Pages

Saturday, November 10, 2012

ကြက်ဥ အရင် ရှိတာလား၊ ကြက်မ အရင် ရှိတာလား?

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလောက ကို ပြောမယ် ဆိုရင် ခရိုနီ စီးပွါးရေး လောကလဲ မပါ မဖြစ် ပြောရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အာဏာရှင် စနစ် (၀ါ) ဗဟိုချုပ်ကိုင်မှု စနစ်ကို မောင်းနှင်တဲ့ နေရာမှာ ခရိုနီ စီးပွါးရေးသမားတွေရဲ့ အခန်း ကဏ္ဍကလဲ အရေးပါနေလို့ပါပဲ။
ဒါပေမယ့် အခုထိ ဝေခွဲမရ ဖြစ်နေတာက ခရိုနီ စီးပွါးရေး လောကကြောင့် အာဏာရှင်ရှိနေတာလား၊ အာဏာရှင်ကြောင့် ခရိုနီ စီးပွါးရေး လောက ပေါ်လာတာလား? ဆိုတဲ့ အချက်ပါ။ သေခြာတာကတော့ တခုနဲ့ တခု အမှီတဟဲပြုနေတယ် ဆိုတာပါပဲ။

စီးပွါးရေး သမားတွေရဲ့ အကြိုက်ဆုံး နိုင်ငံရေး လမ်းစဉ်ကတော့ ဗဟိုချုပ်ကိုင်မှု စနစ်ပါ။ ဒီမိုကရေစီ မဟုတ်ပါဘူး။ အထူးသဖြင့် ဒီမိုကရေစီ ခေါင်းစဉ်တပ်ထားတဲ့ မြန်မာ အစိုးရ လို ဗဟိုချုပ်ကိုင်မှု စနစ် ဟာ စီးပွါးရေး သမားများ အကြိုက်ဆုံး ဖြစ်ပါတယ်။ သိက္ခာလဲ ရှိတယ်၊ စီးပွါးလဲ ဖြစ်မယ်။ အာဏာရှင်စနစ်တိုင်းကလဲ ဗဟိုချုပ်ကိုင်မှု စနစ် ဖြစ်တာကြောင့် ခရိုနီ အကြိုက်ဖြစ်လာတဲ့ သဘောပါ။

စီးပွါးရေး သမား ဆိုတဲ့ နေရာမှာ သာမန် အသေးစား တနိုင်တပိုင် စီးပွါးရေး သမား များကို ပြောခြင်းမဟုတ်။ အကြီးစား စက်မှု၊ လက်မှု လုပ်ငန်းရှင်တွေကို ပြောတာပါ။

အကြောင်းကတော့

ဗဟိုချုပ်ကိုင်မှု စနစ်ဟာ အကြီးစား စက်မှုလုပ်ငန်းရှင် ကြီးတွေ အတွက် လုပ်ရကိုင်ရ တာ သက်တောင့်သက်သာ ရှိလှပါတယ်။
(၁) စက်ရုံထောင်မလား၊ စက်မှုဇုန်လုပ်ငန်းအတွက်၊ မြေနေရာ ရလွယ်ခြင်း။ အလွယ်တကူ သိမ်းနိုင်တယ်။
(၂) လုပ်ငန်းလိုင်စင်လုပ်မလား၊ ၀န်ကြီးနဲ့ အထက်လူကြီးပိုင်းနဲ့ အဆင်ပြေရင် ရပြီ။
(၃) အခွန်ရှောင်မလား၊ အထက်လူကြီးတွေနဲ့ အဆင်ပြေရင် ဘာမဆိုဖြစ်နိုင်တယ်။
(၄) နိုင်ငံ ရပ်ခြားနဲ့ ကုန်ဖလှယ်မလား၊ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းအတွက် ဗဟိုက လူကြီးနဲ့ အဆင်ပြေရင်လွယ်တယ်။
(၅) အလုပ်သမားအရေး၊ လူ့အခွင့်အရေး ဂရုစိုက်စရာ မလို၊ အထက်လူကြီးနဲ့ ငြိလိုက်ရင် ရတယ်။
ဒီလိုနဲ့ အရာရာအားလုံး အဆင်ပြေနိုင်တာကြောင့် ဗဟိုချုပ်ကိုင်မှု စနစ်ဟာ စီးပွါးရေး သမားတွေအတွက် သုခ ဘုံ ဖြစ်နေရတာပါ။

ဥပမာ အနေနဲ့ကြည့်မယ် ဆိုရင်…..

အမေရိကန် ကုမ္မဏီ၊ Apple Company လို အကြီးစား စက်မှု ထုတ်ကုန်လုပ်ငန်း တွေဟာ အိန္ဒယ (ဖက်ဒရယ် ဒီမိုကရေစီ၊ အောက်-အထက်) အစား တရုတ် (ကွန်မြူနစ်၊ တစ်ပါတီ ဗဟိုချုပ်ကိုင်မှုစနစ်၊ ထက်-အောက်) ကို ရွေးပါတယ်။ နောက် ဗီယက်နမ် လိုက်လာတယ်။ ထိုင်း နဲ့ ဖိလိပိုင် နိုင်ငံမှာ အစပိုင်း အလုပ်ဖြစ်နေတဲ့ လုပ်ငန်းတွေတောင် ဗီယက်နမ် နိုင်ငံ ကို ပြောင်းသွားကြတယ်။ အရင်တုန်းက အမျိုးသားရေး စိတ်ဓါတ် ပြင်းထန်တဲ့ ကွန်မြူနစ် နိုင်ငံတွေမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လက်မခံ လို့သာ တခြား နိုင်ငံရေး တည်ငြိမ်တဲ့ နိုင်ငံတွေကို သွားကြတာပါ။

အခု ထိုင်း နဲ့ ဖိလိပိုင် နိုင်ငံမှာရှိနေတဲ့ စက်မှုကုန်ထုတ် လုပ်ငန်းတွေဟာ အရင် ဗဟိုချုပ်ကိုင်မှု မလျှော့သေးခင်က ၀င်လာပြီး နေရာ ရနေတဲ့ လုပ်ငန်းတွေပါ။ အခု ဗဟိုချုပ်ကိုင်မှုစနစ် လျှော့လိုက်တဲ့ နောက်ပိုင်း မရှိသလောက် နည်းသွားပါပြီ။ ဒါပေမယ့်၊ သူတို့ နိုင်ငံ စီးပွါးရေး ကျမသွားတဲ့အပြင်၊ ပိုတောင် တက်လာပါတယ်။ အကြောင်းကတော့ ဗဟိုချုပ်ကိုင်မှု စနစ်လျှော့လိုက်တော့ နိုင်ငံသားတိုင်း စီးပွါးရေး တက်လာလို့ပါ။ ခရိုနီ အဖွဲ့တော့ ပြောင်သွားတာပေါ့။

ထိုင်းနိုင်ငံ ရာယောင်းခရိုင်က စက်မှုဇုံ တချို့ ဒေသခံ ပြည်သူတွေ ဆန္ဒပြလို့ ဖြုတ်သိမ်းလိုက်ရတဲ့ နောက်ပိုင်း ထိုင်းနိုင်ငံမှာ စက်မှုဇုံနယ်မြေများ အသစ်ထပ်ရဖို့ မသေခြာတော့တဲ့ အချိန်မှာ မြန်မာနိုင်ငံလို နယ်မြေသစ် ပေါ်လာပါတယ်။

အခုချိန်မှာတော့ မြန်မာ နိုင်ငံဟာ အစိုးရကလဲ စီးပွါးရေးသမားများ အကြိုက်ပုံစံ ဗဟိုချုပ်ကိုင်မှု စနစ် ဖြစ်နေတာက တကြောင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို အငန်းမရ ဖိတ်ခေါ်နေတာက တကြောင်း၊ တနိုင်ငံလုံးရှိ မြေနေရာတွေကို ဗဟိုကော်မီတီက စိတ်ကြိုက်သိမ်းနိုင်တဲ့ ဥပဒေ ထုတ်ထားတာက တကြောင်း၊ စီးပွါးရေး လုပ်ငန်းရှင်တွေ သွားရည်ကျနေပါပြီ။

အမေရိကန် နဲ့ ဥရောပ ဆိုရင် ပြီးခဲ့တဲ့ နှစ်တွေ တောက်လျှောက် စီးပွါးရေးကျနေတာ နဲ့ ဣနြေ္ဒ တောင် မဆည်နိုင်ပဲ မြန်မာ နိုင်ငံသို့ အငန်းမရ ၀င်ဖို့ ပြင်နေပါတယ်။ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကြောင့်လို့ ခေါင်းစဉ်တပ်တာက သူတို့ သိက္ခာအတွက်ပါ။ တကယ်တော့ သူတို့ရဲ့ ကော်ပိုရေးရှင်းကြီးတွေ အတွက် နယ်မြေသစ် ၀င်လုခြင်းပါပဲ။ မဟုတ်ရင် တရုတ်လက်ထဲ ၀ ကွက်အပ်လိုက်ရမှာ သူတို့ သိနေပါတယ်။

သနားစရာ ကောင်းတာက မြန်မာ နိုင်ငံသား လူများစု၊ တောင်သူလယ်သမားတွေရဲ့ ဘ၀ ပါ။ သိပ်မကြာခင်မှာ အခုထက် အဆပေါင်း မြောက်များစွာ လယ်သိမ်း၊ ယာသိမ်း ဇာတ်လမ်းလေးတွေ သတင်းအဖြင့်ပဲ ဖတ်လိုက်ရပြီး၊ တာဝန်ယူဖြေရှင်းပေးမည့် အစိုးရ ဌာန မရှိ ဖြစ်နေအုံးမှာပါ။ အကြောင်းကတော့၊ ဗဟို အစိုးရ နဲ့ လုပ်ငန်းရှင်ကြီးတွေက ဥပဒေအရ အားလုံး အနိုင်ယူထားလို့ပါပဲ။ ဗဟိုအစိုးရသို့ လက်လှမ်းမမီ တဲ့ လယ်သမားများ၊ အစိုးရမှာ မြေနေရာ မှတ်ပုံတင်ကြေးမတတ် နိုင်တဲ့ ယာသမားများကတော့ ဘိုး၊ဘွား ပိုင်မြေ လက်လွတ်ရုံမှ တပါး၊ တခြားကယ်ပေးမဲ့ လူမရှိပါဘူး။

ဒီတော့….

ဗဟိုချုပ်ကိုင်မှု စနစ်ဟာ စီးပွါးရေးလုပ်ငန်းရှင်တွေ အတွက်အဆင်ပြေသလို၊ အဲဒီ စီးပွါးရေးလုပ်ငန်းရှင်တွေကလဲ အာဏာရှင် ဆက်လက်ရှင်သန်ဖို့လဲ တွန်းအားတွေ ပေးသွားမှာပါ။ မြန်မာ နိုင်ငံရဲ့ ဘ၀ကတော့ ဇာတ်မျောခန်းနဲ့ပဲ ဆက်လက်သွားအုံးမဲ့သဘော လို့ မြင်ပါတယ်။

ဒါပေမယ့်….

လတ်သလော ငတ်ပြတ်နေတဲ့ မြို့နေလူတန်းစား လက်လုပ်လက်စားများအတွက်တော့ အခိုက်အတန့် အလုပ်အဆင်ပြေမှာပါ။ သို့သော် တသက်လုံး လုပ်ငန်းရှင်တွေရဲ့ ကျွန်ပါပဲ။ ရလိုက် ကုန်လိုက်နဲ့ ကမ္ဘာ့ စီးပွါးရေး ထုတ်ကုန် လိုအပ်ချက်ရဲ့ စက် ယန္ဒရား လေးတွေပေါ့။

Duwa Kachin

No comments:

Post a Comment