မြန်မာနိုင်ငံ ဆင်းရဲရခြင်းရဲ့ အဓိက သော့ချက်ကတော့ စစ်စရိတ်ထောင်းလို့ ဖြစ်ပါတယ်။ စစ်စရိတ်ထောင်းလာခဲ့ရခြင်းသည် ပြည်တွင်းစစ်ကြောင့် ဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်လာရခြင်းသည် တိုင်းရင်းသားတွေက ကိုယ့်နယ်ကိုယ် အုပ်ချုပ်ပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆုံးရှုံးခြင်းအပေါ် ဆွေးနွေးတိုင်ပင်ဖို့ အခွင့်အရေး မရှိခဲ့လို့ တိုက်ပွဲဝင်လာရခြင်း ကြောင့် ဖြစ်တယ်။
ဒါကို ဘာများ အလိုမကျ စရာ ရှိသလဲ? ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် (self-determination) သာ ဖြစ်တယ်။ အဲဒါကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်အားလုံး (အစိုးရကို ကပ်ဖါးစားနေတဲ့ တိုင်းရင်းသားစီးပွါးရေးသမားများ မပါ) တညီတညွတ်ထဲ တောင်းဆိုလာခဲ့တာပါ။ ဗမာ လူမျိုးအထဲမှလဲ ဒေါ်အောင်ဆန်းစုကြည်လို ပညာတတ် ပုဂ္ဂိုလ် နိုင်ငံရေးသမား အစစ်အမှန်များက ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးရေး ကို လက်ခံပြီးသား၊ ပြောလဲ ပြောပြီးသား ဖြစ်တယ်။
ဆိုတော့… ဘယ်သူ့ကြောင့် မပြေလည်နေရတာလဲ?
၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ ၉ (က) မှာ တိုင်း ဒေသကြီး (၇) ခု နှင့် ပြည်နယ် (၇) ပြည်နယ် တို့သည် အဆင့်အတန်းတူညီကြသည်။… လို့ဆိုထားလေတော့…. အမှန်မှာ အဆိုပါ တိုင်း (၇) တိုင်းဟာ ဗမာ ပြည်နယ် တခုထဲကို ခွဲလိုက်တာဖြစ်တယ်။
ကချင် ပြည်နယ် = ဗမာ တိုင်း
ကယား ပြည်နယ် = ဗမာ တိုင်း
ကရင် ပြည်နယ် = ဗမာ တိုင်း
ချင်း ပြည်နယ် = ဗမာ တိုင်း
မွန် ပြည်နယ် = ဗမာ တိုင်း
ရခိုင် ပြည်နယ် = ဗမာ တိုင်း
ရှမ်း ပြည်နယ် = ဗမာ တိုင်း
ဒီနေရာမှာ နိုင်ငံတော် ဘက်ဂျက် ဆွဲလိုက်တဲ့ အခါမှာ ဗမာ ပြည်နယ်က အလိုလို ဝေစု (၇) စု ရနေပြီးသား။
ဒီတော့
ကချင် တစ်ကျပ် = ဗမာ တစ်ကျပ်
ကယား တစ်ကျပ် = ဗမာ တစ်ကျပ်
ကရင် တစ်ကျပ် = ဗမာ တစ်ကျပ်
ချင်း တစ်ကျပ် = ဗမာ တစ်ကျပ်
မွန် တစ်ကျပ် = ဗမာ တစ်ကျပ်
ရခိုင် တစ်ကျပ် = ဗမာ တစ်ကျပ်
ရှမ်း တစ်ကျပ် = ဗမာ တစ်ကျပ်
အားလုံးပေါင်းလိုက်တော့ ဗမာ က (၇) ကျပ် ရနေတဲ့ အချိန် တိုင်းရင်းသားတွေက တစ်ကျပ်တောင် မနည်းမနည်း တောင်းယူရမဲ့ အနေအထား ဖြစ်နေတာပါ။
ဒီလို ရေးလိုက်လို့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားစေမဲ့ အရေးအသား လို့ ပြောပါလိမ့်မယ်။ ဒါက ပျက်နေပြီးသား ပြဿနာကို ထောက်ပြတာ။ ဒီလိုဟာတွေက နိုင်ငံရေး မသိနားမလည်တဲ့ လူတွေ တန်းတူ ညီမျှ အခွင့်အရေး ဆိုတာ ဘာမှန်းသိမှာ မဟုတ်ပါ။
အပေါ်က ခွဲတန်း မညီမျှမှု ပြဿနာ ထားပါ။
အခု ကျနော်တို့ တိုင်းရင်းသားတွေက ဗမာ တွေ (၇) ကျပ် မက ရနေတာကို ငြိုဆူတာ မဟုတ်။ ပဲနိ တစ်ကျပ် ဝေစုလေးတောင် အပြည့် မရလို့ ဖြစ်နေတဲ့ ပြဿနာ ပါ။ တစ်နည်းပြောရရင် အဲဒီ မရှိမဲ့ ရှိမဲ့ တစ်ကျပ် ခွဲတန်းလေးကို အပြည့်ရဖို့ တောင်းနေတာ။
မြန်မာပြည်လို့ပဲ ပြောပြော၊ ဗမာ ပြည်လို့ပဲ ပြောပြော ကချင်တွေက သိပ် ဂရုစိုက်တာ မဟုတ်၊ အရေးကြီးတာ နာမည် မဟုတ်။ လက်တွေ့ကျတဲ့ စနစ်ဖြစ်တယ်။ လူကို မှီခိုတဲ့ နိုင်ငံရေး စကား မပြောဘူး၊ စနစ်ကို လက်တွေ့ကျကျ ကျင့်သုံးသလား၊ ဆိုတာ ကြည့်နေတာပါ။
သမ္မတက ထိုးစစ် မဆင်ဘူး လို့ ပဲ ပြောပြော၊ မြ၀တီက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး သီချင်း ဘယ်လောက် လွင့်လွင့်၊ လူလိုကျင့်ကြံပြီး လူလို သိတတ်မှ ငြိမ်းချမ်းရေး ဆိုတာ တကယ် ဖြစ်လာပါမယ်။
ကိုယ့်နယ်၊ ကိုယ်ဇာတိ ကိုယ် အုပ်ချုပ်ပိုင်ခွင့် တောင်းတာ ဘာများ အလို မကျစရာ ရှိသလဲ? ကမ္ဘာ့နိုင်ငံ အတော်များများမှာ ဒီလိုပဲ ကိုယ့်နယ် ကို အုပ်ချုပ်နေကြပါတယ်။ မကောင်းတာ ဘာမှ မရှိပါ။
မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ရာသီဥတုမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးကို ငြင်းပယ်ပြီး ငြိမ်းချမ်းရေး စကားပြောတာသည်၊ ရိုင်းရိုင်း ပြောရရင် ကိုယ့်မိန်းမ ကိုယ် လိင်မဆက်ဆံပဲ ကလေးမွေးပါသည်၊ လို့ ပြောနေတာနဲ့ အတူတူပါ။ လိင်မဆက်ဆံပဲ ခင်များ မိန်းမ ကလေးမွေးကောင်းမွေးမယ် သို့သော် သူများဟားစရာ ဖြစ်မှာပေါ့။ မိသားစု အစစ်အမှန်တော့ ဘယ်ဟုတ်တော့မလဲ။ ဆိုလိုချင်တာ သဘာဝ မကျတာကို ပြောတာပါ။ ဖေါက်ပြန်တတ်တဲ့ သဘောနဲ့ အဆင်ပြေတာကို ကြိုက်သလား? သဘာဝကျကျ ခင်များမိန်းမ ကလေးမွေးတာကို ကြိုက်သလား? ဆိုတာ စဉ်းစားဖို့ပါ။
ကိုယ့်ပြည်နယ် ကိုယ် အုပ်ချုပ်ပိုင်ခွင့်တောင်းတာ လွန်စရာ အကြောင်းမရှိပါ။ လောကပါလ တရားနဲ့လည်း ကိုက်ညီပါတယ်။ ဘာသာတရားနဲ့လည်း ကိုက်ညီပါတယ်။ ခိုးဆိုးလုယှက်ခြင်းမဟုတ်။ လိမ်လည် လှည့်ဖျားခြင်းမဟုတ်။ သူများပစ္စည်းလုခြင်းလည်းမဟုတ်။ သူများစည်းစိမ်လုနေတာလည်း မဟုတ်။ ကိုယ့်ကံကြမ္မာအတွက် ကိုယ်အလုပ်လုပ်နေခြင်းသာ ဖြစ်သည်။
No comments:
Post a Comment