Pages

Thursday, November 8, 2012

နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု အတွက် ကောင်းမွန်သောအစိုးရ အဆင့် သတ်မှတ်ချက်


မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု မြင့်မားနေခြင်းသည်၊ အနောက်နိုင်ငံများ၏ စီးပွါးရေး ပိတ်ဆို့ထားခြင်း (Sanction) ကြောင့်ဖြစ်တယ်၊ လို့ စစ်ခေါင်းဆောင်များ က ဝေဖန်တတ်လေ့ ရှိပါတယ်။
ဆိုင်သလား၊ မဆိုင်ဘူးလား ဆိုတာ ကြည့်ကြရအောင်ပါ။ စင်ကာပူ အခြေစိုက် VRIENS & PARTNERS အဖွဲ့ဟာ နိုင်ငံတကာ စီးပွါးရေး ရင်းနှီးမြုပ်နှံမှုမှာ စီမံခန့်ခွဲမှု စိတ်ချရတဲ့ အစိုးရ ကောင်း (good governance) အဆင့် သတ်မှတ် ပေးလေ့ရှိပါတယ်။ ၂၀၁၁ နှစ်အတွက် အာရှ ပစိပ်ဖိတ်ဒေသ နိုင်ငံ ၁၉ နိုင်ငံ ကို မဏ္ဍိုင် ၆ ခု (Six Pillars) နဲ့ တိုင်းတာပြီး အဆင့်သတ်မှတ် ရာမှာတော့ မြန်မာ နိုင်ငံက အားလုံးရဲ့ အောက်ဆုံး အဆင့် ၁၉ ဆွဲပါတယ်။ Laos နိုင်ငံ တောင် မြန်မာနိုင်ငံ အဆင့်ရဲ့ အပေါ်မှာပါ။ အံ့သြဖို့ကောင်းတာက စီးပွါးရေး ပိတ်ဆို့တာနဲ့ လားလားမျှ မဆိုင်တာ တွေ့ရပါတယ်။


အဲဒီ အဆင့်သတ်မှတ်ချက် မဏ္ဍိုင် ၆ ခု က တော့

(၁) ဥပဒေစိုးမိုးရေး (Rule of Law)
- မြန်မာပြည်မှာ သိတဲ့ အတိုင်း ဗိုလ်ချုပ်များက ဥပဒေ ရဲ့ အပေါ်မှာ ခွထိုင်ထားတယ်၊ သူတို့ပါးစပ်က အရက်နံ့နဲ့အတူ ထွက်လာတဲ့ စကားက ဥပဒေ ထက်ပြင်းတယ်။ လိုတမျိုး၊ မလိုတမျိုး သုံးတဲ့ ဥပဒေမျိုးကလဲ ဖေါင်းပွနေတယ်။ ဗြိတိသျှ ခေတ် ဥပဒေ တောင် ပါသေး။ ဒီလိုနဲ့ အုပ်ချုပ်တာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။

(၂) နိုင်ငံတကာ စီးပွါးရေး နှင့် ကုန်သွယ်မှုမှာ ထင်သာမြင်သာ ရှိမှု (Openness to International Trade & Business)
- ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း လောက်က ဘယ်အချိန်၊ ဘာ တင်ပို့မှန်းလဲမသိ၊ ပြည်သူအများပိုင်းက ဘယ်သူ့ကို လျှောက်လွှာတင်ရမှန်းမသိ၊ ဘယ်ဌာန အရေးကြီးမှန်းလဲ မသိ၊ ဘယ်နေ့ ဘာ လုပ်ပိုင်ခွင့် ချပေးမှန်းလဲ မသိ။ ဘာတင်သွင်းခွင့်ရှိမှန်းလဲ မသိ။ အများသိအောင်လဲ မကြေငြာ။ ဖုံးဖုံးဖိဖိ နဲ့ လုပ်စားနေတဲ့ အုပ်စုသာလျှင် ရှိသမျှ လုပ်ပိုင်ခွင့် အားလုံးသိမ်းကျုံး ယူလိုက်မှ... အော်.. သူက ကားပါမစ်..... ဟော.. နောက်တစ်ယောက်က ကိုယ့်ရဲ့ဘိုးဘွားပိုင် ခြံမြေ ယာမြေ ရဲ့ ပိုင်ရှင်ဖြစ်သွား၊.. ဟိုအဖွဲ့က ရှိရှိသမျှသယံဇာတ အားလုံး ပိုင်သ တော်မူသော အရှင်သခင်ဖြစ်သွား... ဒီအဖွဲက ထွက်ကုန်အားလုံးရဲ့ သခင်ဖြစ်သွား.... ဆိုတာမျိုးတွေပေါ့။ အခုလဲ ဒေါ်စု ပြောနေပြီ၊ ရခိုင်ကမ်းလွန် သဘာဝ ဓါတ်ငွေ့နဲ့ရေနံ တင်ပို့ရောင်းချမှုမှာ ထင်သာ မြင်သာ မရှိဘူး တဲ့လေ။ ဘယ်သူတွေ ဘာလုပ်နေမှန်းလဲမသိ။ အစိုးရက ဘယ်လောက်ပိုင်မှန်းလဲ မသိ။ အစုရှယ်ယာ ဘယ်သူ ဘယ်လောက်ရမှန်းလဲ မသိ။ အစုရှယ်ယာကို ပြည်သူတွေ ၀ယ်ပိုင်ခွင့် ရှိမှန်း၊ မရှိမှန်း မသိ။ ၀န်ကြီးအဖွဲ့နဲ့ ပြီးတာလား၊ လွတ်တော်မှာ တရားဝင် ဆုံးဖြတ်ပြီးလုပ်တာလား။ ဘာမှမသိ။ နိုင်ငံ့အလယ်ဗဟိုတည့်တည့် ပိုင်းပြီး ပိုက်လုံးတန်းကြီးကတော့ ပြီးခါနီးပြီ။

(၃) နိုင်ငံရေး တည်ငြိမ်မှု (Political Stability)
- သိတဲ့ အတိုင်း လွတ်လပ်ရေး ရကတည်းက ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေ၊ လုံခြုံ စိတ်ချရမှု မရှိ။

(၄) အခွန် စည်းကြပ်မှု (Taxation)
- မြန်မာနိုင်ငံကို လာတဲ့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေ စိတ်အဆင်းရဲဆုံးမှာ အခွန် ဘယ်မှာ ဆောင်ရမလဲ ဆိုတဲ့အချက် ဖြစ်ပါသတဲ့။ လမ်းကြောရှင်းတဲ့ကိစ္စ သူတို့ နားမလည်ပါ။  ၀န်ကြီးအိမ်မှာလား၊ လက်ဖက်ရည်ဆိုင်မှာလား၊ ၀ါးတားဂိတ် (၀ါးလုံးနဲ့ တားပြီးတောင်းတဲ့ ဂိတ်တွေ) မှာ ဆောင်ရင် ပြီးတာလား၊ ဘယ်တော့ ဆောင်ရမလဲ၊ ဘယ်လောက် ဆောင်ရမလဲ၊ ဘယ်ရုံးမျာ သွားရမလဲ၊ တခါ ဆောင်ပြီးရင် ပြီးပြီလား။ ဘာမှ ရှင်းရှင်းလင်းလင်းမရှိတဲ့ နေရာမှာ အခွန်ဆောင်မဲ့ကိစ္စသည် သူတို့လုပ်ငန်းကို စီမံခန့်ခွဲတာထက် ပိုခက်တယ်တဲ့။

(၅) အကျင့်ပျက်ချစားမှု (corruption)
- ဒီအကြောင်းကတော့ အားလုံးသိတဲ့အတိုင်း နိုင်ငံတကာ စံတင်ထားတဲ့အကြောင်း မို့လို့ ထူးထူးထွေထွေ ပြောစရာ လိုမယ် မထင်။ မြန်မာနိုင်ငံရဲ့ ၀န်ထမ်း (စစ်ဗိုလ်အပါအ၀င်) များ၏သားသမီး များ စင်ကာပူကျောင်းတွေမှာ၊ International School တွေမှာ၊ တလ ဆယ်သိန်းအထက် အကုန်ခံနိုင်တယ် ဆိုတော့၊ မိုးပေါ်က ကျလာတဲ့ ငွေတော့ မဟုတ်လောက်ပါ။

(၆) ဘဏ္ဍာရေး နှင့် ငွေကြေး ဆိုင်ရာ စီမံခန့်ခွဲမှု (Fiscal & Monetary Administration)
- မြန်မာ ပြည်သူတွေ စိတ်အဆင်းရဲဆုံးကတော့ တလိမ့်လိမ့် တက်နေတဲ့ ကုန်ဈေးနှုန်းပါ။ ပြည်သူတွေက ကုန်ဈေးတက်တယ် လို့ပဲ မြင်တတ်တာလေ။ အစိုးရ က ကျပ်ငွေလိုတိုင်း စာရွက်လိမ့်လိမ့် ထုတ်ပြီး ပြည်သူတွေမှာ ရှိနေတဲ့ ကျပ်ငွေ တန်ဖိုး ကျကျ သွားတာ မသိကြပါ။ အစိုးရက ပြည်သူတွေဆီက လုပ်အားတန်ဖိုး ညစ်ယူတဲ့ သဘောပါ။ သိတဲ့လူတွေကတော့ ရွှေဝယ်စုပေါ့။ အခုလဲ ပြည်သူတွေမှာ တကယ်လိုအပ်နေတာ ငွေအကြွေ၊ အစိုးရထုတ်တာ ကျပ် တစ်သောင်းတန်။ ဒီတော့ ကျပ်ငွေ တန်ဖိုး လိမ့်ဆင်းနေပြီပဲ မဟုတ်လား။ ပြည်သူများကို ထင်သာ မြင်သာ ချပြလေ့မရှိ၊ လိုသလောက်လိမ့်ထုတ်နေတဲ့ ငွေစက္ကူ သည် ဖေါင်းပွ ချင်သလောက် ဖေါင်းပွနေတာ၊ နောက်နောင်လဲ ဘယ်ဂဏန်းထိ ထိုးတက်အုံးမည် မသိပါ။

ဆင်းရဲမွဲတေမှု လျှော့ချရေး (Poverty Reduction) နဲ့ ကောင်းမွန်တဲ့ အစိုးရ (good governance) ဖြစ်အောင် လုပ်မယ် ဆိုပြီး မိန့်ခွန်းပြောနေတဲ့ သမ္မတကြီးအနေနဲ့ တကယ်တမ်း အပြောနဲ့အလုပ် ညီပါရဲ့လား ဆိုတာ တိုင်းတာကြည့်ဖို့ တင်ပြလိုက်ခြင်းဖြစ် ပါတယ်။

Ref: http://www.vrienspartners.com/wp-content/uploads/2012/02/VP-2011-Good-Governance-for-International-Business-Index.pdf

kachinduwa@gmail.com

No comments:

Post a Comment