့ ကုလား အသိုင်းအ၀ိုင်းတွေပဲ ဖြစ်ပါတယ်။

အခုထိတော့ ၂၀၀၈ အခြေခံ ဥပဒေ ဆိုတာ ရှိတယ်။ အဲဒီ ဥပဒေ ကို မတော်လှန်ရဲတဲ့လူတိုင်းကတော့ လိုက်နာရမယ်။ အဲဒီ ဥပဒေ မကြိုက်ရင် အရင်ပြင်ရမယ်။ ဥပဒေ ဘောင်အတိုင်း မနေတတ်သေးသ၍ ဒီမိုကရေစီ နိုင်ငံ စစ်စစ်ကို သွားနိုင်မှာ မဟုတ်ပါ။ “ဥပဒေမှာ မည်သို့ပင် ဆိုစေကာမူ…” ဆိုတဲ့ မဆလ အတွေးအခေါ်နဲ့တော့ ဒီနိုင်ငံ ဒီဘ၀ ဒီမျှသာ ပဲ ရှိအုံးမှာပါ။

No comments:

Post a Comment