Pages

Friday, January 18, 2013

ရန်လိုမုန်းတီးတတ်လာအောင် ဘယ်သူတွေ သင်ပေးသလဲ?





ကျနော် တနေ့တော့ ရှမ်းပြည် တောမြို့လေး တနေရာမှာ ဗမာ လက်သမား မိသားစု နဲ့ အနီးအနားက ရှမ်းလူမျိုးမိသားစု တွေကြားက ကလေးတွေရဲ့ ဆက်ဆံရေး ကို ရုတ်တရက် သတိထားမိသွားတယ်။

အသက် ၂ နှစ် ခွဲ အရွယ် ဗမာမိသားစုထဲက ကောင်လေးက အနီးအနားမှာ ဆော့နေတဲ့ အသက် ၅ နှစ် အရွယ် ကလေးတသိုက် ကို တုတ် တစ်ချောင်းနဲ့ လိုက်ရွယ်တော့ အားလုံးထွက်ပြေးသွားပြီး သူတို့ မိဘ တွေကို တိုင်ကြတယ်။ ရှမ်းမိသားစုတွေက သူတို့ ကလေးတွေ သူများနဲ့ ရန်ဖြစ်လာတယ် ထင်ပြီး သူတို့ ကလေးတွေကို ဆူကြတယ်။ တုတ်ကိုင်တဲ့ ကောင်လေးရဲ့ အဖေက အနားမှာ သူ့သားရဲ့ လုပ်ရပ်အပေါ် ချီးကျူးတဲ့ အပြုံးနဲ့ ကြည့်နေတယ်။ ပြီးတော့ သူ့သားကို ဂုဏ်ပြုတဲ့ အနေနဲ့ အာပွားပေးပြီး ကောက်ချီလိုက်တယ်။

ကချင်လူမျိုးတွေနဲ့ ရှမ်းလူမျိုးတွေဟာ ဟိုးအရင်ကတည်းက ရှမ်း စော်ဘွား တွေ နဲ့ ကချင် ဒူဝါ ကြီးတွေ နယ်စပ်ချင်း ထိစပ်လျှက် အတူ နေလာခဲ့တာပါ။ ကချင်ဒူဝါတွေလဲ လူများတဲ့ နယ်ကလူတွေက လူနည်းတဲ့ ဒူဝါရဲ့ နယ်မြေ ပိုင်ဆိုင်မှုတွေကို မထိခဲ့သလို၊ သူများနယ်ထဲက တောကောင် မိလာရင် တရိုတသေ နဲ့ တောကောင် ပေါင်သား ဆက်သ တတ်ကြပါတယ်။ ရှမ်းစော်ဘွား တွေနဲ့လဲ ဒီလို ပေါင်းလာခဲ့တာ ရာစု နှစ်ပေါင်း များစွာ ကတည်းကပါ။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ကချင်လူမျိုးတွေဟာ စစ်တိုက်ခြင်းကို ရွှံ့မုန်းခဲ့ကြပြီး၊ အေးအေးချမ်းချမ်း နေလိုခြင်းကြောင့်လဲ၊ အောက်မြန်မာ ပြည်နဲ့ အတူလွတ်လပ်ရေး ရယူဖို့ ဆုံးဖြတ်ခဲ့ ဟန်တူပါတယ်။



ဒီနေ့ထိ မပြီးနိုင်တဲ့ ရန်ပွဲများရဲ့ နောက်ကြောင်း ပြန်ကောက်လိုက်မယ် ဆိုရင်၊ ကရင်တော်လှန်ရေးက စရပါမယ်။ ကရင်တော်လှန်ရေး စလာတာကလဲ ဖဆပလ ပါတီတွေကနေ အင်းစိန် ခ၀ဲခြံမှာ ရှိသော ကရင် အမျိုးသား အစည်းအရုံးကို ၀င်ရောက် တိုက်ခိုက်ခဲ့လို့ ဖြစ်လာရခြင်း ဖြစ်ပါတယ်။

၁၉၄၈ မှာ လွတ်လပ်ရေး ရပြီး ကတည်းက ကချင်ပြည်နယ်မှာ ၁၉၆၁ ခုနှစ်အထိ ဆယ်နှစ်ကျော် စစ်ပွဲ ဆိုတာ မရှိခဲ့ပါဘူး။ အဲဒီ အချိန်တုန်းက အောက်မြန်မာပြည်မှာ ရောင်စုံသူပုန်၊ ကွန်မြူနစ်၊ ကရင်တော်လှန်ရေး အုပ်စု တွေ ရန်ကုန် အစိုးရ ကို အကြီးအကျယ် တိုက်ခိုက်နေသော အချိန်လဲ ဖြစ်ပါတယ်။

ဖဆပလ နှစ်ခြမ်းကွဲခြင်း၊ ရောင်စုံသူပုန်များ နဲ့ ကရင်တော်လှန်ရေးများဟာ မြန်မာနိုင်ငံဟာ ဘယ်တုန်းကမှ ပြေလည်အောင် ညှိနှိုင်းအဖြေရှာတဲ့နည်း မကျင့်သုံးပဲ တိုက်ရေး ခိုက်ရေး ဇာတိသွင်းပေးပါတော့တယ်။

၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့ စတည်ထောင်လာခဲ့တဲ့ ရန်ကုန် သက္ကသိုလ် က ကချင်ကျောင်းသားများဟာ ၁၉၄၈ နဲ့ ၁၉၆၁ အတွင်း ကြီးပြင်းလာတဲ့ လူငယ်အုပ်စု တွေပါ။ အထူးသဖြင့် ရန်ကုန်မှာ ကျောင်းသက်ခဲ့တဲ့ ဒီလူငယ်တွေဟာ နိုင်ငံရေးကို အဖြေရှာတဲ့ နေရာမှာ အောက်မြန်မာပြည်မှာ သူတို့ အတွေ့အကြုံအရ လက်နက်ကိုင်တော်လှန်ရေး ဆိုတဲ့ သဘောတရားကို တခုထဲသော ဖြေရှင်းနည်း အဖြင့် သင်ယူခဲ့ကြပါတယ်။ ဒါကို ကချင်ပြည်နယ်က ၀ါရင့် ကချင် နိုင်ငံရေး သမားတွေက လက်နက်ကိုင် တော်လှန်ရေးကို အစပိုင်း လက်မခံ ခဲ့ကြပါဘူး။

ဒါကြောင့်လဲ ကေအိုင်အေ စပေါ်လာတုန်းက ကချင်အချင်းချင်း ၀ါဒ မတူပဲ သတ်ဖြတ်ခဲ့တဲ့ ရာဇ၀င်များ ရိုင်းခဲ့ကြတယ်။ မဆလ ပါတီဝင်များကို ပစ်မှတ်ထားပြီး လုပ်ကြံမှုတွေ တွင်တွင်ကျယ်ကျယ် ဖြစ်ခဲ့တယ်။ ဂျိန်းဖေါ့ မဟုတ်တဲ့ အခြားမျိုးနွယ်စု တွေက မဆလ ပါတီဝင် မို့လို့ လုပ်ကြံတယ် ဆိုတဲ့ အမြင် မရှိတော့ဘူး၊ မဆလ ဗဟို ကော်မီတီတွေကလဲ ပြဿနာ ပိုကြီးအောင် သွေးခွဲခဲ့တယ်။ လူမျိုးခြားမို့လို့ လုပ်တယ်၊ ဆိုတဲ့ သဘောတွေ ဖြစ်လာတော့၊ အခုထိ ပြန်ကုလို့ မရသေးတဲ့ အခြေအနေ ဖြစ်ခဲ့ရတယ်။

ဒါပေမယ့်၊ ကေအိုင်အေ တော်လှန်ရေး စလာတာနဲ့ အမျှ ဗမာ စစ်တပ်ရဲ့ ရက်စက် ကြမ်းကျွတ်တဲ့ အပြုအမူဟာ ကချင်ပြည်နယ် ဒေသခံပြည်သူများ အားလုံးညီတူမျှတူ ခံစားရပါတော့တယ်။ ထိုနည်းတူ ကေအိုင်အေ ဟာလဲ ဓါး နဲ့ တူမီး သေနတ် ဘ၀ ကနေ၊ လက်နက်မျိုးစုံ ကိုင်လာနိုင်ပြီး နောက်ထပ် ကချင်လူမျိုးစု ပေါင်းစုံထဲက လူငယ် အများအပြားဟာလဲ ကေအိုင်အေထဲ ၀င်သွားပါတော့တယ်။ အထူးသဖြင့် ၁၉၈၀ ကျော်လောက်မှာ ပိုပြီးအားကောင်းလာခဲ့ပါတယ်

သမိုင်း ကို ပြန်ပြီး ဆန်းစစ်လိုက်တဲ့ အခါမှာ ဗမာလူမျိုးတွေရဲ့ ခေတ် အဆက်ဆက်မှာ အင်္ဂလိပ် ခေတ်ကလွဲပြီး ဒီနေ့ထိ စစ်မတိုက်တဲ့ အချိန် မရှိသလောက်ပါ။ တခြားလူမျိုးတွေကတော့ ဗမာ လူမျိုးတွေနဲ့ စစ်မတိုက်တဲ့အချိန်တွေမှာ နားနေခဲ့တာ များပါတယ်။

ကနေ့ထိ မြန်မာ အစိုးရ လူကြီးပိုင်းက အစ၊ တိုက်မယ်၊ ခိုက်မယ်၊ ဆိုတဲ့သဘောတရားတွေကို ဂုဏ်ယူဝံ့ကြွားပြီး ပြောတတ်တာ တွေ့ရပါတယ်။ အထူးသဖြင့်၊ စစ်တပ် အတိုင်းအ၀ိုင်းရဲ့ အပြောအဆိုများကို ကြည့်ရင် စစ်တိုက်ခြင်းကို ခုံမြင်နေတာ တွေ့ရပါတယ်။ ဇာတိသွေး၊ ဇာတိမာန် ဆိုတဲ့ အသုံးအနှုန်းများ၊ သွေးကစကားပြောပါတယ်လေ၊ ဆိုတဲ့ အသုံးအနှုန်းများ၊ သူရဲကောင်း ဆိုတဲ့ အသုံးအနှုန်းများကို မိန်ရည်ယှက်ရည် ပြောနေတဲ့ အချိန်၊ သူတို့ တိုက်ခိုက်ပြီး သေကြေနေတဲ့ အသက်များ၊ သူတို့ သူရဘွဲ့ရထားတဲ့ တိုင်းရင်းသား လူသတ်မှုဖြစ်စဉ်တွေကို မဲ့ထားတတ်ပါတယ်။

သခင်မျိုးဟေ့ ဒို့ဗမာ ဆိုပြီး ကြွေးကြော်နေတဲ့ အချိန် အနီးအနားမှာ သူတို့တိုက်ခိုက်ခဲ့တဲ့ တိုင်းရင်းသားများရှိနေတာတောင် သတိမရတတ်ပါဘူး။ နိုင်ငံပိုင် တီဗီထဲကနေ စစ်ချီတေး၊ စစ်သည်တေးများ လွင့်လျှက် တိုင်းရင်းသားများကို တိုက်ခိုက်တဲ့ သတင်းများ၊ တိုင်းရင်းသားများကို ချေမုန်းခဲ့တဲ့ သတင်းများကို အားရပါးရ လွင့်နေတဲ့ အချိန်၊ ခံနေရတဲ့ တိုင်းရင်းသားများ ရင်ထဲမှာ ဘယ်လိုခံစားရမယ် ဆိုတာ သူတို့ သတိတရ ရှိပုံ မပေါ်ပါဘူး။

ဒီနေ့ တိုင်းရင်းသားများကို တိုက်ခိုက်ချင်လာအောင် သွေးကြွပေးခဲ့တာ၊ ခင်များတို့ပါ။

1 comment:

  1. "ရှမ်းမိသားစုတွေက သူတို့ ကလေးတွေ သူများနဲ့ ရန်ဖြစ်လာတယ် ထင်ပြီး သူတို့ ကလေးတွေကို ဆူကြတယ်။ တုတ်ကိုင်တဲ့ ကောင်လေးရဲ့ အဖေက အနားမှာ သူ့သားရဲ့ လုပ်ရပ်အပေါ် ချီးကျူးတဲ့ အပြုံးနဲ့ ကြည့်နေတယ်။ ပြီးတော့ သူ့သားကို ဂုဏ်ပြုတဲ့ အနေနဲ့ အာပွားပေးပြီး ကောက်ချီလိုက်တယ်။" - ဒါကို ဗမာအများစုက မမြင်နိုင်ကြပါဘူး။ စိတ်ဓါတ် အခြေခံမှာကိုက ကွာနေတာပါ။


    "ကရင်တော်လှန်ရေး စလာတာကလဲ ဖဆပလ ပါတီတွေကနေ အင်းစိန် ခ၀ဲခြံမှာ ရှိသော ကရင် အမျိုးသား အစည်းအရုံးကို ၀င်ရောက် တိုက်ခိုက်ခဲ့လို့ ဖြစ်လာရခြင်း ဖြစ်ပါတယ်။" - ဒီကိစ္စကိုလည်း ဗမာတွေ မသိချင်ကြပါဘူး။ ငါတို့ကို ခံလုပ်တဲ့ကောင်မှန်သမျှ လူဆိုးလို သမုတ်ပြီး အပြုတ်ဆော်ဆိုတဲ့ စိတ်မျိုးတွေ မွေးခဲ့ မွေးနေဆဲပါ။

    ReplyDelete